အတွေးအမြင်

သန်းခေါင်စာရင်း သို့မဟုတ် မင်းအောင်လှိုင်၏ အာဏာဆွဲဆန့်ရေးစီမံကိန်း

လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ တော်လှန်ရေးလှုပ်ရှားမှုအားကောင်းသည့် ရှမ်းပြည်နယ်မြောက်ပိုင်းအထိ သွားရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဒေသခံ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်များကို စည်းရုံးရေးဆင်းလျက်ရှိသည်။

စစ်ကောင်စီကို ရင်ဆိုင်တိုက်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) တို့ ထိုဒေသတွင် လှုပ်ရှားမှုရှိသည်။

ထို့အတူ ရှမ်းမြောက်ဒေသသည် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိမှုများတွင် နာမည်ဆိုးဖြင့် ကျော်ကြားပြီး စစ်တပ်က လက်သပ်မွေးထားသည့် ပြည်သူ့စစ်အဖွဲ့များ မူးယစ်ဆေးကိစ္စတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပတ်သက်မှုရှိသည်ကို တွေ့ရလေ့ရှိသည်။

အဆိုပါ ပြည်သူ့စစ်အဖွဲ့များကို အစဉ်အဆက် ဒေသဆိုင်ရာ စစ်တိုင်းမှူးများအဆင့်ကသာ ထိတွေ့ဆက်ဆံ ထိန်းချုပ်ထားလေ့ရှိသည်။ အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန် ယခုအခါတွင် တော်လှန်ရေးလှုပ်ရှားမှုများအားကောင်းသဖြင့် ရှေ့တန်းဌာနချုပ်သဖွယ်ဖြစ်နေသော လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အထိ မင်းအောင်လှိုင်က ကိုယ်တိုင်သွား၍ ပြည်သူ့စစ်အဖွဲ့များနှင့် တွေ့သည်။

၂၀၂၁ ခုနှစ် တိုင်းပြည်အာဏာကို အတင်းအဓမ္မသိမ်းယူခဲ့သည့် မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်တပ်သည် ပြည်သူတစ်ရပ်လုံး၏ လက်နက်စွဲကိုင်တော်လှန်မှုကို ၂ နှစ်ခွဲကျော် ရင်ဆိုင်လာရပြီး စစ်မျက်နှာအဘက်ဘက်တွင် အရှုံးနှင့် ရင်ဆိုင်နေရချိန်တွင် ထိုသို့တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ပြည်သူ့စစ်ခေါင်းဆောင်များနှင့် စက်တင်ဘာ ၁၀ ရက်တွင် တွေ့နေသည့် စစ်ခေါင်းဆောင်။ ဓာတ်ပုံ – စစ်ကောင်စီ

လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်ဖြင့် အင်အားကောင်းလာခြင်းသည် ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို လေ့ကျင့် လက်နက်တပ်ဆင်ပေးမှုကြောင့်ဟု မင်းအောင်လှိုင် သုံးသပ်ထားပုံရသည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ် နှစ်ဆန်းကတည်းက KIA ဌာနချုပ် လိုင်ဇာအနီး စစ်ဆင်မှုများ၊ TNLA အခြေစိုက်စခန်းများနှင့် MNDAA အခြေစိုက်စခန်းများကို စစ်ကောင်စီက ပစ်မှတ်ထားစစ်ဆင်ရေးများ ဆက်တိုက် လုပ်ဆောင်လာခဲ့သည်။

ထိုစစ်ဆင်ရေးများ၏ ရည်ရွယ်ချက်မှာ

(၁) KIA, TNLA, MNDAA အဖွဲ့များနှင့် PDFs အဖွဲ့များအကြား မြောက်ပိုင်းမှသည် စစ်ကိုင်း၊ မကွေးနှင့် ကရင်နီအထိ ချိတ်ဆက်နေသော ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်ခြင်းဖြင့် တော်လှန်စစ်ကို ဖြိုခွင်းရန်။

(၂) ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းမရှိသော နယ်မြေများကို ပြန်လည်ထိန်းချုပ်လာနိုင်ရန်။

(၃) ၂၀၂၄ ခုနှစ်တွင် စီစဉ်ထားသော သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများ နိုင်ငံအနှံ့ လုပ်ဆောင်နိုင်ရန်။

