အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

၈၈ အရေးအခင်းမျိုးထပ်ဖြစ်အောင် လှုံ့ဆော်သည်ဟုဆိုကာ ဦးနေမျိုးဇင်ကို ထောင်ထပ်ချ

“တပ်မတော်အကျိုးပျက်စီးစေမှု” ဖြင့် တစ်နေရာနှင့်တစ်နေရာ မိုင်ရာချီဝေးသည့် မြို့နယ်တရားရုံး သုံးရုံးတွင် တရားစွဲဆိုခံထားရသော ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ဒုတိယမြောက်တရားရုံးကလည်း ယနေ့ ထောင်ဒဏ် ထပ်မံချမှတ်လိုက်သည်။

ဦးနေမျိုးဇင်ကို ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်တရားရုံး၊ ဧရာဝတီတိုင်း ဝါးခယ်မြို့နယ်တရားရုံးနှင့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တရားရုံးတို့တွင် တပ်မတော်အရာရှိများက ပြီးခဲ့သည့် ဧပြီလကတည်းက တရားစွဲဆိုထားခြင်းဖြစ်သည်။

ဦးနေမျိုးဇင်ကို တပ်မတော်က ဧရာဝတီတိုင်း၊ ဝါးခယ်မြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅-က၊ ၅၀၅-ခ တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅-ကအတွက် ထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၅၀၅-ခအတွက် ထောင်ဒဏ် တစ်နှစ်တို့ကို ယနေ့မှစ၍ တစ်ပေါင်းတည်း ကျခံစေရန် ယင်းမြို့နယ်တရားသူကြီးက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဦးနေမျိုးဇင်သည် ဧပြီလ ရက်က ဝါးခယ်မမြို့နယ်တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးကော်မတီ ထောက်ခံပွဲတွင်ဗိုလ်ချုပ် တိုက်ဆောက်၊ စစ်သား ချိုင်းထောက်” ဟူသည့် အသုံးအနှုန်းများအပါအဝင် ပြောဆိုချက်များမှာ ၈၈ အရေးအခင်းကဲ့သို့ လူထုအုံကြွအောင် လှုံ့ဆော်သည်ဟု သုံးသပ်ကာ ပုဒ်မ ၅၀၅က နှင့် ခ တို့ဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ခြင်းဟု တရားသူကြီးက ဆိုသည်။

ဦးနေမျိုးဇင်သည် ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးထောက်ခံပွဲတွင် ဟောပြောခြင်းဖြစ်သော်လည်း အခြေခံဥပဒေနှင့်ပတ်သက်၍ ပြောကြားချက် နည်းပါးခဲ့ကြောင်း၊ရဲဘော်တို့ ထောက်နေရတဲ့ ချိုင်းထောက်၊ ရဲဘော်တို့ ပေးနေရတဲ့ အသက်၊ ရဲဘော်တို့ ပေးနေရတဲ့ ခြေထောက်တွေဟာ ပြည်သူတွေအတွက်လား အာဏာရှင်တွေအတွက်လား စဉ်းစားကြည့်ပါ” ၊ “အောက်ခြေရဲဘော်လေးတွေ နင်းပြားဖြစ်နေတယ်စသော ဟောပြောချက်များသည် တပ်မတော်အရာရှိနှင့် အောက်ခြေတပ်သားအကြား လေးစားမှု လျော့နည်းစေနိုင်ပြီး အောက်ခြေတပ်သားသာမက အရာရှိများသည်လည်း ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများ ရှိသည်ဟု မြို့နယ်တရားသူကြီးက သုံးသပ်သည်။

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်တရားရုံးကလည်း စက်တင်ဘာလ ၂၀ ရက်နေ့က ဦးနေမျိုးဇင်ကို ပုဒ်မ ၅၀၅-ကဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ပြီး ချုပ်ရက် ၅ လကျော်ကို ထုတ်နုတ်ခံစားခွင့် ပြုခဲ့သည်။

လတ်တလောတွင် ဦးနေမျိုးဇင်မှာ အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရပြီး ယင်းပြစ်ဒဏ် ပြည့်ပါက ဝါးခယ်မြို့နယ်တရားရုံးက ချမှတ်လိုက်သည့် ပြစ်ဒဏ်ကို အင်းစိန်ထောင်တွင် နေခဲ့သည့်ကာလကို နုတ်ကာ ကျန်ရှိသည့် ထောင်ဒဏ်ကို ဧရာဝတီတိုင်း မြောင်းမြထောင်တွင် ဆက်လက်ကျခံရမည်ဖြစ်ကြောင်း တရားသူကြီးက ဆိုသည်။

ခင်ဦးတရားရုံးတွင် ရင်ဆိုင်နေသော အမှုအတွက်လည်း အကယ်၍ တရားရုံးက ဦးနေမျိုးဇင်ကို ထောင်ဒဏ်ချမှတ်ခဲ့ပါက သက်ဆိုင်ရာအကျဉ်းထောင်တွင် ကျန်ရှိသည့် ကာလကို ဆက်လက်ကျခံရဖွယ်ရှိသည်။

၎င်းအား အမိန့်ချသည့် ပုဒ်မ ၅၀၅-ကမှာ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရား မလေးစားခြင်း၊ ပျက်ကွက်ခြင်း ပြုစေရန် အကြံနှင့်ပတ်သက်၍ ရေးသားဖြန့်ချိမှုဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည်။

ပုဒ်မ ၅၀၅-ခ မှာ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာစေရန်၊ အများပြည်သူ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း ဖြစ်စေရန် အကြံဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button