သတင်း

ထိုင်းရောက် မြန်မာများအတွက် သက်သေခံလက်မှတ် ထုတ်ပေးသည့် စခန်းအားလုံးပိတ်မည်

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအတွက် တရားဝင်အလုပ်လုပ်ကိုင်ခွင့်နှင့် ခရီးသွားလာခွင့်ရနိုင်သည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificates of Identification (CI) ထုတ်ပေးသည့် စခန်းအားလုံး ပိတ်သိမ်းတော့မည်ဟု သိရသည်။

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအတွက် တရားဝင်အလုပ်လုပ်ကိုင်ခွင့်နှင့် ခရီးသွားလာခွင့်ရနိုင်သည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificates of Identification (CI) ထုတ်ပေးသည့် စခန်းအားလုံးကို ယခုလ (ဇူလိုင် ၇) မှစတင် ပိတ်သိမ်းထားမည်ဟု သိရသည်။

CI ထုတ်ပေးမှုရပ်ထားရန် ထိုင်းအစိုးရထံ စစ်ကောင်စီက တောင်းဆိုသဖြင့် ပိတ်သိမ်းထားမည်ဟု ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ယခုနှစ် ဇွန်လကုန်ပိုင်းတွင် ထုတ်ပြန်သည်။

ချင်းမိုင်၊ နခွန်စဝမ်၊ စမုစခွန်၊ ဆူရတ်ဌာနီ၊ ပထုန်ဌာနီ၊ စမုပရာကန်၊ ချွန်ဘူရီနှင့် ဆုခလာခရိုင်တို့တွင် ဖွင့်လှစ်ထားသည့် CI လက်မှတ်များ ထုတ်ပေးသည့် စခန်းများကို ပိတ်သိမ်းမည်ဖြစ်သည်။

CI လက်မှတ်များကို ထိုင်းနိုင်ငံတွင်း နေရာ ၈ ခုတွင် ထုတ်ပေးခဲ့ရာ ယခုအခါ ပြုလုပ်သူနည်းလာသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဇူလိုင် ၇ မှစ၍ စီအိုင်စင်တာများပိတ်သိမ်းရန် ထိုင်းအစိုးရ၏ ညွှန်ကြားချက်ကို လက်ခံရရှိသော်လည်း အသေးစိတ်အခြေအနေကို မသိရကြောင်း၊ ယာယီပိတ်ခြင်းဖြစ်နိုင်ကြောင်း ချွန်ဘူရီခရိုင် CI စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လောလောဆယ် (ထိုင်းအစိုးရ) ညွှန်ကြားချက်ရပါတယ်။ ၇ ရက်နေ့ကစပိတ်မှာ။ အဲ့ဒီနောက်ပိုင်း ညွှန်ကြားချက်ကတော့ တစ်စုံတစ်ရာမဝင်လာသေးဘူး”

ပြီးခဲ့သည့်နှစ်တွင် ပန်းရောင်ကတ်ပြုလုပ်ခဲ့သော ရွှေ့ပြောင်းအလုပ်သမားတို့အတွက် ထိုင်းအစိုးရက CI စခန်းများ ဖွင့်ပေးခဲ့သည်။ ယခုနှစ်အတွက် အလုပ်လုပ်ခွင့် ပန်းရောင်ကတ် ထပ်မံထုတ်ပေးတော့မည်ဖြစ်၍ ယာယီရပ်နားခြင်းဖြစ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့သက်တမ်းရဲ့ ပန်းရောင်ကတ်တွေနဲ့ ပတ်သက်ပြီးတော့မှ သူတို့က စီအိုင်ကို ဖွင့်ပေးတာလေ။ နောက်ထပ် ပန်းရောင်ကတ်က အသစ်ထပ်ထုတ်ပေးတော့မှာပါ။ ထပ်ထုတ်ပေးဖို့အတွက် သူတို့နဲ့ (မြန်မာစစ်ကောင်စီ) နဲ့ လုပ်ထားတာတွေကို ပြန်ရပ်လိုက်တဲ့သဘောပေါ့”

ထိုင်းအစိုးရက မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံသားများအတွက် ထုတ်ပေးထားသည့် အလုပ်လုပ်ခွင့် ပန်းရောင်ကတ်။

မြန်မာအပါအဝင် ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများကို ပန်းရောင်ကတ် အသစ်ပြုလုပ်ပေးမည်ဟု ထိုင်းနိုင်ငံ၏ အလုပ်သမားဝန်ကြီးဌာနက ယမန်နေ့ ဇွန်လ ၆ ရက်နေ့တွင် အတည်ပြုထုတ်ပြန်ထားသည်။

