သတင်း

မြန်မာပြည်သားများကို အလုပ်လုပ်ခွင့်လက်မှတ် ထုတ်ပေးရန် ထိုင်းအတည်ပြု

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ အလုပ်သမားများကို လက်မှတ်ပြုလုပ်ပေးမည်ဟု ထိုင်းအလုပ်သမားဌာနက ကြေညာရာ လက်မှတ်လိုအပ်နေသူများအတွက် သတင်းကောင်းဖြစ်သည်။

မြန်မာအပါအဝင် ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများကို ပန်းရောင်ကတ် ခေါ် တရားဝင်အလုပ်လုပ်ခွင့်လက်မှတ် အသစ်ပြုလုပ်ပေးသွားမည်ဟု ထိုင်းနိုင်ငံ၏ အလုပ်သမားဝန်ကြီးဌာနက ယမန်နေ့ ဇွန်လ ၆ ရက်နေ့တွင် အတည်ပြုထုတ်ပြန်သည်။

ယင်းအစီအစဉ်တွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားများ အကျုံးဝင်ပြီး ပန်းရောင်ကတ် လျှောက်ထားလိုသူများသည် ထိုင်းနိုင်ငံတွင်းသို့ ရောက်ရှိနေရမည်ဖြစ်သလို အလုပ်ရှင်ထံတွင် အလုပ်လုပ်နေသူများ ဖြစ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယခင်က အလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် သက်တမ်းတိုးရန် မမီလိုက်သူများ၊ အလုပ်ရှင်သစ်ထံ ပြောင်းရွှေ့လုပ်ကိုင်ခွင့်တင်ရန် အချိန်မလုံလောက်သဖြင့် တရားမဝင်ဖြစ်သွားသူများလည်း ယခုအစီအစဉ်တွင် ပါဝင်မည်ဖြစ်သည်။

နိုင်ငံတွင်း အခြေအနေဆိုးရွားမှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ထိုင်းနိုင်ငံသို့ တရားဝင်သာမက တရားမဝင်နည်းဖြင့်ပါ အလုံးအရင်းဝင်ရောက်လာမှု နောက်ဆက်တွဲပြဿနာများကို ထိန်းချုပ်နိုင်ရန် တရား​ဝင်အထောက်အထားပြုလုပ်ပေးခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က Myanmar Now ကို ပြောသည်။

“တရားဝင်အထောက်အထား မရှိရင် သက်ဆိုင်ရာအာဏာပိုင်တွေကို ငွေပေးပြီးတော့ နေထိုင်နေကြရတာတွေရှိတယ်။ အလုပ်အကိုင်အခွင့်အလမ်းအတွက်လည်း ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်မျိုး ရှာဖွေလုပ်ကိုင်ဖို့ အခက်အခဲတွေဖြစ်တယ်၊ လုပ်ခလစာတွေ ခေါင်းပုံဖြတ်ခံရတယ်” ဟု ထိုအဖွဲ့မှ ဒါရိုက်တာ ဦးမိုးကျော်က ဆိုသည်။

ထိုင်းအစိုးရ၏ ပန်းရောင်ကတ်လုပ်ပေးမည့်အစီအစဉ်ကို ကြိုဆိုသည်၊ မြန်မာကောင်စစ်ဝန်ရုံးများနှင့် အလှမ်းဝေးသော မြို့များတွင် နေထိုင်သည့် အလုပ်သမားများလည်း အလွယ်တကူ လျှောက်ထားနိုင်ရန် ဆောင်ရွက်ပေးစေလိုသည်ဟု ဦးမိုးကျော်က မှတ်ချက်ပြုသည်။

ထိုင်းအစိုးရ၏ တရားဝင်သတ်မှတ်ထားချက်အရ ပန်းရောင်ကတ် ရရှိရန် ဘတ် ၁ သောင်းအောက် (ကျပ် ၁၁ သိန်းကျော်) ကုန်ကျမည် ဖြစ်သည်။ သို့သော်လည်း ရွှေ့ပြောင်းလုပ်သားအများစုသည် လုပ်ငန်းစဉ်အဆင့်ဆင့်ကို သေချာနားလည်မှုမရှိဘဲ ပွဲစားများကိုသာ အားကိုးနေ၍ ဘတ် ၂ သောင်း မှ ၂ သောင်းခွဲဝန်းကျင် (ကျပ် ၂၂ သိန်းမှ ၂၇ သိန်းကျော်) အထိ အကုန်အကျခံ ဆောင်ရွက်လျက်ရှိကြောင်း ထိုင်းနိုင်ငံရှိ အလုပ်သမားအရေးဆောင်ရွက်နေသူများထံမှ သိရသည်။

လတ်တလောတွင် ပန်းရောင်ကတ်ပြုလုပ်ပေးမည့်အစီအစဉ်ကိုသာ ထိုင်းအစိုးရက အတည်ပြုထားသေးပြီး ကုန်ကျစရိတ်၊ ကတ်ပြုလုပ်နိုင်မည့် နေရာဒေသ အပါအဝင် လုပ်ငန်းစဉ်အသေးစိတ်များကို ထပ်မံကြေညာလာမည်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အထောက်အထားမဲ့ နေထိုင်နေသော အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးကမူ ထိုင်းအစိုးရက ပန်းရောင်ကတ် ပြုလုပ်ပေးမည့် အစီအစဉ်ကို အတည်ပြု ကြေညာလိုက်၍ ပျော်ရွှင်မိကြောင်း ပြောသည်။

