ကုလသမဂ္ဂ၏ သီးခြားလွတ်လပ်သော မြန်မာပြည်ဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့သည် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တပ်မတော်က လူသားမျိုးနွယ်ထုတစ်ခုလုံးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအားကျူးလွန်ကြောင်း စွပ်စွဲထားသည့် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ပြီးဖြစ်သည်။ နောက်ဆက်တွဲအဖြစ် ရာဇဝတ်မှုများကျူးလွန်သည်ဆိုသော တပ်မတော်၏ ပင်မစီးပွားရေးလုပ်ငန်းများဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင်လုပ်ငန်းများနှင့် ၎င်းတို့နှင့် ဆက်နွှယ်နေသည့် ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းများအကြောင်း အသေးစိတ်အချက်အလက်များကို ဩဂုတ်လ ၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် သတင်းစာရှင်းပွဲလုပ်၍ အစီရင်ခံစာ ထပ်မံထုတ်ပြန်လိုက်သည်။ ထိုအစီရင်ခံစာနှင့် ပတ်သက်၍ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ဦးဆောင်သူ အင်ဒိုနီးရှားနိုင်ငံမှ ရှေ့နေချုပ်ဟောင်း မစ္စတာ မာဇူကီး ဒါရူစမန်း (Marzuki Darusman) ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်
Myanmar Now – ဦးပိုင်နဲ့ စီးပွားရေးကော်ပိုရေးရှင်းတို့ဟာ မြန်မာပြည်မှာ ဖြစ်ပွားနေတယ်လို့ စွပ်စွဲကြတဲ့ မျိုးသုဉ်းသတ်ဖြတ်မှုနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာပါတယ်လို့ အစီရင်ခံစာမှာ တွေ့ရပါတယ်။ ဘယ်အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါသလဲ။
တပ်မတော်ဟာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ ဦးပိုင်လီမိတက်နဲ့ လက်ခွဲကုမ္ပဏီတွေကနေ ဝင်ငွေတွေ ရနေတယ်လို့ ကျွန်တော်တို့ စုံစမ်းသိရှိရပါတယ်။ မြန်မာနိုင်ငံရဲ့စီးပွားရေးကဏ္ဍမျိုးစုံမှာ ဦးပိုင်နဲ့ စီးပွားရေးကော်ပိုရေးရှင်းတို့ ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းပေါင်း ၁၂၀ လောက်ကို ရှိပါတယ်။ အဲဒါတွေနဲ့ တခြားသော ဝင်ငွေရင်းမြစ်တွေဖြစ်တဲ့ ဥပမာ စီးပွားရေးသမားတွေရဲ့ အလှူငွေတွေဟာ တပ်မတော်ရဲ့ ဘဏ္ဍာတိုက်ကြီးထဲကို ငွေတွေဖြည့်ပေးနေတာဖြစ်သလို တပ်မတော်အနေနဲ့ ရာဇဝတ်မှုတွေအများအပြား ကျူးလွန်နိုင်အောင်လည်း အားပေးနေပါတယ်။ ဘယ်လိုရာဇဝတ်မှုတွေလဲဆိုတော့ ၂၀၁၈ ခုနှစ်ထုတ် ကျွန်တော်တို့ရဲ့အစီရင်ခံစာမှာ မှတ်တမ်းပြထားတဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု စတာတွေပဲ ဖြစ်ပါတယ်။
Myanmar Now – ဦးပိုင်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့က ရတဲ့ငွေတွေကို သုံးပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေကို တပ်က ကျူးလွန်ပါတယ်ဆိုတဲ့ သက်သေမျိုးရှိပါသလား။
