သတင်း

ဦးနေမျိုးဇင်ကို ခင်ဦးမြို့နယ်တရားရုံးက ထောင် နှစ်နှစ် ထပ်ချ

တပ်မတော်၏ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟုဆိုကာ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို တပ်မတော်က ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားမှုကို စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တရားရုံးက ယနေ့ အောက်တိုဘာ ၁ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်သည်။

ဦးနေမျိုးဇင်အား တပ်မတော်ဘက်က တစ်နေရာနှင့်တစ်နေရာ မိုင်ရာချီ ဝေးသည့် မြို့နယ်တရားရုံး သုံးရုံးတွင် တရားစွဲဆိုခဲ့ရာ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် တစ်နှစ်၊ ဧရာဝတီတိုင်း ဝါးခယ်မြို့နယ်တရားရုံးက ပုဒ်မ ၅၀၅-က အတွက် ထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၅၀၅-ခ အတွက် ထောင်ဒဏ် တစ်နှစ်တို့ကို တစ်ပေါင်းတည်း ကျခံစေရန် စက်တင်ဘာလအတွင်းက အမိန့်ချခဲ့ပြီးနောက် ယနေ့တွင် တတိယမြောက် ထောင်ဒဏ် ချခဲ့ခြင်းဖြစ်သည်။

တပ်မတော်အရာရှိဟောင်းဖြစ်သူ ဦးနေမျိုးဇင်သည် မတ်လ ၂၆ ရက်နေ့က ခင်ဦးမြို့တွင် ကျင်းပသည့် အခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲတွင် ဟောပြောခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်ပြီး တပ်မတော်မှ ဒုဗိုလ်မှူးကြီးရဲထွဋ်ဝင်းက လွန်ခဲ့သည့် သုံးလခန့်က တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၆ ရက်နေ့တွင် စတင်ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် ဦးနေမျိုးဇင်က ခင်ဦးတွင် သူဟောပြောခဲ့သည်များသည် ဥပဒေနှင့် ညီညွတ်ကြောင်းနှင့် သူဟောပြောရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ တွင် ပါသော နိုင်ငံတော်၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ့်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ငြိစွန်းခြင်း လုံးဝမရှိသဖြင့် အပြစ် လုံးဝမရှိကြောင်း နောက်ဆုံးလျှောက်လဲချက် တင်ခဲ့သော်လည်း တရားရုံးက အမိန့်ချခဲ့သည်။

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်တရားရုံးကလည်း စက်တင်ဘာလ ၂၀ ရက်နေ့က ဦးနေမျိုးဇင်ကို ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ပြီး ချုပ်ရက် ၅ လကျော်ကို ထုတ်နုတ်ခံစားခွင့် ပြုခဲ့သည်။

လတ်တလောတွင် ဦးနေမျိုးဇင်မှာ အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရပြီး ယင်းပြစ်ဒဏ် ပြည့်ပါက ဝါးခယ်မြို့နယ်တရားရုံးက ချမှတ်လိုက်သည့် ပြစ်ဒဏ်ကို အင်းစိန်ထောင်တွင် နေခဲ့သည့်ကာလကို နုတ်ကာ ကျန်ရှိသည့် ထောင်ဒဏ်ကို ဧရာဝတီတိုင်း မြောင်းမြထောင်တွင် ဆက်လက်ကျခံရမည်ဖြစ်ကြောင်း ဝါးခယ်မြို့နယ် တရားသူကြီးက ဆိုသည်။

ဦးနေမျိုးဇင်မှာ မြောင်းမြထောင်တွင် အကျဉ်းကျခံပြီးပါက ယခု ခင်ဦးမြို့နယ်တရားရုံးက အမိန့်ချလိုက်သည့် ထောင်ဒဏ် နှစ်နှစ်တွင် ကျန်ရှိသည့် ကာလကို မည်သည့်အကျဉ်းထောင်တွင် ဆက်လက်ကျခံရမည်ကို မသိရသေးပေ။

Show More

Related Articles

Back to top button