“ကျွန်တော်တို့ နိုင်ငံက ကိုယ့်မှာ ပတ်စပို့ရှိရင်တောင် တရားဝင်ပြည်ပထွက်ခွာခွင့်တွေ လိုက်ကန့်သတ်နေချိန်မှာ ထိုင်းဘက်က ဒီလိုအထောက်အထားလုပ်ပေးမှာဆိုတော့ ဝမ်းသာတာပေါ့။ ဒီကတ်လုပ်ပြီးမှပဲ တရားဝင်အလုပ်လုပ်ခွင့်ရမှာလေ” ဟု သူက ဆိုသည်။

လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်းလုပ်သားများကိုလည်း သက်တမ်းတိုး လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။

ထိုအလုပ်သမားအရေအတွက်မှာ လူဦးရေ ၂ သန်းခန့်ရှိပြီး အများစုမှာ မြန်မာနိုင်ငံသားများ ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားအရေအတွက်သည် တရားဝင်ကိန်းဂဏန်းများအရ ၂ ဒသမ ၈ သန်းဝန်းကျင်အထိရှိပြီး တရားမဝင်ရောက်ရှိနေသော အရေအတွက်သည်လည်း ထိုပမာဏအထိ ရှိနိုင်သည်ဟု ထိုင်းနိုင်ငံတောင်ပိုင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အဖွဲ့မှ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက Myanmar Now ကို ပြောသည်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာက စုပြုံပြီးတော့ ရောက်လာတဲ့ မိသားစုတွေ၊ ကလေးငယ်တွေလည်း အများကြီးပဲ။ အခုနောက်ပိုင်းပိုဆိုးတာက စစ်မှုမထမ်းမနေရဥပဒေကြောင့် လူငယ်တွေချည်းပဲ ပိုပြီးတော့ ထွက်လာကြတယ်” ဟု သူက ဆိုသည်။

“အရင်တုန်းက ရွှေ့ပြောင်းလုပ်သားမိသားစုတွေက သွားသွားပြန်ပြန် ရှိကြတယ်။ အခုဆိုရင် အများစုက မပြန်ကြတော့ဘူး၊ မိသားစုတွေပါ ဒီဘက် ခေါ်နေကြတာဆိုတော့ ကိန်းဂဏန်းက အရင်ကထက် အများကြီးပိုများလာတယ်”

စစ်ကောင်စီသည် ပြည်ပသို့ အလုပ်ထွက်လုပ်သူများအတွက် ပြုလုပ်ပေးထား​သော PJ ခေါ် အလုပ်သမားပတ်စပို့ ကိုင်ဆောင်ထားသူများကို ပြည်ပထွက်ခွာခွင့် ကန့်သတ်ထားသလို အသက် ၂၃ မှ ၃၁ နှစ်ကြား အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်ကိုလည်း ကန့်သတ်ထားသည်

အလည်အပတ်အတွက် PV ၊ အလုပ်သမားများအတွက် PJ နှင့် သင်္ဘောသားများအတွက် PS စသဖြင့် ပတ်စ်ပို့အမျိုးအစားများခွဲ၍ ထုတ်ပေးခြင်းဖြစ်သည်။ ယခင်က PJ ပတ်စ်ပို့ဖြင့် အလည်ပတ်သွားရန် ခွင့်ပြုခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် အလုပ်သမားသက်သေခံကတ်ပြား (OWIC) ရှိမှသာ ထွက်ခွာခွင့်ပြုသည်။

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်ခွာလိုကြသော လူငယ်လူရွယ်များသည် ကန့်သတ်ချက်များကြောင့် နိုင်ငံကူးလက်မှတ်ကို PJ မှ PV သို့ ပြောင်းလဲရန် ကြိုးစားလာကြသည်။

ဤအခြေအနေတွင် စစ်ကောင်စီက ထိုသို့ ပြောင်းလဲလျှောက်ထားခွင့်ကို ဇွန်လ ၆ ရက်နေ့မှစတင်ကာ ရပ်ဆိုင်းလိုက်သည်ဟု ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။ 

“အခုက PJ ကနေ PV ပြောင်းတာရော၊ PV ကနေ PJ ပြောင်းတာကိုရော လုံးဝမလုပ်သေးတော့ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုသတင်းရင်းမြစ်က ပြောသည်။

မြန်မာနိုင်ငံတွင်း ပဋိပက္ခများနှင့် စစ်မှုထမ်းဥပဒေတို့ကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်မှုများ များပြားလာခဲ့သလို မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်း လမ်းခရီးတွင် ဖမ်းဆီးခံရမှု၊ ပွဲစားများ၏ လိမ်လည်ခံရမှု၊ လူကုန်ကူးခံရမှုများ ကြုံတွေ့နေရသည်။

Show More

Related Articles

Back to top button