(၄) ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်တို့ ဖြစ်သည်။

သို့သော် မင်းအောင်လှိုင်ရင်ဆိုင်နေရသည့် အဓိကအကျပ်အတည်းမှာ စစ်တပ်တွင် တိုက်ခိုက်ရေးတပ်ဖွဲ့အင်အား လျော့နည်းလာခြင်းဖြစ်သည်။ ထို့အတူ ၎င်းတို့၏ အာဏာဗဟိုချက် နေပြည်တော်ကို PDF များက ဝိုင်းဝန်းပိတ်ဆို့ရန် မဟာဗျူဟာချ လုပ်ဆောင်လာသည်ကိုလည်း မင်းအောင်လှိုင် ရင်ဆိုင်နေရသည်။

ထို့ကြောင့် ကာကွယ်ရေးဦးစီးချုပ်အဆက်ဆက် မလုပ်ခဲ့သော အစဉ်အလာကို မင်းအောင်လှိုင်က ချိုးဖောက်ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှုများနှင့် ဆက်နွှယ်ပြီး အမည်ဆိုးဖြင့် ကျော်ကြားနေသော ရှမ်းမြောက်ပြည်သူ့စစ်အဖွဲ့များကို ကိုယ်တိုင် ကွင်းဆင်းစည်းရုံးလာရခြင်းက ၎င်းရင်ဆိုင်နေရသော အကျပ်အတည်း၏ အတိမ်အနက်ကို ထင်သာမြင်သာ ရှိစေပါသည်။

စစ်ကောင်စီရန်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ဒေသခံများကို ၂၀၂၃ နှစ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ – ခင်ဦးသတင်းပြန်ကြားရေး

နယ်မြေထိန်းချုပ်နိုင်စွမ်းမရှိလျှင် သန်းခေါင်စာရင်းကောက်၍ မရ၊ ရွေးကောက်ပွဲကျင်းပ၍ မရ

ပြည်သူ့စစ်ခေါင်းဆောင်များကို စည်းရုံးသည့် စက်တင်ဘာ ပထမပတ် လားရှိုးခရီးစဉ်အတွင်း တပ်နယ်ခန်းမ၌ တပ်တွင်းမိသားစုများကို စည်းရုံးရေးမိန့်ခွန်း ပြောကြားရာ၌ “၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူ၍ ရွေးကောက်ပွဲကို အစောဆုံးကာလတွင် ပြန်လည်ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း” မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

အာဏာသိမ်းပြီး တစ်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်လိမ့်မည်ဟု တွက်ကိန်းချ မျှော်လင့်ချက်နှင့် သမ္မတအိပ်မက် ပြက်ပျယ်ခဲ့ရသော မင်းအောင်လှိုင်သည် ယခုအခါ ခဲမှန်ဖူးသော စာသူငယ်သဖွယ် ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အချိန်ကာလကို အတိအကျမပြောရဲသော အခြေအနေနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

အဆိုပါ ပြောဆိုချက်ကို ထောက်ရှုလျှင် ရွေးကောက်ပွဲကျင်းပရန် မသေချာသည့် စိတ်အခြေအနေ မင်းအောင်လှိုင်ကိုယ်တိုင် ဖြစ်ပေါ်နေကြောင်း ဖော်ပြနေပါသည်။ စင်စစ် နယ်မြေထိန်းချုပ်နိုင်စွမ်း မရှိလျှင် ရွေးကောက်ပွဲကို မဆိုထားနှင့် သန်းခေါင်စာရင်းကိုပင် ကောက်ယူနိုင်မည် မဟုတ်ကြောင်း မင်းအောင်လှိုင် သိနေပါလိမ့်မည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏသိမ်း နှစ်နှစ်ပြည့်ချိန်က နိုင်ငံဧရိယာ၏ ၆၀ ရာခိုင်နှုန်းခန့် (မြို့နယ် ၁၉၈ မြို့နယ်) ကိုသာ ကောင်းစွာထိန်းချုပ်နိုင်ခြင်းကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်ကြောင်း မင်းအောင်လှိုင် ကမ္ဘာသိ ဝန်ခံခဲ့ရသည်။

ထိုအချိန်ကတည်းက ရွေးကောက်ပွဲကိစ္စကို ၎င်း၏ မိန့်ခွန်းများတွင် သိသိသာသာ ရှောင်ရှားခဲ့သည်။ မင်းအောင်လှိုင်၏ အထက်ပါ ဝန်ခံချက်က ဗိုလ်ချုပ်ကြီးနေဝင်းနောက်ပိုင်း စစ်တပ်သမိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်တစ်ဦး၏ အရှက်ကွဲအကျိုးနည်းဆုံးဖြစ်ရပ် ဖြစ်သည်။

