သတင်း

ဦးဝီရသူ၏ ဟောပြောပွဲတွင် ထိုးကြိတ်ခံရပြီး တရားစွဲခံရသူနှစ်ဦးအမှု စတင်ကြားနာ

ရန်ကုန် မြို့တော် ခန်းမရှေ့တွင် ပြီးခဲ့သည့် မေလ ၅ ရက်နေ့က ဦးဝီရသူ ဟောပြောနေစဉ် ဆန့်ကျင်အော်ဟစ်ခဲ့သည်ဟု စွပ်စွဲခံရပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားခံထားရသူနှစ်ဦးကို ယနေ့ နေ့လယ်ပိုင်းက ကျောက်တံတားမြို့နယ်တရားရုံးတွင် စတင်စစ်ဆေးခဲ့သည်။

အဆိုပါနေ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်လိုသူများ၏ ဆန္ဒထုတ်ဖော်ပွဲတွင် ယခု ဝရမ်းပြေးဖြစ်နေသည့် ဦးဝီရသူဟောပြောနေစဉ် အော်ဟစ်ခဲ့ကြသည့် ဒဂုံမြို့နယ် လျှပ်စစ်ဝန်ထမ်း နှစ်ဦးဖြစ်သည့် ကိုပြည့်ဖြိုးထွန်းနှင့် ကိုအောင်ကိုသက်တို့သည် ဟောပြောပွဲတွင် ထောက်ခံအင်အားပြသူများတို့က ထိုးကြိတ် ရန်မူခြင်းကို ခံရပြီးနောက် ၎င်းတို့နှစ်ဦးကို ရဲက ခေတ္တထိန်းသိမ်းခဲ့သည်။

၎င်းတို့နှစ်ဦးကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်၊ ငွေဒဏ်တို့ ချမှတ်နိုင်သည့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ပြီး အာမခံပေးခဲ့သည်။ ယခု ပထမအကြိမ်ရုံးထုတ်တွင် တရားလို ကျောက်တံတားမြို့နယ်ရဲမှူး ရဲမှူးမျိုးသန့်က မျက်စိခွဲစိတ်ထားသည့်အတွက် လာရောက်နိုင်ခြင်းမရှိဘဲ ကျောက်တံတားမြို့နယ် စခန်းမှူး ဒုရဲမှူး ပိုထွန်းက လာရောက်ထွက်ဆိုခဲ့သည်။

ငြိမ်းစုစီ ဥပဒေနှင့်အညီ ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော်နေသည့် ဦးဝီရသူ၏ ဟောပြောပွဲကို အဆိုပါလူငယ်နှစ်ဦးက မူးယစ်သောက်စားပြီး နှောင့်ယှက် အော်ဟစ်သည့်အတွက် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုရခြင်း ဖြစ်သည်ဟု ဒုရဲမှူးပိုထွန်းက ထွက်ဆိုသည်။

စခန်းမှူး ဒုရဲမှူးပိုထွန်းနှင့်အတူ ထိုနေ့က ဆန္ဒပြပွဲကို လုံခြုံရေး တာဝန်ယူထားသည့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တစ်ဦးလည်း သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သည်။

စွပ်စွဲခံထားရသူတစ်ဦးဖြစ်သည့် ကိုပြည့်ဖြိုးထွန်းက ဆန္ဒပြပွဲတွင် ပါဝင်သူများက ၎င်းတို့ နှစ်ဦးကို ဝိုင်းထိုးကြိတ်နေသည်ကို တွေ့မြင်သလားဟု အဆိုပါဒုရဲအုပ်အား တရားခွင်တွင် မေးမြန်းရာ အနည်းငယ်ကွာဝေးသဖြင့် မမြင်တွေ့ခဲ့ရကြောင်း သက်သေဒုရဲအုပ်က ထွက်ဆိုခဲ့သည်။

တောင်ဒဂုံမြို့နယ်နေ ကိုအောင်ကိုသက်နှင့် ကြည့်မြင်တိုင်မြို့နယ်နေ ကိုပြည့်ဖြိုးထွန်းတို့ နှစ်ဦး ထိုးကြိတ်ခံရသည့် ဖြစ်စဉ်တွင် ဦးဝီရသူက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်တွင်း ဦးဆောင် ကြိုးပမ်းနေမှုများကို ၎င်း၏ ဟောပြောမှုတွင် မေးခွန်းများ ထုတ်နေချိန်ဖြစ်သည်။ 

“ဒီမိုကရေစီ ပြည့်ဝတာတွေ၊ စံမီတာတွေကော ပြည့်စုံသွားပြီလား။ ကိုယ့်ဘက်ကတော့ ဘာမှ မပြည့်စုံဘူး သက်မဲ့စာအုပ်ကြီးကိုပဲ လက်ညှိုးထိုးနေရင် ဦးဇင်းတို့ကတော့ ဒါ လမ်းလွဲနေပြီလို့ ဦးဇင်းတို့က ပြောရမယ်” ဟု  ဦးဝီရသူက ထိုနေ့က ဟောပြောခဲ့သည်။ 

လမ်းလွဲနေပြီဟု ၎င်းက ပြောလိုက်စဉ် ဟောပြောစင်ရှေ့ရှိ လူအုပ်ထဲမှ “မလွဲပါဘူး” ဟူသော အသံ ထွက်ပေါ်လာသည်။ မကြာမီ ရုန်းရင်းဆန်ခတ်ဖြစ်သွားရာ ကိုအောင်ကိုသက်နှင့် ကိုပြည့်ဖြိုးထွန်းတို့ ထိုးကြိတ်ခံခဲ့ရခြင်းဖြစ်သည်။ 

အဆိုပါနေ့က ဟောပြောပွဲအတွင်းရှိ လူအချို့၏ တိုက်ခိုက်မှုကြောင့် ၎င်းတို့နှစ်ဦးနဖူးတွင် ပေါက်ပြဲဒဏ်ရာများရရှိပြီး အမှုဖွင့် တရားစွဲခံရသော်လည်း ၎င်းတို့ကို ရန်မူခဲ့သူများကိုမူ ရဲက အမှုမဖွင့်ခဲ့ပေ။ 

ကိုအောင်ကိုသက်က ၎င်းတို့ နှစ်ဦးမှာ ဦးဝီရသူမှန်း မသိဘဲ ကားဂိတ်တွင် ကားစောင့်ရင်း အချင်းချင်း အော်ဟစ် ပြောဆိုခြင်းကို အထင်အမြင်လွဲမှားပြီး ဝိုင်းဝန်းထိုးကြိတ်ခံရ ခြင်း ဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်တို့က အဲဒီကားဂိတ်မှာ ပုံမှန်ကားစီးနေကျ။ ကားစီးဖို့ပဲ ရောက်နေတာ။ အဲဒီဘုန်းကြီးကိုလည်း မသိပါဘူး” ဟု ၎င်းက ပြောသည်။

အခြေခံဥပဒေပုဒ်မ ၅၉(စ)မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်အောင် ပိတ်ပင်ထားသည့် ဥပဒေပုဒ်မဟု ယူဆကြပြီး ဒီမိုကရေစီလိုလားသူများက ပြင်ဆင်လိုကြသော်လည်း ဦးဝီရသူနှင့် ၎င်းကိုထောက်ခံသူအများအပြားက ထိုပုဒ်မကို ထောက်ခံကြသည်။

ဇွန်လ ၁၉ ရက်နေ့တွင် အမှုကို ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

Show More

Related Articles

Back to top button