ထိုင်းအစိုးရထုတ်ပေးသည့် ပန်းရောင်ကတ်ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာခရိုင်အတွင်း အလုပ်လုပ်ကိုင်နေထိုင်ခွင့်ရှိပြီး နယ်ကျော်ခရီးသွားလာခွင့်မရှိပေ။ စာအုပ်စိမ်းဟု လူသိများသည့် CI အထောက်အထားလက်မှတ်ကို ထိုင်းအစိုးရနှင့် ညှိနှိုင်း၍ စစ်ကောင်စီက ထုတ်ပေးခြင်းဖြစ်သည်။

ပန်းရောင်ကတ်၊ CI လက်မှတ်တွဲကိုင်ထားသူတို့သည် ခရီးသွားလာခွင့်ရှိသလို အလုပ်အကိုင်ရွှေ့ပြောင်းရာတွင် လွယ်ကူကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးမိုးကျော်က ပြောသည်။

ရာသက်ပန်ပိတ်သိမ်းမည်ဆိုပါက ပန်းရောင်ကတ်ကိုင်ဆောင်သူများသည် သတ်မှတ်နေရာတွင်သာ အလုပ်လုပ်နိုင်မည့်အခြေအနေဖြစ်နိုင်သည်ဟု သူက ဆိုသည်။

“ပန်းရောင်ကတ်စပြီးတော့ ထုတ်ပေးတဲ့ကာလတုန်းကလို ပုံစံမျိုး သတ်မှတ်ထားတဲ့နေရာထဲမှာပဲ အလုပ်လုပ်ဆိုလို့ရှိရင်တော့ လွတ်လပ်မှုနဲ့ ရပိုင်ခွင့်အခွင့်အရေးတွေ အလုပ်သမားတွေ ဆုံးရှုံးသွားနိုင်တာပေါ့” ဟု သူက ဆိုသည်။

အခြားတစ်ဖက်တွင်မူ စစ်ကောင်စီက ပိတ်ပင်ခြင်းဖြစ်သဖြင့် CI လက်မှတ်လုပ်ရန် မလိုတော့ဘဲ ပန်းရောင်ကတ်ဖြင့် ခရီးသွားလာခွင့်နှင့် အခြားအခွင့်အရေးများကို ထိုင်းအစိုးရက ခွင့်ပြုပေးပါက အကောင်းဘက်သို့ ဦးတည်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

ထိုင်းနိုင်ငံအတွင်းရှိ ပိတ်သိမ်းတော့မည့် CI ထုတ်ပေးရေးစခန်းများ တည်နေရာပြပုံ။

အထောက်အထားမဲ့မြန်မာအလုပ်သမားများသည် အိမ်ပေါင် ခြံပေါင်ကာ ထိုင်းနိုင်ငံသို့ မှောင်ခိုလမ်းမှ ဝင်ရောက်လာသူများဖြစ်သည်။ အနိမ့်ဆုံးလုပ်ခလစာဖြင့် ခက်ခဲကြမ်းတမ်းသည့် အလုပ်များကိုသာ လုပ်ကိုင်နေရပြီး CI အထောက်အထားပြုလုပ်ရန် ဘတ် ၆,၀၀၀ မှ ၇,၀၀၀ အထိ ကုန်ကျနေသဖြင့် လက်လမ်းမမီဖြစ်လာကြောင်း အလုပ်သမားအရေးကူညီနေသူများက ပြောသည်။

အခြားတစ်ဖက်တွင်မူ ထိုလက်မှတ်ထုတ်သည့်အစီအစဉ်မှ စစ်ကောင်စီနှင့် စစ်တပ်နှင့်ဆက်နွှယ်နေသည့် လုပ်ငန်းရှင်များက အကျိုးအမြတ်များရနေသည်ဟု သိရသည်။ စစ်ကောင်စီက စီအိုင်ထုတ်ပေးရာတွင် ဝင်ငွေခွန် ကြိုတင်ကောက်ခံပြီးမှ ပြုလုပ်ပေးခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းရှိ စီအိုင်စခန်းများကို စစ်တပ်နှင့် ဆက်နွှယ်သည့် စီပွားရေးလုပ်ငန်းရှင် United KMK ကုမ္ပဏီပိုင်ရှင် ဦးခင်မောင်ကျော်က လုပ်ပိုင်ခွင့်ရရှိထားသည်။ စစ်ကောင်စီအတွက် အလုပ်သမားများထံမှ ဝင်ငွေခွန်နှင့် နိုင်ငံခြားငွေရှာဖွေပေးသည့် ယန္တရားတစ်ခုဖြစ်လာကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်သည့် ဦးခင်မောင်ကျော်သည် ထိုင်းရောက် မြန်မာအလုပ်သမားများ၏ ချွေးနှဲစာဖြင့် ငွေကြေးအကျိုးအမြတ်များစွာရနေကြောင်း ၎င်းက ဆိုသည်။

Show More

Related Articles

Back to top button