ကမ္ဘောဒီးယားနိုင်ငံတွင် တိုင်းရင်းသားလူနည်းစုများ လိင်ကုန်ကူးခံရသည့်အကြောင်း ရိုက်ကူးထားသည့် မော်ကွန်းရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်အောင်မြင်အောင် ပါဝင်ကူညီခဲ့သည့် ဘာသာပြန်တစ်ဦးကို အာဏာပိုင်များက ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် အမေရိကန်ဒေါ်လာ ၁၇,၅၀၀ ပေးရန် ပြစ်ဒဏ်ချမှတ်လိုက်သည်။
ရာရွတ်မိုနေဆိုသူသည် ရုပ်ရှားနိုင်ငံပိုင် ရုပ်သံဖြစ်သော RT ၏ မော်ကွန်းရုပ်ရှင် ချန်နယ်အတွက် အလုပ်လုပ်နေသူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ထုတ်လွှင့်တင်ဆက်ခဲ့သည့် ‘ကျွန်မကို ရောင်းစားတဲ့ အမေ’ ဟု အမည်ရသည့် လိင်ကုန်ကူးမှုဆိုင်ရာ ဇာတ်လမ်းရုပ်ရှင် ရိုက်ကူးနိုင်ရန်အတွက် သက်ဆိုင်သူများကို ချိတ်ဆက်ဆောင်ရွက် ဘာသာပြန် (Fixer) လုပ်ပေးခဲ့သည့်အတွက် ကမ္ဘောဒီးယား မြူနီစပယ်ခုံရုံးက ယင်းသို့ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည်။
အဆိုပါ ဇာတ်လမ်းရုပ်ရှင်သည် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရန် မိဘများ၏ ရောင်းစားခြင်းခံခဲ့ရသော ကမ္ဘောဒီးယား မိန်းကလေးငယ်သုံးဦး၏အကြောင်း ရိုက်ကူးထားခြင်းဖြစ်သည်။
အဆိုပါ ဇာတ်လမ်းရုပ်ရှင်တွင် မိခင်နှစ်ဦးအဖြစ် ပါဝင်ထားသည့် ကေ့ဗ်မာလေးနှင့် တပ်ဆီလန်တို့အနေနှင့်မူ လျော်ကြေးအနေနှင့် အမေရိကန်ဒေါ်လာ ၈၇၅၀ စီ ရရှိကြမည်ဖြစ်သည်။
ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ကေ့ဗ်မာလေးနှင့် သမီးဖြစ်သူ ကီရန်ဆရာမစ်ချ်တို့က သူတို့ပြောထားသည်များကို ပြန်ရုပ်သိမ်းပြီး ယင်းဇာတ်လမ်းရုပ်ရှင်တွင် မှားယွင်းသည့်ဇာတ်ကြောင်းများကို ပြောခိုင်းရန် ငွေကြေးလက်ခံရရှိခဲ့သည်ဟု ဆိုသည်။
ရာရွတ်မိုနေမှာမူ ဇာတ်လမ်းရုပ်ရှင်တွင် ခွဲခြားဆက်ဆံရန် ပါဝင်လှုံ့ဆော်ခဲ့မှုအတွက် အရေးယူခံရခြင်းဖြစ်ပြီး အာဏာပိုင်များက သတင်းမှား(သတင်းတု) ဖြန့်ဝေသူအဖြစ် သတ်မှတ်ခဲ့သည်။
ရာရွတ်မိုနေသည် ကမ္ဘောဒီးယားနိုင်ငံ၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းအောင် ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရကြောင်း သတင်းများအရ သိရသည်။
အဆိုပါ ဇာတ်လမ်းရုပ်ရှင် ထုတ်လွှင့်တင်ဆက်ခဲ့ပြီးနောက် ရာရွတ်မိုနေသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ပြေးခဲ့ကာ နိုင်ငံရေးခိုလှုံခွင့်ရရှိရန် ကြိုးပမ်းခဲ့သည်။
၎င်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းမိခဲ့ပြီး ကမ္ဘောဒီးယားအစိုးရ၏ တောင်းဆိုချက်ကြောင့် ကမ္ဘောဒီးယားသို့ လွှဲပြောင်းပေးခဲ့သည်။
Khmer Times သတင်းစာ၏ ရေးသားဖော်ပြချက်အရ ရာရွတ်မိုနေသည် ယင်းဇာတ်လမ်းရုပ်ရှင်နှင့်ပတ်သက်၍ ၎င်းတွင် အပြစ်မရှိကြောင်း ထွက်ဆိုထားပြီး ပြစ်ဒဏ်အတွက် အယူခံဝင်ရန် ပြင်ဆင်လျက်ရှိသည်။
South East Asia Press Alliance