
ထိုင်းနိုင်ငံရနောင်းမြို့တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အသက် ၁၇ နှစ်အရွယ် ထိုင်းကျောင်းသူလေး၏ ရုပ်အလောင်းကို ၂၀၁၅ စက်တင်ဘာ ၂၈ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ပြီးနောက် မရိုးနိုင်သည့် ဇာတ်လမ်းတစ်ပုဒ် အစပြုခဲ့ပြန်သည်။
ထိုင်းကျောင်းသူ အသတ်ခံရပြီး တစ်လနီးပါးကြာအောင် လက်သည်တရားခံ မမိသည့်နောက် ထိုင်းရဲများ၏ အာရုံက မြန်မာလုပ်သားများဘက်လှည့်လာခဲ့ပြီး မရိုးနိုင်သည့် တရားခံရှာဖွေရေးဇာတ်လမ်းတစ်ပုဒ် တင်ဆက်ခဲ့သည်။
ရနောင်းသည် မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံးမှ ကော့သောင်းမြို့ နှင့် ကပ်လျက်ဖြစ်ပြီး မြန်မာပြည်မှ တရားဝင်အလုပ်သမားများရော၊ တရားမဝင်အလုပ်သမားများပါ ထောင်နှင့်ချီ နေထိုင်သည့် ငါးဖမ်းဆိပ်ကမ်းမြို့ ဖြစ်သည်။ ထိုင်းရဲတို့က မြန်မာလုပ်သားများကို ခပ်မြန်မြန် ဖမ်းဆီးလိုက်သည်။
လူသတ်မှုဖြစ်ပြီး တစ်လခန့်အကြာ ၂၀၁၅ အောက်တိုဘာ ၂ဝတွင် ရနောင်းမှ မိုင် ၆၀ ခန့်ဝေးသည့် ဆိပ်ကမ်းမြို့ တစ်ခုတွင် ထိုစဉ်က အသက် ၁၅ နှစ်သာ ရှိသေးသည့် မြန်မာငါးဖမ်းလုပ်သား ကိုမိုးဇင်အောင် နှင့် နောက်တစ်ဦးအား ထိုင်းရဲက ဖမ်းဆီးခဲ့သည်။ နောက်ပိုင်းတွင် ထိုင်းရဲက ကိုမိုးဇင်အောင်အား ထိန်းသိမ်းထားပြီး သူနှင့်အတူ ဖမ်းခံရသူအား ပြန်လွှတ်ပေးခဲ့သည်။
“သူတို့က(ထိုင်းရဲတွေ)မေးတယ် ‘ဒီကလေးမလေးကို ဘာလို့သွားသတ်တာလဲ’ တဲ့။ ကျွန်တော်ကလည်း ‘ဘယ်ကလေးမလေးလဲ ကျွန်တော်မသိဘူး’ လို့ ပြောတော့ ရိုက်တယ်။ နောက်တော့ ကျွန်တော့်ခေါင်းကို အိတ်နဲ့စွပ်ပြီး ခေါ်သွားတယ်” ဟု ၎င်း ကြုံတွေ့ရသည့် အခြေအနေကို စက်တင်ဘာ ၂၃ က ရန်ကုန်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထို့နောက် အမှောင်ခန်းအတွင်း ပိတ်ထားခဲ့ပြီး လက်ထိတ်နောက်ပြန်ခတ်ကာ ထိုင်းရဲများက ရိုက်နှက် ဝန်ခံခိုင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“နောက်ဆုံး ‘မင်းဝန်မခံရင် မင်းမိသားစုကို ဖမ်းမယ်’ ပြောလို့ ကျွန်တော် ဝန်ခံလိုက်တယ်” ဟု ကိုမိုးဇင်အောင် ပြောသည်။ ထို့နောက် ကိုမိုးဇင်အောင် ၏အခြားသူငယ်ချင်း သုံးဦးအားလည်း ထိုင်းရဲတို့က ဆက်ဖမ်းပြန်သည်။
“ကျွန်တော်နဲ့အတူ အလုပ်လုပ်တဲ့ သူငယ်ချင်းနာမည်တွေ ထပ်မေးတယ်။ နောက်ရက်ကျတော့ သူတို့ပါ အဖမ်းခံရတယ်ဆိုတာ သိတယ်” ဟု ကိုမိုးဇင်အောင်က ဆိုသည်။
ထိုင်းရဲတို့သည် ၂၀၁၅ အောက်တိုဘာ ၂၃ တွင် ကိုစိန်ကတုံး( ၂၀နှစ် ) နှင့် ကိုကျော်စိုးဝင်း (၁၄နှစ်) တို့ကို ထပ်မံဖမ်းဆီးခဲ့ပြီး နောက်တစ်ရက်အကြာ အောက်တိုဘာ ၂၄ တွင် ကိုဝေလင်း ( ၂၁ နှစ်) ကို ဖမ်းပြန်သည်။
