ထိုင်းနိုင်ငံ အီလက်ထရွန်နစ်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၀၆၀ ဦးကို ထိုကုမ္ပဏီက မတ်လ ၃၀ ရက်တွင် အလုပ်မှ ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။
ဘန်ကောက်မြို့အနီး စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ဖွင့်လှစ်ထားသည့် Cal-Comp Electronics (Thailand) သည် အလုပ်သမားတို့ကို ၂ ရက်သာ ကြိုတင်အသိပေးခဲ့သည်ဟု ထိုကုမ္ပဏီတွင် ၇ လကျော် လုပ်ကိုင်လာသူ ကိုကျော်သူက ပြောသည်။
“တစ်လစာတော့ ပေးတယ်။ ဘဏ်အကောင့်တွေထဲကို ထည့်ထားတဲ့ စလစ်တွေနဲ့အတူ အလုပ်ရပ်ဆိုင်းလိုက်တယ်ဆိုတာ ပြောတယ်။ စက်ရုံဝင်းထဲမှာလည်း လက်နက်ကိုင်ထားတဲ့ လုံခြုံရေးတွေ ချထားတယ်။ မီးသတ်ပိုက်တွေပါ အဆင်သင့်လုပ်ထားတာ” ဟု ကိုကျော်သူက ပြောသည်။
အလုပ်ထုတ်သည့်နေ့ နံနက် ၈ နာရီခန့်က ထိုကုမ္ပဏီဧရိယာဝင်းအတွင်း ထိုင်းရဲအရာရှိများနှင့် လက်ကိုင်တုတ်အရှည် ကိုင်ဆောင်ထားသော လုံခြုံရေး ၁၀ ဦးခန့် ရှိနေသည်ဟု ဆိုသည်။
ကုမ္ပဏီ၏ ဝန်ထမ်းများကို အလုပ်ရပ်ဆိုင်းလိုက်သည့်၊ မတ်လ ၃၁ နေ့စွဲတပ်ထားသည့် ထုတ်ပြန်ချက်တွင်မူ ဝန်ထမ်းပိုလျှံသည့်ပြဿနာ ဖြေရှင်းနိုင်ရန်အတွက် ထိုသို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး လူ့စွမ်းအားအရင်းအမြစ်ဌာန၏ အမှုဆောင်ဒါရိုက်တာ မစ္စအန်ချန် ထေ့ပရစစ်က လက်မှတ်ထိုးထားသည်။
အလုပ်ရပ်ဆိုင်းခံရသည့် အလုပ်သမားများ၏ ပြောပြချက်အရ ယခုလ ဒုတိယပတ်အတွင်း ကုမ္ပဏီက ၂၄ နာရီ လည်ပတ်စေရန် ရည်ရွယ်ချက်ဖြင့် အလုပ်ချိန်ကို ၃ ချိန် ခွဲခြားသတ်မှတ်၍ အလုပ်ဆင်းခိုင်းသည်၊ အလုပ်သမားများက ကန့်ကွက်ဆန္ဒပြခဲ့ပြီး နှစ်ပတ်ခန့်အကြာတွင် အလုပ်ထုတ်လိုက်ခြင်းဖြစ်ကြောင်း ကိုကျော်သူက ပြောသည်။
“ဝန်ထမ်းတွေက ၂ ချိန်ပဲ သတ်မှတ်ပေးဖို့ တောင်းဆိုတယ်။ သူတို့ကလည်း မဲခွဲတော့ ၂ ချိန်ပဲ လုပ်ပေးဖို့ သဘောတူတယ်။ လာမယ့် ဧပြီ ၁ ရက်နေ့ကစပြီး အလုပ်ကို ၂ ချိန်ပဲ သတ်မှတ်ပေးတော့မယ် ပြောပြီး အခု မြန်မာအလုပ်သမား တစ်ထောင်ကျော်ကို လာမယ့် ဧပြီ ၁ ရက်မှာ အလုပ်ရပ်ဆိုင်းလိုက်တာပါပဲ” ဟု ကိုကျော်သူက ပြောသည်။
အလုပ်ရပ်ဆိုင်းခံလိုက်ရသည့် အလုပ်သမား ၁၀၆၀ မှာ Golden Plant Agency အပါအဝင် အခြားအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများမှတစ်ဆင့် ထိုင်း−မြန်မာ နှစ်နိုင်ငံသဘောတူညီချက် MoU စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နေသူများဖြစ်သည်။
ထိုကိစ္စနှင့် ပတ်သက်၍ Myanmar Now က ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် Golden Plant Agency ကို ဆက်သွယ်မေးမြန်းသော်လည်း ဝန်ထမ်းတစ်ဦးက တာဝန်ရှိသူများ ခရီးသွားနေသည်ဟုသာ တုံ့ပြန်ပြောဆိုခဲ့သည်။
အလုပ်ရပ်ဆိုင်းခံလိုက်ရသည့် မြန်မာအလုပ်သမားများသည် မတ်လ ၃၀ ရက်နှင့် ၃၁ ရက်နေ့များတွင် ဘန်ကောက်မြို့ရှိ၊ မြန်မာသံရုံးသို့ ဆက်သွယ်သော်လည်း မည်သည့်တုံ့ပြန်ချက်မျှ မရသေးဟု ဆိုသည်။
