နိုင်ငံတကာသတင်းသတင်း

ပြည်သူ ၂ သန်းကျော် ဆန္ဒပြခဲ့ပြီးနောက် ဟောင်ကောင်ခေါင်းဆောင် ဝန်ချတောင်းပန်

ဟောင်ကောင်တွင် တနင်္ဂနွေနေ့က ပြည်သူ သန်းခန့်က လမ်းမများကို ပိတ်ဆို့ကာ အငြင်းပွားဖွယ် တရားခံလွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေမူကြမ်းဖျက်သိမ်းရေအတွက် ဆန္ဒပြမှုကြီး ပေါ်ပေါက်ခဲ့ပြီးနောက် ဘေဂျင်းအစိုးရဘက်ယိမ်းသည့် ဟောင်ကောင်ခေါင်းဆောင်(အမျိုးသမီးအုပ်ချုပ်ရေးမှူး) ကာရီလမ်က ပြည်သူများကို ဝန်ချတောင်းပန်လိုက်သည်။

ကာရီလမ်က ယခုလို ဟောင်ကောင်တွင် ပဋိပက္ခသဘောမျိုး ဖြစ်ပေါ်နေခြင်းအတွက် ပြည်သူများကို တောင်းပန်သည်ဟုဆိုသော်လည်း ရာထူးမှဖယ်ရှားပေးရန် ဖိအားပေး တောင်းဆိုထားကြသည့်ကိစ္စကို လက်မခံပေ။

တနင်္ဂနွေနေ့ ဟောင်ကောင်တွင် လူ သန်းခန့် အင်အားအလုံးအရင်းဖြင့် ဆန္ဒပြခဲ့ကြသည့် အဓိကဦးတည်ချက်ထဲတွင် ဥပဒေကြမ်းကိစ္စသာမက ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ် ရာထူးမှနုတ်ထွက်ပေးရေးလည်း ပါဝင်သည်။

ယမန်နေ့ ဆန္ဒပြပွဲတွင် အနက်ရောင်လူပင်လယ်ကြီး(တီရှပ်အနက်များဝတ်ဆင်ထားသည်)က ဟောင်ကောင်၏ အထင်ကရလမ်းမကြီးများကို ဖြတ်ကာ ပါလီမန်ရှိရာသို့ ချီတက်လမ်းလျှောက်ခဲ့ကြသည်။ ဆန္ဒပြသူအရေအတွက် အတိအကျကို ခန့်မှန်းရန် ခက်ခဲပြီး သန်းခန့် ရှိနိုင်သည်ဟု ဆိုကြသည်။ သို့သော် ဟောင်ကောင်သမိုင်းကြောင်းတွင် လူအင်အားအများဆုံးပါဝင်သည့် ဆန္ဒပြပွဲအဖြစ် သတ်မှတ်၍ရကြောင်း မီဒီယာများက ဖော်ပြကြသည်။

အတိတ်ကာလက ဟောင်ကောင်တွင် အကြီးမားဆုံးသော ဆန္ဒပြပွဲမှာ ၁၉၈၉ ခုနှစ်အတွင်းက ပေါ်ပေါက်ခဲ့ပြီး ထိုစဉ်က တရုတ်ပြည်မကြီးတွင် ဖြစ်ပေါ်နေသော တိန်ယန်မင်ရင်ပြင်ဆန္ဒပြမှုကြီးကို ပံ့ပိုးသည့်အနေနှင့် ဟောင်ကောင်ပြည်သူများ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဟောင်ကောင်ဆန္ဒပြပွဲတွင် လူ ဒသမ သန်းခန့် ပါဝင်ခဲ့သည်ဟု ဖော်ပြထားချက်အရ သိရသည်။

ယခုတနင်္ဂနွေဆန္ဒပြပွဲနှင့်ပတ်သက်၍ ဟောင်ကောင်ရဲတပ်ဖွဲ့က လူဦးရေ အများဆုံး ၃၃၈၀၀၀ ခန့်အထိသာ ပါဝင်ခဲ့ကြောင်း အရေအတွက်ကို လျှော့ချပြောဆိုထားသည်။

တနင်္လာနေ့(ဇွန် ၁၇) နံနက်ပိုင်းတွင်မူ ပါလီမန်အနီးရှိ ပင်မဟိုင်းဝေးလမ်းမကြီးများကို သိမ်းပိုက်နေရာယူထားသော အစိုးရဆန့်ကျင်ရေး အင်အားစုများက ဆန္ဒပြမှုကို ရပ်ဆိုင်းပေးခဲ့ပြီး မော်တော်ယာဉ်များလည်း သွားလာခွင့်ပေးခဲ့သည်ဟု AFP သတင်းထောက်က ယင်းနေရာမှ တိုက်ရိုက်သတင်းပေးကြောင်း သတင်းတွင်ဖော်ပြထားသည်။

Credit: Reuters, AFP

Show More

Related Articles

Back to top button