ဦးပိုင်နဲ့ စီးပွားရေးကော်ပိုရေးရှင်းတို့က ရငွေတွေနဲ့ တိတိကျကျ ချိတ်ဆက်ပြရမယ့် အပြုအမူမျိုးတော့ တိုက်ရိုက်အားဖြင့် မရှိပါဘူး။ ဒါပေမဲ့လည်း အဲဒီလုပ်ငန်းစုကြီးတွေက ရငွေတွေဟာ တပ်ဆီကို သွားတယ်၊ ပြီးတော့ တပ်ကတော့ နိုင်ငံတကာဥပဒေအရ တားမြစ်ထားတဲ့ ပြစ်မှုကြီးတွေကို ဆက်ခါဆက်ခါ ကျူးလွန်တယ်။ ဒီလိုမျိုး ယေဘုယျဆက်သွယ်ချက်ကတော့ ထင်ရှားပါတယ်။ အငြင်းပွားစရာမရှိပါဘူး။
Myanmar Now – တပ်မတော်ရဲ့ စီးပွားရေးမှာပါဝင်နေပုံတွေကို စုံစမ်းဖော်ထုတ်ရာမှာ လူကြီးမင်းတို့ကို အံ့အားအသင့်စေဆုံးအရာက ဘာပါလဲ။
(နိုင်ငံတော်ဘတ်ဂျက်နဲ့မဆိုင်တဲ့) ပြင်ပလမ်းကြောင်းတွေက ရငွေတွေအပေါ် တပ်မတော်က ဒီလောက် ရဲရဲတင်းတင်း ကြီးကြီးကျယ်ကျယ် အားကိုးမှီခိုနိုင်တာကိုတော့ အအံ့ဩရဆုံးပါပဲ။ သာဓကတစ်ခုကို ပြရရင် ၂၀၁၇ ဩဂုတ်လ ၂၅ ရက်နေ့မှာ အစပြုခဲ့တဲ့ “နယ်မြေရှင်းလင်းရေး” လုပ်ဆောင်ချက်တွေကို ထောက်ခံတဲ့ စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းဆီကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောင်ပြောင်တင်းတင်း အလှူခံခဲ့တဲ့ ကိစ္စပါပဲ။ အလားတူ ကြီးကျယ်တဲ့ကိစ္စကတော့ စီးပွားရေးလုပ်ငန်းရှင်တွေထဲက အချို့ဟာ တပ်မတော်ကို ပြောင်ပြောင်တင်းတင်းပဲ ငွေလှူခဲ့တာပါပဲ။ ဒါတွေအားလုံး လူသိရှင်ကြား ထုတ်ပြန်ထားတာပါ။ ပုန်းလျှိုးကွယ်လျှိုးလုပ်ခဲ့တာ မဟုတ်ပါဘူး။ ပေါ်တင်ကို လှူခဲ့တာပါ။ သူတို့ရဲ့ လှူဒါန်းထောက်ပံ့မှုတွေဟာ သိပ်ကိုကြီးလွန်းလို့ ကျွန်တော်တို့အစီရင်ခံစာမှာ ဘယ်လိုတောင် နိဂုံးချုပ်ထားရလဲဆိုတော့ တပ်မတော်က နိုင်ငံတကာဥပဒေတွေချိုးဖောက်တဲ့ ရာဇဝတ်မှုတွေမှာ စီးပွားရေးခေါင်းဆောင်တွေ ဘယ်လိုအခန်းကနေ ပါဝင်သလဲဆိုတာရယ်၊ အဲဒီ ရာဇဝတ်မှုကျူးလွန်မှုတွေမှာ ပုလင်းတူဘူးဆို့ အားပေးကူညီမှုအနေနဲ့ စီးပွားရေးခေါင်းဆောင်တွေကိုပါ ခုံရုံးတင်သင့်မတင်သင့် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေလုပ်တဲ့အထိ ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
Myanmar Now – လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေက ဘယ်အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါသလဲ။
အထက်မှာပြောခဲ့သလိုပါပဲ။ တပ်ရဲ့စီးပွားရေးလက်တံတွေဟာ သူ့ရဲ့ဘဏ္ဍာတိုက်ကြီးထဲကို ငွေတွေဖြည့်ပေးနေတာဖြစ်သလို တပ်မတော်အနေနဲ့ ရာဇဝတ်မှုတွေအများအပြား ကျူးလွန်နိုင်အောင်လည်း အားပေးနေပါတယ်။ ဘယ်လိုရာဇဝတ်မှုတွေလဲဆိုတော့ ၂၀၁၈ ခုနှစ်ထုတ် ကျွန်တော်တို့ရဲ့ အစီရင်ခံစာမှာ မှတ်တမ်းပြထားတဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု စတာတွေပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ပဋိပက္ခဒေသတွေမှာ တပ်မတော်ကလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ၊ ဥပမာ – ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်ရေးဟာ ပဋိပက္ခကို ပိုပြီး ဆိုးစေပါတယ်။ ဒါတင်မကပါဘူး။ တပ်မတော်ဟာ သူ့စီးပွားရေးလုပ်ငန်းတွေနဲ့ ခွဲမရအောင် တွဲဆက်နေပါတယ်။ အကြောင်းကတော့ ဒီလုပ်ငန်းတွေကနေ တပ်ဟာ ပိုက်ဆံတွေရတယ်၊ အဲဒီပိုက်ဆံတွေကိုလည်း အရပ်သားအစိုးရရဲ့ ကြီးကြပ်မှုသော်လည်းကောင်း တာဝန်ခံမှုသော်လည်းကောင်း မရှိဘဲ သုံးစွဲနေလို့ပါပဲ။ ဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ်အပေါ် ထိန်းကျောင်းမယ့်စနစ်မရှိခြင်းရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး ဒါကြောင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မြန်မြန်ထက်ထက် လုပ်ဖို့ လိုနေတာဖြစ်ပါတယ်။ တပ်မတော်က စီးပွားရေးမှာ ပါနေတာကြောင့် လူမှုရေးအရလည်း ပွန်းပဲ့တိုက်စားမှုကို ကြုံရပါတယ်။ သူတို့ရဲ့ ရိုဟင်ဂျာနှိပ်ကွပ်နှိမ်နင်းရေးတွေ၊ အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထောက်ခံဖို့ အလှူငွေတွေ လိုက်ကောက်ခံတယ်ဆိုတာက တပ်မတော်ဟာ သူ့ရဲ့လုပ်ရပ်တွေအပေါ် စီးပွားရေးလောကရဲ့ ထောက်ခံမှုကို လိုက်တောင်းခံတာပါပဲ။ စီးပွားရေးသမားအသိုင်းအဝိုင်းက ထောက်ခံမှုပေးတဲ့အခါမှာတော့ တိုင်းပြည်ရဲ့ ရှိရင်းစွဲ စိတ်ဝမ်းကွဲမှုဟာ ပိုကြီးလာခဲ့ပါတယ်။
Myanmar Now – အဲဒီအတွက် ဘာလုပ်သင့်ပါသလဲ။ နိုင်ငံတကာအသိုင်းအဝိုင်းက ဘာလုပ်ပေးနိုင်ပါသလဲ။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအကျပ်အတည်းကို အဆုံးသတ်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက အခရာကျနေပါတယ်။ မြန်မာဟာဆိုရင် ကမ္ဘာ့အလယ်က သူ့ရဲ့တစ်နေရာစာနဲ့ ပတ်သက်လို့ အထိအခိုက်မခံတဲ့ သဘောရှိသလို နိုင်ငံတကာဖိအားဟာဆိုရင်လည်း အစိုးရရဲ့လုပ်ပုံကိုင်ပုံတွေ ပြောင်းလာအောင် စွမ်းနိုင်ကြောင်း သက်သေပြခဲ့ပြီးပါပြီ။ ဒီနှစ်စောပိုင်းမှာ ‘ရိုက်တာ’ သတင်းထောက်နှစ်ယောက်ကို လွှတ်ပေးခဲ့တာဟာ သက်သေပါပဲ။ ဒါပေမဲ့ အဲဒီဖိအားဟာ တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိရမယ်၊ အဖြေကို ပြောင်းလဲပေးနိုင်ရမယ်၊ တစ်လွှာပြီးတစ်လွှာ တစ်ဆင့်ပြီးတစ်ဆင့် လာရမယ်။ ဒီနေရာမှာ ရာဇဝတ်ကြောင်းအရ အရေးယူနိုင်ရေးဟာ အဓိကပဲ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာပြည်ကိစ္စကို အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး(အိုင်စီစီ) ကို လွှဲသင့်ပါတယ်။ နိုင်ငံတစ်နိုင်ငံချင်းစီကလည်း ရာထူးအသီးသီး တာဝန်အသီးသီးမှာရှိကြတဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်စေဖို့ရာအတွက် သက်ဆိုင်ရာနိုင်ငံအလိုက် ရာဇဝတ်တရားရေးစနစ်တွေကို ပြန်အသုံးပြုသင့်ပါတယ်။ ဒါပေမဲ့ အရေးယူတဲ့နေရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုကြီးတွေကို ဖြစ်စေတဲ့ တပ်မတော်ရဲ့အနေအထားကို ထောက်ခံပေးထားတဲ့ ပင်မကျောရိုးတိုင်ကြီးကို ပိုပြီးပစ်မှတ်ထားဖို့ လိုပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖြစ်စေချင်တာက တပ်မတော်နဲ့ရှိထားတဲ့ အကျိုးတူလုပ်ငန်းတွေကို ရပ်တန့်ပစ်ပြီး တပ်မတော်မပါတဲ့ လုပ်ငန်းတွေအချင်းချင်းနဲ့သာ မိတ်ဖက်ပြုခြင်းအားဖြင့် တပ်မတော်မပါဝင်တဲ့ စီးပွားရေးကဏ္ဍတစ်ရပ်ကို မြန်မာပြည်မှာထွန်းကားအောင် လုပ်ဖို့ဖြစ်ပါတယ်။ ဒါ့ပြင် ကျွန်တော်တို့အနေနဲ့ လက်နက်ရောင်းချမှုပိတ်ပင်ဖို့ တောင်းဆိုသလို လူတစ်ဦးချင်းအနေနဲ့ကိုလည်း … ဆိုပါတော့ ဦးပိုင်တို့၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့၊ သူတို့ရဲ့လက်ခွဲလုပ်ငန်းတွေတို့နဲ့ အလုပ်သဘောအရ မဆက်ဆံဖို့၊ အဲဒီလုပ်ငန်းတွေက ထုတ်လုပ်၊ ရောင်းချ၊ တင်ပို့တဲ့ ကျောက်စိမ်းတို့ ပတ္တမြားတို့ကို မဝယ်ဖို့ တောင်းဆိုနေပါတယ်။
Myanmar Now – မြန်မာပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ တပ်မတော်က ဘယ်လိုပါဝင်ကူညီသင့်သလဲ။
တပ်မတော်အနေနဲ့ ဘေးကို ထွက်ပေးလိုက်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံကို အရပ်သားစစ်စစ်ကအုပ်ချုပ်တဲ့ ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်အောင် သွားခွင့်ပေးလိုစိတ် ခုထိမပြသေးတဲ့ တပ်မတော်ဟာ ဘယ်လိုအပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်မှာမို့လို့လဲ။ စီးပွားရေးအင်ပါယာကြီးအပါအဝင် တစ်တိုင်းပြည်လုံးမှာ တပ်မတော်က ရယူထားတဲ့ ခြေကုပ်တွေက ဒီမိုကရေစီကို ခြိမ်းခြောက်နေပါတယ်။ နိုင်ငံကို ကာကွယ်ရေးမှာတော့ တပ်မတော်ဟာ အသက်သွေးကြောတမျှ အရေးကြီးပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီခရီးကို ပိတ်ဆို့ထားဖို့ကတော့ သူတို့လုပ်ရမယ့်အရာမဟုတ်ပါဘူး။ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံမှာ တပ်မတော်လုပ်သင့်တဲ့အရာကတော့ နိုင်ငံရေးရဲ့စီးပွားရေးကနေ နောက်ဆုတ်ပြီး ကင်းကင်းနေဖို့ပါပဲ။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ဆိုရင် တပ်မတော်ကို ထိပ်ဆုံးကနေ အောက်ခြေအထိ ပြန်ပြီး ပြင်ဆင်ဖွဲ့စည်းရပါလိမ့်မယ်။ လွှတ်တော်ထဲမှာ လွှမ်းမိုးနိုင်တဲ့နေရာကို ယူထားပြီး အစိုးရအဖွဲ့ဝန်ကြီးနေရာတွေ ယူထားတာ ၊ တိုင်းပြည်စီးပွားရေးမှာ အသာစီးယူထားတာတွေကို ပြန်ရုပ်သိမ်းဖို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်၊ ဥပဒေပြုရေးကဏ္ဍကို ပြင်ရမယ်၊ စီးပွားရေးကို ပြင်ရမယ်။ ဒီနည်းနဲ့ တပ်ကို ဖိအားပေးရမယ်။
Myanmar Now – ရိုဟင်ဂျာတွေအပေါ်မှာ ကျူးလွန်ခဲ့တာတွေအတွက် တာဝန်ခံဖို့၊ တရားမျှတမှုရစေဖို့ကိစ္စ ဘယ်လောက် မျှော်လင့်ထားပါသလဲ။
ဒီမေးခွန်းတွေဖြေဖို့အတွက်ကတော့ ရိုဟင်ဂျာတွေ ဘာတွေကြုံခဲ့ရသလဲ၊ သူတို့လိုချင်တာက ဘာလဲ၊ သူတို့လိုအပ်တာက ဘာလဲဆိုတာတွေကို ကျွန်တော်တို့ ပြန်ကြည့်ဖို့လိုပါတယ်။ တရားမျှတမှုကို လိုချင်တယ်လို့ ရိုဟင်ဂျာတွေက ကျွန်တော်တို့ကို ပြောပါတယ်။ ရာနှုန်းပြည့်နိုင်ငံသား လိုချင်တယ်၊ သူတို့ကို နှိပ်ကွပ်တာတွေ ပြီးဆုံးစေချင်တယ်လို့ ပြောပါတယ်။ သူတို့ထဲက အတော်များများကတော့ မြန်မာဘက်ကို ပြန်သွားချင်ကြတယ်၊ ဒါပေမဲ့ ဘာအန္တရာယ်မှမရှိဘဲ ဂုဏ်သိက္ခာရှိရှိနဲ့ပြန်နိုင်မှ ပြန်မယ်လို့ ကျွန်တော်တို့ ကြားရပါတယ်။ အစိုးရက သူတို့ရဲ့အခွင့်အရေးတွေကို လေးစားပြီး ကာကွယ်ပေးရမယ်ဆိုတဲ့ အခြေအနေမျိုးပေါ့။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ အစိုးရရဲ့ ခွဲခြားဆက်ဆံမှုတွေ ဆက်ဖြစ်နေတုန်းပဲဆိုတာနဲ့ ခုနကအခြေအနေမျိုးရောက်ဖို့ လိုအပ်တဲ့အရာတွေကို မလုပ်ဘူးဆိုတာပါပဲ။
