စစ်ကောင်စီကကျင်းပမည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲနှင့် လာမည့်အောက်တိုဘာလတွင် သန်းခေါင်စာရင်း ကောက်ယူမည့် စစ်ကောင်စီလုပ်ငန်းများကို အကူအညီပေးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက နေပြည်တော်သို့ ယနေ့တွင်လာရောက်ကမ်းလှမ်းခဲ့သည်ဟု စစ်တပ်ထိန်းချုပ်သတင်းဌာနများက ယနေ့ညတွင် သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဖြစ်လာသည့် Mr. Mongkol Visitstump သည်နေပြည်တော်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးတို့နှင့် သီးသန့်တွေ့ဆုံစဉ် ယင်းကဲ့သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်၏သတင်းများကဆိုသည်။
ထိုင်းသံအမတ်ကြီးသည် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို “ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိုင်းနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ” ကိုမေးမြန်းခဲ့သည်ဟုလည်း အဆိုပါသတင်းကဆိုသည်။
ရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်နှင့် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်နိုင်ရန်လည်း ထိုင်းအစိုးရဘက်က ကမ်းလှမ်းခဲ့သည်ဟုလည်း ပါရှိသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းတို့လိုလားသည့် ပါတီများရှုံးနိမ့်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နေရာအများစု အနိုင်ရပြီးနောက် ရွေးကောက်ပွဲမသမာမှုဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းခဲ့သည်။
ထို့နောက်စစ်ကောင်စီသည် NLD ကိုဖျက်သိမ်းပြီးနောက် ရွေးကောက်ပွဲပြန်ကျင်းပပေးမည်ဟု အစဉ်တစိုက် ကြေညာခဲ့သော်လည်း ရက်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါ။
စစ်ကောင်စီကဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲသည် လာမည့်နှစ် ၂၀၂၅ နှစ်ကုန်ပိုင်းတွင်ဖြစ်နိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီက မကြာသေးမီက ရုရှားအစိုးရပိုင် Rossiya Segodyna သတင်းဌာနနှင့် ပြုလုပ်သည့် မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လာမည့်ရွေးကောက်ပွဲအတွက် ၂၀၂၃ နှင့် ၂၀၂၄ တို့တွင် ပြုလုပ်ခဲ့သည့် ထိုင်း မှာလုပ်ခဲ့သည့် ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲများကို လေ့လာနေသည်ဟုလည်း ဦးခင်ရီကဆိုသည်။
ဦးခင်ရီသည် စစ်တပ်၏ ဗိုလ်မှူးချုပ်ဟောင်းလည်းဖြစ်၊ ၂၀၁၀ မတိုင်ခင် စစ်အစိုးရလက်ထက်က ရဲချုပ်ဟောင်းဖြစ်သည်။ ဦးသိန်းစိန်အစိုးရ (၂၀၁၆-၂၀၂၁) တွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဖြစ်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ မှ ၂၀၂၂ သြဂုတ်လအထိ ထိုရာထူးကိုပြန်ရခဲ့သည်။
စစ်ကောင်စီသည် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲကို သန်းခေါင်စာရင်းကောက်ယူပြီးမှ ကျင်းပနိုင်မည်ဟု ကြေညာခဲ့ပြီး လာမည့်အောက်တိုဘာလတွင် သန်းခေါင်စာရင်းကောက်ရန် ပြင်ဆင်နေသည်။
ထိုသန်းခေါင်စာရင်းကောက်နိုင်ရန်အတွက် လိုအပ်သည်များကို ထိုင်းနိုင်ငံဘက်က အကူအညီပေးမည်ဟု ထိုင်းသံအမတ်ကြီးက စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်နှင့် သီးသန့်တွေ့ဆုံစဉ် ကမ်းလှမ်းခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
အခြားတစ်ဖက်တွင် စစ်ကောင်စီကကျင်းပမည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲကို လက်မခံရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က အာဆီယံအပါအဝင် နိုင်ငံတကာကို မကြာခဏ တောင်းဆိုထားသည်။