သတင်း

ANP တောင်ကုတ် ဒုဥက္ကဋ္ဌ အပါအဝင် လေးဦးကို အကြမ်းဖက်မှုဥပဒေဖြင့် စွဲချက်တင်

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်မှုသံသယဖြင့် ဖမ်းဆီးခံထားရသည့် ရခိုင်အမျိုးသားပါတီ( ANP) ၏ တောင်ကုတ်မြို့နယ် ဒုတိယဥက္ကဋ္ဌအပါအဝင် လေးဦးကို တောင်ကုတ်မြို့နယ် တရားသူကြီးက ယနေ့ အမိန့်ချမှတ်လိုက်သည်။

ANP တောင်ကုတ်မြို့နယ် ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဟောင်း ဦးစန်းငွေ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျာကျော်နှင့် ညီဖြစ်သူ ဦးစည်သူကျော်ဇံ (ခ) မိုက်ကယ်ဆိုသူ လေးဦး ၂၀၂၀ မေလတွင် ဖမ်းဆီးခံရသည်။

၄င်းတို့ကို စစ်တွေမြို့နယ် သတင်းရဲတပ်ဖွဲ့ အရာရှိတစ်ဦးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ပြောသည်။

“တရားလိုရဲ့ တိုင်ချက်အရပေါ့နော်။ AA နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတဲ့ဟာပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီး  စွဲချက်တင်တာပေါ့။ ကျွန်တော်တို့ကတော့ မဟုတ်ကြောင်းကို ခိုင်ခိုင်မာမာ ထုချေရှင်းလင်းရမှာပေါ့”ဟု ၎င်းက ဆိုသည်။

ယခုအမှုတွင် တရားလိုဘက်မှ သက်သေအားလုံးမှာ ရဲတပ်ဖွဲ့ဝင်များဖြစ်နေပြီး လွတ်လပ်သော အရပ်ဘက်သက်သေများ မပါဝင်ခြင်းမှာ ထူးခြားချက်တစ်ခုဖြစ်ကြောင်း၊ တရားစွဲဆိုရာတွင် လွတ်လပ်သော အရပ်ဘက်သက်သေများဖြင့် ခိုင်ခိုင်မာမာတရားစွဲလျှင် ပိုကောင်းကြောင်း ရှေ့နေ ဦးတင်ညိုက ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ်သုံးနှစ် မှ အများဆုံး ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်ခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည်။

အဆိုပါလေးဦးသည် လွန်ခဲ့သည့် မေလကတည်းက အမှုရင်ဆိုင်နေရခြင်းဖြစ်ပြီး ကိုးလခန့် ကြာမြင့်နေကာ လက်ရှိအချိန်တွင် တောင်ကုတ်မြို့နယ်ရဲစခန်းအချုပ်တွင် ရှိနေသည် သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ပြီးခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၀၂၀ နိုဝင်ဘာလဆန်းတွင် အပစ်အခတ်ရပ်တန့်ခဲ့သည်။ 

နှစ်နှစ်တာ တိုက်ပွဲကာလအတွင်း ဒဏ်ရာရ၊ သေဆုံးသူအမြောက်အမြားရှိသည့်အပြင် AA နှင့် ပတ်သက်ပြီး ဖမ်းဆီးခံရထားရသူ ၂၇၀ ကျော်ရှိကြောင်း စစ်တွေအခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁ တွင် တပ်မတော်သည် အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီး စစ်ကောင်စီဖွဲ့စည်းရာတွင် ရခိုင်အမျိုးသားပါတီ (ANP) ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ 

ထိုရာထူးကို လက်ခံပြီးနောက် AA နှင့် ပတ်သက်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသော်လည်း ယနေ့အချိန်ထိ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်လာခြင်းမရှိသေးပေ။

Show More

Related Articles

Back to top button