အပူတပြင်းအလုပ်သင့်ဆုံးအရာကတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်အသစ်တစ်ခုရဲ့ အလုပ်တွေမှာ နိုင်ငံတကာက ဝိုင်းဝန်းကူညီကြဖို့ပါပဲ။ အဲဒီလုပ်ငန်းစဉ်ဆိုတာကတော့ မြန်မာပြည်ကလူ့အခွင့်အရေးချိုးဖောက်သူတွေကို ကမ္ဘာတစ်ဝန်းက တရားရုံးတွေက တရားစွဲဆိုနိုင်အောင် ကူညီနိုင်မယ့် အခွင့်အာဏာကို ရထားပါတယ်။ အိုင်စီစီမှာ တစ်နေတဲ့ကိစ္စတွေလည်း ပြန်ပွင့်သွားစေဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တရားစီရင်ပိုင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်အချို့ကြောင့် ရာဇဝတ်မှုအနည်းအကျဉ်းလောက်ကိုသာ စစ်ဆေးနိုင်မယ်ဆိုပေမယ့်လည်း ဒီလမ်းကြောင်းကိုလည်း မျှော်လင့်ပါတယ်။ ဒါကြောင့်လည်း လုံခြုံရေးကောင်စီဟာ ဒီပြဿနာကို အိုင်စီစီဆီ လွှဲတင်လိုက်နိုင်မယ်ဆိုရင်ကိုပဲ တာဝန်ခံမှုပိုင်းဆိုင်ရာ အင်မတန်ကြီးမားတဲ့ အောင်မြင်မှုကြီး ဖြစ်လာမှာပါ။ အကယ်၍ နိုင်ငံတွေ နိုင်ငံတွေ ပူးပေါင်းပြီး မြန်မာအစိုးရကို အိုင်စီစီရဲ့ရှေ့မှောက်မှာ Genocide Convention (လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း) အရ တာဝန်ယူခိုင်းနိုင်အောင် လုပ်နိုင်ရင်လည်း ကြီးမားတဲ့ အောင်မြင်မှုတစ်ရပ် ဖြစ်မှာပါပဲ။
Myanmar Now – ဒီအစီရင်ခံစာကနေ မြန်မာလူထု ရယူသင့်တဲ့ အဓိကအမှာစကား သို့မဟုတ် မြန်မာလူထုကို လူကြီးမင်းတို့ ပေးပို့ချင်တဲ့ အမှာစကားက ဘာပါလဲ။
တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေစွမ်းကို အားပျော့သွားစေဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အစီရင်ခံစာမှာဆိုရင် အဲဒီလုပ်ငန်းတွေကို လိုက်ပြထားတယ်။ တိုင်းပြည်အပေါ်ချုပ်ကိုင်ထားတဲ့ တပ်မတော်ရဲ့လက်သီးဆုပ်ကို ပြေလျော့အောင် နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လိုနည်းနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်မလဲ၊ တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ လူ့အခွင့်အရေးတွေကို တန်းတူညီမျှ လေးစားလိုက်နာတဲ့ ပိုပြီးတည်ငြိမ်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို အဓိကအကြံပြုချက်တွေ ပေးထားတယ်။
မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံခြားက ဘယ်ကုမ္ပဏီတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုလို့ စွပ်စွဲထားတဲ့ကိစ္စမှာ လက်လျှိုဝင်ပါနေပါသလဲ။ အစီရင်ခံစာရဲ့ နောက်ဆက်တွဲစာရင်းကိုကြည့်ပါ။