“သူတို့လာဖမ်းတော့ ကျွန်တော်က ပင်လယ်ထဲမှာ။ ‘ကျော်စိုးဝင်း အပေါ်တက်လာ’ ဆိုပြီး လက်ထိတ်ခတ်ပြီး သင်္ဘောပေါ်ခေါ်တင်သွားတယ်။ ‘မင်းအမှန်အတိုင်းမပြောဘူးလား မပြောရင် ဒီမှာပဲ သေနတ်နဲ့ပစ်သတ်ပြီး ရေထဲပစ်ချလိုက်မယ်’ လို့ ပြောတယ်” ဟု ယခုအချိန်တွင် ၁၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ကိုကျော်စိုးဝင်းက သူ၏အဖြစ်အပျက်ကို ပြန်ပြောင်းပြောသည်။
ကိုကျော်စိုးဝင်းသည် ထိုင်းကို ငယ်စဉ်ကတည်းက ရောက်ရှိနေသူဖြစ်ပြီး ထိုင်းကျောင်းစတုတ္ထတန်းအထိ ပညာသင်ကြားခဲ့သည်။ ထို့နောက် ငါးရွေးသည့်အလုပ် လုပ်ကိုင်သည့် မိခင်အား မကြည့်ရက်၍ ကျောင်းထွက်ကာ ထိုင်းငါးဖမ်းလှေများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
ထိုင်းရဲက ကိုမိုးဇင်အောင်လိုပင် ကိုကျော်စိုးဝင်းအား အမှောင်ခန်းတွင်း ပိတ်ပြီး စစ်ဆေးခဲ့သည်ဟုဆိုသည်။ ကိုကျော်စိုးဝင်းသည် ဖမ်းဆီးခံရစဉ်က အသက် ၁၄ နှစ်အရွယ်သာ ရှိသေးပြီး ထိုင်းရဲများ၏ နှိပ်စက် မေးမြန်းမှုကို နှစ်ရက်တိတိ နေ့ရောညပါ ခံစားခဲ့ရကြောင်း သူက ပြောသည်။
“ဆံပင်ဆွဲပြီး လည်မျိုထိုးတယ် တစ်ညလုံးမေးတယ် မိုးလင်းထိပဲ။ ကျွန်တော်က မဟုတ်တော့ ဝန်မခံဘူး။ မင်းမပြောရင် မင်းမိဘတွေကို ဖမ်းပြီး သတ်ပစ်မယ်ပြောတယ်…….ကျွန်တော့်မှာက အမေပဲရှိတာ…. ကိုယ့်မိဘလည်း မနာကျင်စေချင်တော့ ကျွန်တော်ဝန်ခံလိုက်တယ်” ဟု ကိုကျော်စိုးဝင်းက Myanmar Now ကို ပြန်လည်ပြောပြသည်။
မိသားစုဝင်များကို ဖမ်းဆီးသတ်ဖြတ်မည်ဟု ခြိမ်းခြောက်ကာ ဝန်ခံခိုင်းပြီးသည့်အခါ ထိုင်းရဲတပ်ဖွဲ့သည် ၎င်းတို့လေးဦးကို အခင်းဖြစ်နေရာတွင် သေဆုံးသွားသည့် ကျောင်းသူအား သတ်ခဲ့သည့်သရုပ်ဖော်ပုံကို ပြုလုပ်ရန် ထပ်မံခိုင်းစေခဲ့သည်ဟု ဆိုသည်။
“ကျွန်တော့်ကို မျက်စိပိတ်ပြီး ခွေးနဲ့ကိုက်ခိုင်းတယ်။ အဲ့ဒီလို မေးတဲ့အချိန်က ၁၅ မိနစ်လောက်ကြာတယ်။ တကယ့်ငရဲခန်းပဲ။ အခံစားရဆုံးကတော့ ကျွန်တော့် အဖေ၊ အမေနဲ့ ညီမလေးကို ကျွန်တော်ဝန်မခံရင် ဖမ်းမယ်ဆိုတာပဲ။ အဖေ၊ အမေနဲ့ ညီအစ်ကိုမောင်နှမလေးတွေကို ကျွန်တော်နဲ့အလဲမခံနိုင်ဘူး။” ဟု ယခုအချိန်တွင် အသက် ၂၄ နှစ်အရွယ် ကိုစိန်ကတုံးက ပြောသည်။
၎င်းတို့လေးဦးလုံးမှာ တရားရုံးတက်ရသည့် အကြိမ်တိုင်းတွင် အဆိုပါ ထိုင်းကျောင်းသူသေဆုံးမှုနှင့်ပတ်သက်ပြီး ဝန်မခံခဲ့ဟု ဆိုသည်။
မြန်မာလုပ်သားလေးဦးလုံးသည် လူသတ်မှုဖြစ်ပွားနေချိန်တွင် လုပ်ငန်းခွင်ထဲတွင် ရှိနေကြောင်းလည်း သက်သေပြနိုင်ခဲ့သည်ဟု ထိုင်းရှေ့နေများကောင်စီမှ ရှေ့နေ ရက်စဒါ မနူရက်စဒါ (Ratsada Manooratasada) သတင်းထောက်များအား ပြောသည်။