မြန်မာအလုပ်သမား ၁၀၆၀ နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ အသိအမှတ်ပြုထားသည့် မြန်မာအလုပ်သမားအခွင့်အရေးဆောင်ရွက်ပေးသည့် MHAC (Myanmar Humanitarian Action Center) မဟာမိတ်အဖွဲ့နှင့် ထိုင်းအာဏာပိုင်များ ယနေ့ ဧပြီ ၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်ဟု MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။
“စက်ရုံဘက်က အကြောင်းပြချက်မရှိဘဲ ရုတ်တရက်အလုပ်ထုတ်လိုက်တာ၊ အလုပ်သမားဥပဒေအတိုင်းဖြစ်ဖို့ NUG အလုပ်သမားကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးဝေလင်းမောင်တို့ကိုလည်း အကူအညီတောင်းထားတယ်။ သက်ဆိုင်ရာ ထိုင်းနိုင်ငံအလုပ်သမားရေးရာ ဝန်ကြီးဌာနနဲ့ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာနတွေနဲ့ တွေ့ဖို့ရှိပါတယ်” ဟု MHAC မဟာမိတ်အဖွဲ့၏ တာဝန်ရှိသူဖြစ်သော ကိုရဲမင်းက Myanmar Now ကို ပြောသည်။
ရုတ်တရက် အလုပ်မှ ရပ်ဆိုင်းခံလိုက်ရသည့် မြန်မာအလုပ်သမား ၁၀၆၀ အနက် ၁၆၀ ကို နစ်နာကြေး တစ်လစာ ဘတ်တစ်သောင်းနှင့် လုပ်ခများကို ကုမ္ပဏီက ထုတ်ပေးခဲ့ကြောင်း သိရသည်။
“၁၆၀ ကတော့ လက်မှတ်တွေ ထိုးလိုက်ရတယ်လို့ သိရတယ်။ လက်မှတ်ထိုးလိုက်ရတဲ့ စာချုပ်ထဲ ဘာအကြောင်းအရာတွေပါလဲ ဆိုတာတော့ ကျွန်တော်တို့လည်း မသိရသေးဘူး။ ကျန်သူတွေကတော့ မကျေနပ်လို့ လက်မှတ်မထိုးပေးဘူး” ဟု MHAC မဟာမိတ်အဖွဲ့၏ တာဝန်ရှိသူ ကိုရဲမင်းက ပြောသည်။
ကုမ္ပဏီမှ ပေးသည့် နစ်နာကြေးနှင့် လုပ်ခလစာကို လက်ခံခြင်းမရှိသည့် အလုပ်သမားများမှာ မတ် ၃၁ ရက်နေ့ နံနက်တွင် ၎င်းတို့၏ လုပ်ငန်းခွင့်သို့ သွားသော်လည်း ဝင်ခွင့်မရရှိခဲ့ကြောင်း သိရသည်။
ထိုကုမ္ပဏီတွင် ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် အခြားနိုင်ငံခြားသားအလုပ်သမားများရှိသော်လည်း မြန်မာနိုင်ငံသားများသာ အလုပ်ရပ်ဆိုင်းခံရခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်ရပ်ဆိုင်းခံလိုက်ရသည့် အလုပ်သမား ၁၀၆၀ မှာ Zero Cost ဟူသည့် MOU စနစ်ဖြင့် လာရောက်လုပ်ကိုင်ကြသူများဖြစ်သည်။ Zero Cost စနစ်သည် အလုပ်သမားဘက်မှ မိမိ၏ နိုင်ငံကူးလက်မှတ်လျှောက်ထားခ ကုန်ကျစရိတ်မှလွဲ၍ အခြားကုန်ကျစရိတ်မရှိဘဲ ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိသည့် စနစ်ဖြစ်တစ်ခုဖြစ်သည်။
ထိုင်းနိုင်ငံတွင် နေရာရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား လေးသန်းနီးပါး ရှိပြီး နှစ်နိုင်ငံသဘောတူညီချက် MOU စနစ်ဖြင့်လုပ်ကိုင်နေသည့် အလုပ်သမားဦးရေမှာ ၃၀၀,၀၀၀ ဝန်းကျင်ရှိကြောင်း မဟာချိုင်ဒေသရှိ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်၏ စာရင်းအရ သိရသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပြည်တွင်းတွင် အလုပ်အကိုင်ရှားပါးလာခြင်းကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူ များပြားလာသည်။ ပြည်ပရောက် အလုပ်သမားအများအပြား၏ အခက်အခဲကိုလည်း စစ်ကောင်စီ အလုပ်သမားသံအရာရှိများက ကူညီဆောင်ရွက်နိုင်သည့်အခြေအနေ မတွေ့ရသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)