အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အခြေခံဥပဒေပြင်ရေးပူးပေါင်းကော်မတီမှ ရခိုင်အမတ်နှစ်ဦး နုတ်ထွက်ပြန်

အနိုင်ရ အင်အားကြီးပါတီ၏ သဘောထားသာ လွှမ်းမိုးနေ၍ဟုဆိုကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားပြု အမတ်နှစ်ဦး ယနေ့ နုတ်ထွက်စာ ထပ်တင်လိုက်သည်။

မနေ့(စက်တင်ဘာ ၂ ရက်) ကလည်း ကော်မတီဝင် ဦးစိန်ဝင်း နုတ်ထွက်ခဲ့ပြီး ယနေ့တွင် ရခိုင်အမျိုးသားပါတီမှ ဦးအောင်ကျော်ဇံနှင့် ဦးမြင့်နိုင်တို့ ထပ်မံ နုတ်ထွက်ခြင်းဖြစ်သည်။

လက်ရှိအခြေခံဥပဒေကို မဖြစ်မနေ ပြင်ဆင်ရမည်ဟူ၍ ANP ပါတီက ခံယူရပ်တည်ထားသော်လည်း ပူးပေါင်းကော်မတီတွင်း ဆောင်ရွက်ချက်များမှာ အနိုင်ရ အင်အားကြီးပါတီ(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၏ သဘောထားအဆိုပြုချက်များသာ မဲအသာဖြင့် အတည်ပြုဆုံးဖြတ်နေခြင်း၊ “စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ရေး ပီပြင်စွာပါဝင်နိုင်မည့်အခြေအနေ မရှိခြင်းတို့ကြောင့် ယခုကဲ့သို့ နုတ်ထွက်ခြင်းဖြစ်ကြောင်း ယင်းပါတီက သဘောထားထုတ်ပြန်သည်။

ယင်းအပြင် ဗဟိုချုပ်ကိုင်မှုစနစ် ကျင့်သုံးပြီး လက်ရှိအာဏာရပါတီ၏ တည်မြဲရေးကိုသာ ရည်ရွယ်နေကြောင်း တွေ့မြင်နေရသဖြင့် နုတ်ထွက်ခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် စုစုပေါင်း ၄၅ ဦးပါဝင်ပြီး NLD က ကိုယ်စားလှယ် ၁၈ ဦး၊ တပ်မတော်က ရှစ်ဦးတို့ဖြင့် အများဆုံးအဖြစ် ပါဝင်ကာ အတိုက်အခံ ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားပါတီများနှင့် တစ်သီးပုဂ္ဂလ အမတ်များပါဝင်မှုမှာ အများဆုံး နှစ်ဦးစီထက်မပိုပေ။

ပေါက်တောမြို့နယ် မဲဆန္ဒနယ်မှ ANP အမတ် ဦးအောင်ကျော်ဇံက

“နုတ်ထွက်ခွင့်မရသေးဘူး။ လွှတ်တော်သဘောထားယူပြီးခါမှ ရမယ်ဆိုတော့ အခု ခွင့်ပေးထားတာပဲ ရှိသေးတယ်” ဟု Myanmar Nowကို ပြောသည်။

ANP ပါတီ ကိုယ်စားပြုအဖြစ် အမျိုးသားလွှတ်တော်အမတ် ဦးမြင့်နိုင်နှင့် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကျော်ဇံတို့က အဆိုပါ ပူးပေါင်းကော်မတီတွင် ပါဝင်ခဲ့ခြင်းဖြစ်ပြီး ပါတီ သဘောထားအရ ပူးပေါင်းကော်မတီမှ နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း နုတ်ထွက်စာတွင် ဖော်ပြထားသည်။

ANP အမတ်နှစ်ဦး နုတ်ထွက်စာတင်ထားသော်လည်း လတ်တလောတွင် ပူးပေါင်းကော်မတီဝင်များအဖြစ်သာ ရှိနေသေးသဖြင့် သီးခြားမှတ်ချက်ပြုရန် မရှိသေးဟု ပြောဆိုသည်။

လက်ရှိဆောင်ရွက်နေသည့် အခြေခံဥပဒေပြင်ဆင်‌ရေးသည် အာဏာရ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၏ သဘောအတိုင်းသာ ဖြစ်လာနိုင်ခြင်းကြောင့်ဟုဆိုကာ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိန်ဝင်းကလည်း ပူးပေါင်းကော်မတီမှ ယမန်နေ့က နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

နုတ်ထွက်မှုများနှင့်ပတ်သက်၍ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကမူ ပြည်ထောင်စုလွှတ်တော်၌ တင်ပြရဦးမည်ဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။

ပြည်ထောင်စုလွှတ်တော်ရှိ တသီးပုဂ္ဂလနှင့် ပါတီစုံ၏ အကြံပြုချက်ပေါင်း ၃၇၆၆ ချက်အပေါ်မူတည်၍ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းတစ်ရပ် ရေးဆွဲနေခြင်းဖြစ်ပြီး သြဂုတ် ၂၉ ရက်နှင့် စက်တင်ဘာ ၂ ရက်တို့ တွင် အစည်းအဝေးနှစ်ကြိမ် ပြုလုပ်ထားပြီးဖြစ်သော်လည်း အသေးစိတ်ကိုမူ ပူးပေါင်းကော်မတီ တာဝန်ရှိသူများထံမှ သိရှိရခြင်း မရှိသေးပေ။

ယမန်နေ့က ကော်မတီမှ နုတ်ထွက်စာတင်ထားသည့် ဦးစိန်ဝင်းက သြဂုတ် ၂၉ ရက်အစည်းအဝေးတွင် လက်ရှိ အခြေခံဥပဒေ အခန်း (၁) (နိုင်ငံတော်အခြေခံမူများ)ကို ဆွေးနွေးခဲ့ကြောင်း Myanmar Nowကို ပြောထားသည်။

NLDကိုယ်စားလှယ်အများစု ပါဝင်သည့် ပူးပေါင်းကော်မတီ၏ ယင်းနေ့အစည်းအဝေးတွင် တိုင်းရင်းသားအားလုံး ပယ်ဖျက်စေလိုသည့် တပ်မတော်၏ နိုင်ငံရေးအခန်းကဏ္ဍဆိုင်ရာ ပြဋ္ဌာန်းချက်ကို နုတ်ပယ်ခြင်းမပြုဘဲ စကားလုံးသာ ပြောင်းလဲပြင်ဆင်ခဲ့ကြောင်း ၎င်းကပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button