တော်လှန်ရေးသမားများကို ၂၀၂၂ နှစ်ကုန်ပိုင်းက စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ-Myanmar Now

ကိုယ်ဖော်သည့်ဆေးဖြင့် အဆိပ်သင့်နေသော မင်းအောင်လှိုင်

သို့သော် နိုင်ငံရေးလမ်းကြောင်းပျောက်နေသည့် အဖြစ်ကို ကြိုးစားဖုံးကွယ်ရန်လည်း မင်းအောင်လှိုင်အတွက် လိုအပ်သည်။ ထို့ကြောင့် လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း ရွေးကောက်ပွဲကော်မရှင်က အီလက်ထရောနစ်မဲပေးစနစ် သရုပ်ပြပွဲများကို ဝန်ကြီးဌာန တစ်ခုပြီးတစ်ခု လှည့်ပတ်ပြသသည့် ဟန်ရေးပြလှုပ်ရှားမှုများ လုပ်ဆောင်ပြီး စစ်တပ်ဝါဒဖြန့်သတင်းစာများတွင် နေ့စဉ် ထုတ်ပြန်လျက်ရှိသည်။

ယင်းသည် နိုင်ငံအနှံ့ EROs များနှင့် PDFs ပူးပေါင်းစစ်ဆင်သော တိုက်ပွဲတိုင်း ရှုံးနိမ့်နေပြီး မျက်နှာပန်းမလှ ဖြစ်နေချိန်တွင် နိုင်ငံတော်ကြီးသည် စီစဉ်ထားသည့်အတိုင်း အခြေအနေအရပ်ရပ်က စနစ်တကျ ဖြစ်ထွန်းအကောင်အထည်ဖော်နေသယောင် ပုံဖော်ပြနေခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း မကောက်ယူမီ မင်းအောင်လှိုင် လုပ်နိုင်စွမ်းသော အရာမှာ တစ်ခုတည်းရှိသည်။ ပြည်သူများ၏ တော်လှန်စစ်ကို ချေမှုန်းရန် ရပ်ရွာအများအပြားကို မီးရှို့ပြာချပစ်သည်။ အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည်။ မြေပြင်မှ အမြောက်၊ စိန်ပြောင်း၊ မော်တာ စသည့် လက်နက်ကြီးများဖြင့် ရပ်ရွာများကို ချိန်ရွယ် ပစ်ခတ်တိုက်ခိုက်သည်။

ထို့ကြောင့် အကြမ်းဖက် စစ်တပ်ရန်မှ ထွက်ပြေးတိမ်းရှောင်ရသော ပြည်သူ လူဦးရေ နှစ်သန်းနီးပါးအထိ တိုးပွားလာနေသည်။

ယခုတစ်ဖန် လူဦးရေသန်းခေါင်စာရင်းကောက်မည်ဟု လုပ်ပြန်သည်။ ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ စစ်ကိုင်း၊ မကွေးဒေသတချို့နှင့် ရှမ်း (မြောက်) နေရာအနှံ့ လူဦးရေသန်းခေါင်စာရင်း ကောက်မည်ဆိုလျှင် တောတောင်အနှံ့ ကွင်းဆင်းကောက်ယူရပေလိမ့်မည်။

မင်းအောင်လှိုင်သည် ကိုယ်ဖော်သည့်ဆေးဖြင့် အဆိပ်သင့်နေခြင်း ဖြစ်သည်။ ၎င်း၏ စစ်ရေးဗျူဟာသည် ၎င်းလိုချင်သော နိုင်ငံရေးအခင်းအကျင်းကို ဖျက်ဆီးလျက်ရှိသည်။ ထို့ကြောင့် မဲစာရင်းကို မင်းအောင်လှိုင်က လိုရာသုံး ဂျိုကာဖဲတစ်ချပ်အဖြစ် အသုံးပြု၍ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ခြေလှမ်းများ လှမ်းပြနေသည်။

ကျိုးကြောင်းဆင်ခြင်ဉာဏ်ရှိသူတိုင်း ထိုအဖြစ်ကို မြင်နိုင်ပေသည်။ သို့သော် မင်းအောင်လှိုင် အဘယ်ကြောင့် မမြင်နိုင်သနည်း။ အဖြေက ရှင်းပါသည်။ “မလုပ်ရဲတာ ဘာမှမရှိဘူး” ဟု ကြွေးကြော်ခဲ့သော စစ်ခေါင်းဆောင်၏ “အာဏာရမ္မက်” ကြောင့် ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button