“အဓိကကတော့ ဒီကလေးတွေရဲ့ လုပ်ငန်းရှင်ကလည်း အမှုဖြစ်တဲ့အချိန်မှာ ကောင်လေးတွေက သူ့လုပ်ငန်းခွင်မှာပဲ အလုပ်လုပ်နေတယ်။ CCTVအထောက်အထားနဲ့ တရားရုံးမှာ သွားရောက်ထွက်ဆိုပေးခဲ့တယ်” ဟု ထိုင်းရှေ့နေက ဆိုသည်။

သို့သော် ၂၀၁၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ၎င်းတို့လေးဦးကို ပြစ်မှုထင်ရှားသည်ဟု ဆိုကာ အမြင့်ဆုံးထောင်ဒဏ် ရှစ်နှစ်မှ အနိမ့်ဆုံးထောင်ဒဏ် နှစ်နှစ်အပြင် ငွေဒဏ်အပါ အသီးသီးကို ထိုင်းတရားရုံးက ချမှတ်ခဲ့သည်။
လေးဦးတွင် ကိုမိုးဇင်အောင်နှင့် ကိုကျော်စိုးဝင်းမှာ ဖမ်းဆီးခံရချိန်တွင် အသက်မပြည့်သေးတာကြောင့် ထိုင်းနိုင်ငံ၏လူငယ်ထောင်တွင် ထောင်ဒဏ် လေးနှစ် နှင့် နှစ်နှစ် အသီးသီးကျခံခဲ့ရသည်။ ထိုင်းနိုင်ငံ၏ဥပဒေအရ အသက် ၁၈ နှစ်ပြည့်လျှင် ပြန်လည်လွတ်မြောက်သည့်အတွက် ထောင်တွင်း သုံးနှစ်နီးပါး နေထိုင်ကာ ၎င်းတို့ နှစ်ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့သည်။
ကိုစိန်ကတုံးနှင့် ကိုဝေလင်းကတော့ ထောင်ဒဏ် ရှစ်နှစ်နှင့် ခြောက်နှစ် ချမှတ်ခဲ့ရသည်။ သူတို့နှစ်ဦးသည် ထောင်အတွင်း၌ သုံးနှစ်နှင့် ကိုးလကြာ နေထိုင်ခဲ့ရပြီး ၂၀၁၉ ဇွန် ၂၉ တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ဒီတစ်ကြိမ်လွတ်မြောက်မှုနှင့်အတူ ၎င်းတို့လေးဦးလုံး လူသတ်မှုတွင် အပြစ်မရှိဟု ထိုင်းခရိုင်တရားရုံးတစ်ခုက ဆုံးဖြတ်ခဲ့ပြီးနောက် အပြီးသတ်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
“(လူသတ်မှုဖြစ်နေချိန် သူတို့အလုပ်ထဲမှာဆိုတဲ့ CCTV မှတ်တမ်းကြောင့်) အယူခံတင်တဲ့အခါ တရားရုံးက ရဲတင်ပြတဲ့ဟာတွေက ယုံကြည်စိတ်ချလို့မရဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့လွတ်တာ” ဟု ထိုင်းရှေ့နေများကောင်စီ မှ ရှေ့နေ ရက်စဒါ မနူရက်စဒါ ကပြောသည်။
လက်ရှိတွင် ဖမ်းဆီးထောင်ချခံခဲ့ရသော မြန်မာလုပ်သား ကိုမိုးဇင်အောင်၏မိခင်မှ ထိုင်းရဲတပ်ဖွဲ့အား အာဏာအလွဲသုံးစားလုပ်မှုဖြင့် ပြန်အမှုဖွင့်ထားသည်။
မွေးရပ်မြေတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး အသက်မွေးဝမ်းကျောင်းခဲ့သော်လည်း ကံမကောင်းအကြောင်းမလှစွာ ထိုင်းရဲတို့၏ မရိုးနိုင်သည့် ဇာတ်လမ်းထဲမှ ဇာတ်ကောင်တစ်ဦးဖြစ်ခဲ့ရသည့် ကိုစိန်ကတုံးကတော့ “ကျွန်တော် ထိုင်းကို ဘယ်တော့မှ ပြန်မသွားတော့ဘူး”ဟု သူ၏အနာဂတ်အစီအစဉ်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။