အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

၂၀၀၈ အခြေခံဥပဒေ အတည်ပြုသည့် လူဦးရေမှာ ၂၀၁၄ ထက် ၅ သန်းခန့်ပိုများဟု အာဏာရပါတီထောက်ပြ

ဆန္ဒမဲပေးခဲ့သူ စုစုပေါင်း၏ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံခဲ့သည်ဆိုသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုစဉ်က ထုတ်ပြန်ခဲ့သော လူဦးရေမှာ ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်း၌ ရရှိထားသော အရေအတွက်ထက် ၅ သန်းခန့် ပိုများနေကြောင်း ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ပြဆွေးနွေးခဲ့သည်။

၂၀၀၈ ခုနှစ် မေလတွင်  မြန်မာနိုင်ငံ၏လူဦးရေမှာ ၅၇ ဒသမ ၃၇ သန်းကျော် ရှိနေသည်ဟု ထိုစဉ်က နအဖအစိုးရက ဆိုခဲ့ပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ခံခဲ့သည့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် မြန်မာနိုင်ငံ၏လူဦးရေမှာ ၅၂ သန်းအထိ လျော့နည်းသွားကြောင်း၊ အခြေခံဥပဒေကို အတည်ပြုခဲ့စဉ်က ရရှိသည်ဟု ကြေညာထားသော မဲအရေအတွက်မှာ စဉ်းစားစရာ ကိစ္စတစ်ခုဖြစ်နေကြောင်း အာဏာရ NLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးက ထောက်ပြပြောဆိုခြင်းဖြစ်သည်။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ဦးဆောင်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ)က ပြည်သူများ နာဂစ်မုန်တိုင်းဒဏ် ခံစားနေရသော ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့နှင့် မေလ ၂၄ ရက်နေ့တို့တွင် ယင်းအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က တရားသူကြီးချုပ် ဦးအောင်တိုး ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်က ကြေညာချက်အမှတ် ၁၂/၂၀၀၈ ကို ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းကြေညာချက်တွင် မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၇ ဒသမ ၃၇ သန်းကျော်ရှိကြောင်း၊ ဆန္ဒမဲပေးခွင့်ရှိသူ ၂၇ သန်းကျော်၏ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဓားမိုးပြီးတော့မှရေးထားတဲ့ မည်သည့်ဥပဒေမဆို ဘယ်ပညာရှင်ပဲရေးရေး ဓားကိုင်ထားသူအတွက်ပဲဆိုတာ ပြည်သူလူထုတစ်ရပ်လုံးက သိခဲ့ကြပါတယ်” ဟု ဦးကျော်မြင့်ဦးက ပြောသည်။

ထိုအချိန်ကတည်းကပင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီ စံချိန်၊ စံညွှန်းများနှင့် မညီညွတ်၍ ပြည်သူလူထုက ဘဝနှင့်ရင်းပြီး ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ ပြည်ခိုင်ဖြိုးပါတီက တင်သွင်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းအပေါ် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးရာတွင် ၎င်းက ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စအပေါ် NLD ပါတီဝင်ဟောင်းများဖြစ်သည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနိုင် လွှတ်တော်အမတ်များကလည်း ၂၀၁၇ ခုနှစ် ကတည်းကပင် နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး ဖြစ်သည်။

၁၉၉၀ လွှတ်တော်အမတ်ဟောင်းများဖြစ်သည့် ဦးဒေးဗစ်လှမြင့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မှားယွင်းသည့် လူဦးရေစာရင်းအပေါ်တွင် အခြေခံထားသည့်အတွက် ပဋိညာဉ် ဥပဒေဖြင့် တရားစွဲဆိုခြင်းဖြစ်သည်ဟု ပြီးခဲ့သည့်လက Myanmar Now ကို ပြောသည်။

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးနှင့် မန္တလေးတိုင်းတရားလွှတ်တော်တို့က ၁၉၉၀ အမတ်ဟောင်းတို့၏ တရားစွဲဆိုမှုကို ပယ်ချခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်သို့ တရားစွဲဆို စာချွန်လွှာ တက်ခဲ့ပြီး အမှုတွဲကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြီးခဲ့သည့်လ ဒုတိယပတ်က လက်ခံလိုက်ခြင်းဖြစ်သည်။

တရားစွဲဆိုသည့် စာချွန်လွှာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်ခံလိုက်သော်လည်း မည်သည့်အချိန်တွင် ကြားနာစစ်ဆေးမည်ဆိုသည်ကို မသိရှိရသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button