နိုင်ငံတကာသတင်းသတင်း

ကျိုတိုမြို့တွင် ရုပ်ရှင်စတူဒီယို မီးလောင်၍ အနည်းဆုံး ၂၄ ဦး သေဆုံး

ဂျပန်နိုင်ငံ၊ ကျိုတိုမြို့ရှိ ကာတွန်းရုပ်ရှင် စတူဒီယို၌ ရှို့မီးဟု သံသယဖြစ်ဖွယ် မီးလောင်မှုကြီး ယနေ့မနက်အစောပိုင်း (ဇူလိုင်လ ၁၈ရက်)က ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၂၄ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီကာ ဒဏ်ရာရရှိသွားကြောင်း ဂျပန်အာဏာပိုင်များက ပြောကြားသည်။

၎င်းတို့၏အဆိုအရ ဒဏ်ရာရရှိသူများအနက် အတော်များများမှာ ပြင်းထန်ကာ စိုးရိမ်ရကြောင်း သိရသည်။

ပထမဆုံး လူတစ်ဦး သေဆုံးကြောင်း အတည်ပြုပြီးနောက် လူ ၁၂ ဦးကို ပထမထပ်ကြမ်းပြင်တွင် အသက်ရှူလမ်းကြောင်း ပိတ်ဆို့၍ နှလုံးရပ်ကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက AFP သို့ ပြောပြသည်။

မီးသတ်ဌာနမှ အရာရှိများ၏ ပြောကြားချက်အရ သေဆုံးသူများ၏ ရုပ်အလောင်းများ ဆက်လက်ရှာဖွေ တွေ့ရှိနေဆဲဖြစ်ရာ သေဆုံးသူဦးရေ မြင့်တက်လာဖွယ်ရှိသည်။

နောက်ထပ်သေဆုံးသူ ၁၁ ဦးမှာလည်း အသက်ရှူကျပ်၍ နှလုံးရပ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ဂျပန်ပြည်တွင်း မီဒီယာများဖော်ပြချက်အရ အဆိုပါ ကာတွန်းစတူဒီယိုထဲတွင် လူပေါင်း ၇၀ ခန့် ပိတ်မိနေနိုင်သည်ဟု ဆိုသည်။

လူပေါင်း ၃၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် ၁၀ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း၊ ဂျပန်မီးသတ်ဌာနက နံနက် ၁၀ နာရီခွဲခန့်တွင် မီးလောင်နေသည့်သတင်းကို လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းများကဆိုသည်။

 ရဲတပ်ဖွဲ့ကမူ အဆိုပါမီးသည် တမင်တကာရှို့သော မီးဖြစ်သည်ဟု ဆိုပြီး အသေးစိတ်ကို ထုတ်ဖော်မပြောသေးပေ။

အန်နီမေးရှင်းစတူဒီယို အနီးတွင် ဓာတ်ဆီလောင်းခဲ့သည်ဟု ယူဆရသော အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပြီဖြစ်သည်ဟု NHK သတင်းဌာနက ဖော်ပြသည်။

အဆိုပါအမျိုးသားသည် စတူဒီယိုအနီးတစ်ဝိုက်တွင် ဓာတ်ဆီဟုယူဆရသော အရည်တစ်မျိုးကို လောင်းချခဲ့ပြီးခင်ဗျားတို့သေကြဟု အော်ဟစ်ပြီး မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းအမျိုးသားသည်လည်း ဒဏ်ရာရရှိသွားပြီး ဆေးရုံတစ်ခုတွင် ကုသမှုခံယူနေရသည်။ ရဲတပ်ဖွဲ့က မီဒီယာများကို ၎င်းနှင့်တွေ့ဆုံခွင့်မပြုပေ။

စတူဒီယိုမီးလောင်ကျွမ်းမှုကို ရိုက်ကူထားသော ဗီဒီယိုမှတ်တမ်းတွင် သုံးထပ် စတူဒီယိုအဆောက်အအုံ ပြတင်းပေါက်များမှ မီးခိုးများအလိပ်လိုက် ထွက်နေသည်ကို တွေ့မြင်ရသည်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်ပြီးလုပ်နေပါတယ်၊ အဆောက်အအုံထဲမှာ ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်နေပါတယ်။ လမ်းမလျှောက်နိုင်တော့တဲ့သူတွေလည်းပါပါတယ်ဟု မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

Credit: AFP

Show More

Related Articles

Back to top button