သတင်း

အာဏာသိမ်းစစ်ကောင်စီကို ပစ်ပယ်ရန် ရခိုင်အမျိုးသားပါတီ စဉ်းစားနေ

အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်စပ်နေမှုကို ရပ်ဆိုင်းရန် စဉ်းစားနေကြောင်း ရခိုင်ပြည်နယ်တွင် အင်အားကြီးနိုင်ငံရေးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌက ယနေ့ (မေ ၅) တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ 

ရခိုင်ပြည်နယ်အဆင့် စစ်ကောင်စီတွင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နေရာများ ရရှိရန် ရခိုင်အမျိုးသားပါတီက တောင်းဆိုခဲ့ရာ စစ်ကောင်စီဘက်မှ တုံ့ပြန်မှုမရှိသဖြင့် လက်တွဲဖြုတ်ရန် စဉ်းစားနေခြင်းဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ဆိုသည်။ 

“တောင်းဆိုချက်တွေရတာလည်း မရှိ။ အဲဒါကြောင့် ဆက်စပ်ဆောင်ရွက်နေတာတွေ ရခိုင်ပြည်နဲ့ ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ယူဆတယ်။ အဲဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ဆက်စပ်ဆောင်ရွက်မှုတွေကို ရပ်နားဖို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကတော့ သဘောထားပေးပြီးဖြစ်တယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ရခိုင်အမျိုးသားပါတီက ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ပါတီဗဟိုအစည်းအဝေးတစ်ရပ်ကို ကျင်းပကာ ပြည်နယ်အဆင့်စစ်ကောင်စီတွင် ပါဝင်ခွင့်ရရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာတုံ့ပြန်မှု မရှိခြင်းအပေါ် စစ်တွေမြို့ရှိ ပါတီရုံးချုပ်တွင် ယမန်နေ့က ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ကျင်းပခဲ့ကြောင်း၊ စစ်ကောင်စီကို ပစ်ပယ်ရေး ပါတီအစည်းအဝေးတစ်ရပ်ခေါ်ယူ အတည်ပြုရန် ပြင်ဆင်နေကြောင်းလည်း ဦးသာထွန်းလှက ဆိုသည်။ 

အာဏာသိမ်းစစ်ကောင်စီသည် ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးများ၏ အကျိုးစီးပွားကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အပြင် အုပ်ချုပ်ရေးပိုင်းတွင်လည်း တစ်စုံတစ်ရာအပြောင်းအလဲ ပြုလုပ်ပြီး လူထုကို ထိထိရောက်ရောက် အကျိုးပြုသည့် ပုံစံမျိုး မတွေ့ရကြောင်းလည်း ၎င်းက ဆိုသည်။

ပါတီဥက္ကဋ္ဌက ထိုသို့စဉ်းစားနေကြောင်း ပြောသော်လည်း ယမန်နေ့က ပြုလုပ်ခဲ့သော ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး၏ သဘောထားရယူမှုမှာ တရားမဝင်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ ဦးဖေသန်းက ဆိုသည်။ 

“ရခိုင်အမျိုးသားပါတီက တောင်းဆိုချက်တွေကို လိုက်လျောလား၊ မလိုက်လျောလား စောင့်ကြည့်ဖို့။ မရလို့ရှိရင် ပြန်ပြီးတော့ အစည်းအဝေးနဲ့ ပြန်ပြီးဆုံးဖြတ်ဖို့လို့ပဲ ဆုံးဖြတ်ထားတာဖြစ်တယ်။ CEC ကို ဒီကိစ္စကို ဆုံးဖြတ်လို့ အာဏာမလွှဲခဲ့ဘူး” ဟု ဦးဖေသန်းက ပြောသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ၎င်းတို့၏ တောင်းဆိုချက်များ မရသဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် ပတ်သက်ဆက်စပ်မှုကို ဖြတ်တောက်ရန် စဉ်းစားနေ​သော်လည်း ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အေးနုစိန်သည် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံထားရသည်။ 

ထိုသို့ ဒေါ်အေးနုစိန် စစ်ကောင်စီအဖွဲ့ဝင်ဖြစ်နေခြင်းအပေါ် ဝေဖန်မှုများနှင့် ပတ်သက်၍မူ ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက “ဒေါ်အေးနုစိန်ကို ကမ်းလှမ်းခဲ့တာက ဒေါ်အေးနုစိန်ကို ပုဂ္ဂိုလ်ရေးအရ ကမ်းလှမ်းခဲ့တာဖြစ်တယ်။ ရခိုင်အမျိုးသားပါတီကို ကမ်းလှမ်းခဲ့တာ မဟုတ်ဘူး။ မြန်မာစစ်တပ်နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်တစ်ဦးကတစ်ဆင့် ပုဂ္ဂိုလ်ရေးအရ ကမ်းလှမ်းခြင်းပဲ ဖြစ်တယ်” ဟု ပြောသည်။

ဒေါ်အေးနုစိန်မှာ ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သောကြောင့် ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် တောင်းဆိုချက်များနှင့် တစ်စုံတစ်ရာ ဆက်စပ်လုပ်ဆောင်နိုင်ရန် ပါတီက စဉ်းစားခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။ 

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်ကို Myanmar Now က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း တုံ့ပြန်မှုမရသေးပေ။ 

ရခိုင်အမျိုးသားပါတီအနေဖြင့် လတ်တလောတွင် ရခိုင်စစ်ဘေးရှောင်များ နေရပ်ပြန်ပို့ရန် စစ်ကောင်စီနှင့် ပူးပေါင်း​ဆောင်ရွက်မှုများ ရှိနေသည်ဟု သိရသည်။ 

ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နှစ်နှစ်ကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့သည့်အပြင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ နှစ်သိန်းခန့်ရှိနေသည်။

Show More

Related Articles

Back to top button