
စစ်တပ်ပြုပြင်ရေးနှင့် အခြေခံဥပဒေပြင်ရေးထောက်ခံသူ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဟောင်း သူရဦးအောင်ကိုအပေါ် ချမှတ်ထားသည့် ထောင် ၁၂ နှစ်ကို ထက်ဝက်လျှော့သည်ဟု စစ်ကောင်စီ၏ ဧပြီ ၂၂ ရက်ထုတ် နိုင်ငံတော် ပြန်တမ်းတွင် ဖော်ပြထားသည်။
ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း အထူးတရားရုံးက သူရဦးအောင်ကိုအား အဂတိဖြင့် စွပ်စွဲထားသည့် အမှုလေးမှုကို အမိန့်ချသည့် မတ် ၁၄ ရက်၌ပင် ပြစ်ဒဏ်ထက်ဝက် လွတ်ငြိမ်းသက်သာပေးခဲ့သည်ကို ထိုပြန်တမ်းအရ သိရသည်။
အသက် ၇၅ နှစ်အရွယ် သူရဘွဲ့ရ အငြိမ်းစားဗိုလ်မှူးချုပ်မှာ သွေးအားအလွန်နည်းပြီး နှလုံးကြီးနေ၍ ပြီးခဲ့သည့်တပတ်အတွင်း ထောင်တွင်းဆေးရုံတင်ရသည်ဟု သိခွင့်ရသော်လည်း ထောင်ဒဏ်လျှော့ ပေါ့ပေးခြင်းကို မိသားစုထံ အကြောင်းမကြားဟု နီးစပ်သူတစ်ဦးက ပြောသည်။
“သွေးအား အရမ်းနည်းတာပဲ သိရတယ်။ သွေးလေးပုလင်းသွင်းလိုက်ရတယ်။ နှလုံးကြီးနေတယ်။ .. ပြင်ပဆေးရုံတင်ဖို့ ခွင့်မပြုဘူး။ ဆေးစစ်ချက်တောင် အထက်တင်ရတာတဲ့။ ဘာရောဂါဖြစ်လဲ သေချာမသိရဘူး” ဟု ၎င်းက ပြောသည်။
မိသားစုနှင့် တွေ့ခွင့်မရဘဲ တစ်နှစ်ကျော်ကြာ အင်းစိန်ထောင်သို့ ရောက်နေသည့် ဆီးချိုရောဂါလည်းရှိသူ သူရဦးအောင်ကို မကြာခဏ နေမကောင်းဟု တစ်ဆင့်စကားဖြင့်သာ သိရ၍ စိတ်ပူကြောင်း မိသားစုဝင်တစ်ဦးက ပြောဖူးသည်။
တစ်လတစ်ကြိမ် ဆေးဝါးပို့ခွင့်ရသော်လည်း ထောင်အတွင်း တစ်ကိုယ်တည်းနေထိုင်ချိန်တွင် အသက်အရွယ်နှင့် ရောဂါအခံကြောင့် မေ့လျော့တတ်သည်ဖြစ်၍ သူရဦးအောင်ကိုမှာ နေရေး၊ စားရေး၊ အခက်အခဲ မျိုးစုံတွေ့နေသည် ဟု ၎င်းက ပြောထားသည်။
သာသနာဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်ခံရသူနှစ်ဦးထံမှ ကျပ်သိန်းရာချီရယူသည်၊ သမီးတစ်ဦး အရစ်ကျဝယ်သည့် Ford (Titanium) ကားကိစ္စ အဂတိမကင်း၊ ထာဝရငြိမ်းချမ်းရေးစေတီ၌ ကပ်လှူမည့် ၂၀ ကျပ်သားရှိ ရွှေပန်းကန်ကို ယူထားသည်ဟုဆိုကာ သူရဦးအောင်ကို စစ်ကောင်စီက စွပ်စွဲ၍ ထောင်ဒဏ်ချမှတ်ထားခြင်းဖြစ်သည်။
အမိန့်ချပြီးနောက်တွင် သူရဦးအောင်ကိုထံမှ သိန်းတစ်ထောင်ကျော်တန် ကားတစ်စီး၊ ငွေသား ကျပ်သိန်းတစ်ရာ နှင့် ၂၀ ကျပ်သား ရွှေပန်းကန်တစ်ချပ် သိမ်းသည်ဟု စစ်ကောင်စီက ဆိုထားသည်။
စွပ်စွဲချက်များမမှန်ဟု အထောက်အထားများဖြင့် ခုခံချေပနိုင်ခဲ့သော်လည်း ပြစ်ဒဏ်ချခံရသည့် ထိုအမှုများနှင့် ပတ်သက်၍ အယူခံတက်ရန် စီစဉ်နေသည်ဟု သူရဦးအောင်ကို၏ မိသားစုနှင့် နီးစပ်သူထံမှသိရသည်။
“မိသားစုက လုပ်နိုင်တာလေး လုပ်ပေးချင်တာ။ (ထောင်ဒဏ်) နည်းနည်းလျော့လည်း (သူရဦးအောင်ကို) နည်းနည်း စိတ်သက်သာရာရတာပေါ့ါ”ဟု ၎င်းက ဆိုသည်။ အယူခံကိစ္စ အသေးစိတ်ကိုမူ မသိရသေးပေ။
စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်ဟောင်းတစ်ဦးလည်းဖြစ်သူ သူရဦးအောင်ကိုမှာ အာဏာမသိမ်းခင်ကတည်းက စစ်တပ်၏ ရန်ငြိုးဖွဲ့မှုကို ကြုံခဲ့ရသည်။
သာသနာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန် ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်ကို ထောက်ခံကာ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အမုန်းစကားနှင့် လုပ်ရပ်များ ဆောင်ရွက်နေသည့် မဘသအဖွဲ့ကို သူရဦးအောင်ကိုက ဖျက်သိမ်းသည်။
ကမ္ဘာ့စာမျက်နှာ၌ ဗုဒ္ဓဘာသာအကြမ်းဖက်သမားအဖြစ် နာမည်ကျော်သူ၊ စစ်တပ်ကို ဘုရားလိုကိုးကွယ်ရန် တိုက်တွန်းခဲ့သူ ဦးဝီရသူမှာလည်း သူရဦးအောင်ကို သာသနာရေးဝန်ကြီး တာဝန်ယူထားသည့် ၂၀၂၀ နိုဝင်ဘာတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ – က ဖြင့် ဖမ်းဆီးခံရသည်။
စစ်တပ်ကို မကြာခဏ ဝေဖန်လေ့ရှိသူ သူရဦးအောင်ကိုအား အရေးယူပေးရန် ၎င်းကို ဝန်ကြီးခန့်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရထံ စစ်တပ်က အာဏာမသိမ်းမီ တောင်းဆိုဖူးသော်လည်း မအောင်မြင်ခဲ့ပေ။
NLDက အစိုးရဖွဲ့နိုင်သည်အထိ ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ငြင်းဆန်ကာ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းချိန်ကတည်းက သူရဦးအောင်ကိုကို စစ်ကောင်စီက ဖမ်းထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)