
တပ်မတော်က တရားစွဲထားသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင် အမှုကို တိုက်ကြီးမြို့နယ် တရားရုံး၌ ယနေ့ ငါးကြိမ်မြောက် ရုံးထုတ်ရာတွင် ရဲဝန်ထမ်း လုံခြုံရေးအင်အား အများအပြားဖြင့် ကြီးကြပ်ခဲ့သည်ကို တွေ့ရသည်။
“အမြင့်ဆုံး ပြစ်ဒဏ်မှ ထောင်နှစ်နှစ်လောက် ရှိတဲ့ ပုဒ်မနဲ့ စွပ်စွဲခံရသူ တစ်ယောက်ကို ဧရာမပြစ်ဒဏ်ထိုက်တဲ့ အမှုနဲ့ စွပ်စွပ်ခံရသူလို သဘောထားပြီး လုံခြုံရေးတွေ ထည့်တာ။ ကိုနေမျိုးဇင်က ထွက်ပြေးမဲ့သူ မဟုတ်ဘူးဗျာ။ အကြမ်းဖက်သမား မဟုတ်ဘူးဗျာ” ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
ဇွန်လ ၇ ရက်နေ့တွင် တရားရုံးအပြင်ဘက်၌ တပ်မတော်က တရားစွဲဆိုမှုများကို ဆန့်ကျင်ကြောင်း စာသားပါ အပြာရောင် ဝတ်စုံ၊ ကိုနေမျိုးဇင် ရုပ်ပုံပါသည့် အဖြူရောင်ဝတ်စုံတို့ကို ဝတ်ဆင်၍ ဝန်းရံထောက်ခံသူ ၅ဝ ခန့်နှင့် ရိုးရိုးသာမန်အဝတ်ဖြင့် တရားလိုနှင့် စွပ်စွဲခံရသူများဘက် နှစ်ဦးနှစ်ဖက်မှ ဝန်းရံသူ ၁၀၀ ခန့် ရှိနေကြောင်း တွေ့ခဲ့ရသည်။
ယနေ့ ဇွန်လ ၇ ရက်၌ ရုံးထုတ်ရာတွင် တရားရုံးအတွင်းသို့ ဝင်ရောက်လိုသူများ ကန့်သတ်စစ်ဆေးခံရပြီး ကိုနေမျိုးဇင်ကို ဝန်းရံသူ အများစုသည် တရားရုံးအတွင်း ဝင်ရောက်ခွင့်ကို တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုတင်းကျပ်ခံရကြောင်း ပြောဆိုသည်။
ကိုနေမျိုးဇင်၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ရှေ့ယခင်ရုံးချိန်းများတွင် တရားရုံးအတွင်း အမည်မသိရှိသည့် မျက်နှာစိမ်းများ ဝင်ရောက်ခွင့်ရပြီး ကိုနေမျိုးဇင်ကို ဝန်းရံသူများ ဝင်ရောက်ခွင့် မရခဲ့ကြောင်း ရှင်းပြသည်။
ယနေ့ ရုံးထုတ်ချိန်တွင်တော့ ကိုနေမျိုးဇင်ကို သယ်ဆောင်သည့် အချုပ်ကားကို ရဲအင်အား ၅၀ ခန့် အကာအကွယ်ယူ ကြီးကြပ်ခဲ့ကြသည်။ တရားရုံးပရိဝုဏ်အတွင်းမှ ခြေလှမ်း ၄၀ ခန့် ဝေးသည့် နေရာအထိ အချုပ်ကားကို ရဲဝန်ထမ်းများက လက်ချိတ်၍ ကြီးကြပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် တရားရုံးတွင်းရှိ အချုပ်ကားပေါ် မတက်မီတွင် ၎င်းအား တရားရုံးအပြင်ဘက်ရှေ့ရှိ ဝန်းရံသူများကို စကားပြောဆိုခွင့် အချိန်အနည်းငယ် ပေးခဲ့သည်။
ကိုနေမျိုးဇင်အမှုကို တရားရုံးပြောင်းရွှေ့ လျှောက်ထားရန် ဆောင်ရွက်နေသဖြင့် တရားရုံးက ယနေ့တွင် အမှုကို စစ်ဆေးခြင်း မရှိဘဲ နောက်ရုံးချိန်းအတွက် ဇွန်လ ၂၄ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့သည်။
ကိုနေမျိုးဇင်၏ရှေ့နေ ဦးရောဘတ်စန်းအောင်က ဇွန်လ ၂၀ ရက်တွင် အင်းစိန်မြို့နယ်ရှိ မြောက်ပိုင်းခရိုင်တရားရုံး၌ အမှုကို ရုံးပြောင်းစစ်ဆေးခွင့် ပြုရန် နှစ်ဖက်ရှေ့နေက လျှောက်လဲချက်ပေးမည်ဟု ဆိုသည်။
လက်ရှိစစ်ဆေးနေသည့် တိုက်ကြီးမြို့နယ်တရားရုံးသည် အင်းစိန်ထောင်နှင့် ဝေးလွန်း၍ စွပ်စွဲခံရသူ ရုံးထုတ်ချိန်တွင် အဆင်မပြေခြင်းနှင့် ထိုတရားရုံးတွင် တရားမျှတသည့် ဆုံးဖြတ်ချက် ရရှိရန် တည်ငြိမ်းအေးချမ်းစွာ စစ်ဆေးနိုင်မည့် အနေအထား မတွေ့မြင်ရ၍ ရုံးပြောင်းစစ်ဆေးရန် လျှောက်ထားရခြင်း ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောသည်။
“အင်းစိန်ထောင်ကနေ တိုက်ကြီးကို ရုံးထုတ်တော့ အချိန်မီမရောက်နိုင်ဘဲနဲ့ ပုံမှန်လို နေ့လယ် ၁ နာရီ ၂ နာရီကျော် ရောက်လာပြီး၊ လာရတဲ့ ကိုနေမျိုးဇင်အတွက်လည်း ပင်ပန်းတယ်။ သာမန် အမှုတွေမှာလို၊ သာမန် ခရီးသွားလို အပေါ့အပါးသွားချင်ရင်တောင် အောက်ဆင်းပေါက်လို့ မရဘူး။ လက်ထိတ်ကြီးနဲ့။ ပြောရရင် အင်းစိန်ထောင်ကနေ တိုက်ကြီးကို လမ်းခရီးပေါ်မှာတင် အချိန် ၆ နာရီလောက် ကြာနေတယ်” ဟု ၄င်းက ဆိုသည်။
ကိုနေမျိုးဇင်သည် ဧပြီလ အတွင်း ၂၀၀၈ ခုနစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲတစ်ခု၌ တပ်မတော် ခေါင်းဆောင်များ၏ ကိုယ်ကျင့်တရားအပေါ် ဝေဖန်ပြောဆို၍ဟုဆိုကာ တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံရပြီး အာမခံ မရရှိသောကြောင့် အင်းစိန်ထောင်တွင် ချုပ်နှောင်ခံရသည်။
တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံရသည့် ကိုနေမျိုးဇင်အပါအဝင် ဗိုလ်တထောင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်များတွင် ရုံးထုတ်သော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၇ ဦး၏ ရုံးချိန်းများတွင် ရဲဝန်ထမ်းလုံခြုံရေး အများအပြား ကြီးကြပ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူထံ မေးမြန်းရန် ဆက်သွယ်သော်လည်း မရရှိပေ။