
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သား ကိုအောင်ပြည့်စုံ ပိုင်ဆိုင်ထားသော ကုမ္ပဏီများကိုပါ အရေးယူရန် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့က ယနေ့ထုတ်ပြန်သည့် မြန်မာစစ်တပ်၏အကျိုးစီးပွားများဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက် (MEHL) ၊ မြန်မာ့စီးပွားရေးကော်ပရေးရှင်း (MEC) များ၏လက်အောက်ခံ စီးပွားရေးလုပ်ငန်းများသည် တပ်မတော်ခေါင်းဆောင်များ၏ မိသားစုဝင်များနှင့် ဆက်စပ်လျက်ရှိကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါအစီရင်ခံစာ၌ ကိုအောင်ပြည့်စုံ အစုရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသော Sky One Construction ကုမ္ပဏီလည်း ပါဝင်သည်။
Sky One Construction ကုမ္ပဏီလီမိတက်ကို ၂၀၁၃ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် စတင်မှတ်ပုံတင်ခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင်များမှာ ကိုအောင်ပြည့်စုံနှင့် ကိုမောင်မောင်နိုင်တို့ ဖြစ်သည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA)တွင် ဖော်ပြထားသည်။
ထို့အပြင် သူသည် အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီတွင် ကြီးမားသော အစုရှယ်ယာကိုလည်း ပိုင်ဆိုင်ထားသည်ဟု စွပ်စွဲခံထားရသူဖြစ်သည်။ ထိုအာမခံကုမ္ပဏီမှာ တပ်မတော်အဖွဲ့ဝင်များအားလုံး အာမခံ မထားမနေရ ထားရသော MEC၏လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သည်။
ကိုအောင်ပြည့်စုံသည် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပရေးရှင်း(MEC)နှင့် ဗီယက်နမ်ဆက်သွယ်ရေးကုမ္ပဏီတို့ ပူးပေါင်းဖွဲ့စည်းထားသော Mytel ဆက်သွယ်ရေးကုမ္ပဏီတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားကြောင်းလည်း အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစီရင်ခံစာတွင် ထိုသို့ဖော်ပြထားသော်လည်း Mytel ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မင်းဦးကတော့ ကိုအောင်ပြည့်စုံသည် ကုမ္ပဏီတွင် ရှယ်ယာထည့်ဝင်ထားခြင်းမရှိကြောင်း၊ အသေးစိတ်အခြေအနေများကို မကြာခင် သတင်းထုတ်ပြန်သွားမည်ဟု Myanmar Now ကို ပြောကြားသည်။
ကိုအောင်ပြည့်စုံသည် ဖခင်ဖြစ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ၎င်းကိုယ်တိုင်သို့မဟုတ် ၎င်း၏ဇနီးအမည်ဖြင့် ရောင်းဝယ်ရေး၊ ဆေးရုံသုံးစက်ပစ္စည်း၊ ဆောက်လုပ်ရေး၊ ဟိုတယ်လုပ်ငန်း စသည့် လုပ်ငန်းများနှင့်ပတ်သက်သော ကုမ္ပဏီ အနည်းဆုံး ခြောက်ခု ထူထောင်ခွင့် ရခဲ့သည်။
စစ်တပ်၏ စီးပွားရေးအဆက်အသွယ်များကို ဖော်ထုတ်ကာ ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများနှင့် လက်နက်ရောင်းချမှုများကို ပိတ်ဆို့ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်၏ယနေ့ထုတ်အစီရင်ခံစာအား ရှေ.လစက်တာဘာလတွင် ကုလလုံခြုံရေးကောင်စီတွင်တင်သွင်းမည်ဖြစ်ကြောင်းသိရှိရသည်။