အုပ်ချုပ်ရေးမဏ္ဍိုင်အပါအဝင် မဏ္ဍိုင်ကြီးများကို စော်ကားခြင်း၊ ဆဲဆိုခြင်းတို့ကြောင့် ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) အစိုးရကိုမုန်းထားအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင် အားထုတ် လှုံ့ဆော်မှုဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲထားမှုကို ဦးဝီရသူက ရင်ဆိုင်ဖြေရှင်းခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသည်။
ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ပြောဆိုနေသော်လည်း ဦးဝီရသူကမူ ရုရှားလူမှုကွန်ရက် VK မှတစ်ဆင့် ရုပ်သံဖိုင်များ လွှင့်တင်ကာ ဟောပြောမှုများ ဆက်တိုက်လုပ်နေသည်။
ဦးဝီရသူကို တရားစွဲဆိုမှုနှင့် ဖမ်းဆီးရန်လုပ်ဆောင်မှုများကို ပြန်ကြည့်လျှင် ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့က ဩဝါဒပေးရန် ခေါ်ထားသဖြင့် ရန်ကုန်ရောက်နေသည်ဟု မီဒီယာများတွင် ဦးဝီရသူ ဖြေဆိုနေချိန်၌ ဝရမ်းပါလိပ်စာဖြစ်သော မန္တလေးမစိုးရိမ်ကျောင်းတိုက်တွင် ရဲတပ်ဖွဲ့က ဦးဝီရသူကို သွားရောက်ရှာဖွေခဲ့သည်။
ရှာဖွေတွေ့ရှိခြင်း မရှိသဖြင့် တရားရုံးက ထုတ်ပေးသော ဝရမ်းကို အတည်ပြုနိုင်ခြင်း မရှိကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုထားသည်။
ယင်းအပြင် တိုင်းသံဃနာယကအဖွဲ့က ဩဝါဒပေးမည့် အစီအစဉ်ကို ရွှေ့ဆိုင်းကြောင်း ထုတ်ပြန်လိုက်သော်လည်း ဦးဝီရသူက မူလအစီအစဉ်အတိုင်း ဩဝါဒခံယူရန် လာမည်ဟု မီဒီယာမှ တစ်ဆင့် ပြောဆိုလိုက်သည်။
သို့သော် ဦးဝီရသူ ရောက်မလာခဲ့ဘဲ အမျိုးသားရေးဆိုသူများသာ လာရောက်ခဲ့ပြီး ရွှေတိဂုံစေတီတော်တွင် ဦးဝီရသူအတွက် ဆုတောင်းပွဲလုပ်ခဲ့သည်။ ရန်ကုန်၊ မန္တလေးမြို့တို့တွင် ဆုတောင်းပွဲများ ဆက်တိုက်လုပ်ခဲ့သည်။ ယင်းအပေါ် အာဏာပိုင်များက တားဆီးမှု တစ်စုံတစ်ရာ မပြုခဲ့။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်ဦးမြင့်ဦးက ထောင်ဖမ်းသည်မျိုး မဖြစ်စေလို၍ ဩဝါဒပေးမည့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရကြောင်း ပြောဆိုခဲ့သည်။
ယင်းသို့ပြောဆိုအပြီးတွင် ဦးဝီရသူက ဆရာတော်ကြီးများ၏ ဓမ္မစက်အရ အရေးယူသည်မျိုးကိုသာ လက်ခံမည်ဖြစ်ပြီး ဓမ္မစက်ကိုကျော်လွန်ပြီး အာဏာစက်ဖြင့် အရေးယူမည်ကို ဆရာတော်ကြီးများ၏ ရှေ့မှောက်တွင် လက်ခံမည် မဟုတ်ကြောင်း ဆရာတော်များ၏ဩဝါဒ ခံယူပြီးမှသာ အဖမ်းခံမည်ဖြစ်ကြောင်း သံဃမဟာနာယကအဖွဲ့ထံ စာပေးပို့ လျှောက်ထားခဲ့သည်။
ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က ထပ်မံအကြောင်းကြား လာမှသာ အစီအစဉ်အတိုင်း အရေးယူခံမည်ဟု ဦးဝီရသူက ဆရာတော်ကြီးများကို လျှောက်ထားလိုက်သည်။
တရားရုံး ဝရမ်းအရမူ ယနေ့(ဇွန်လ ၄ ရက်နေ့)တွင် ဦးဝီရသူကို တရားရုံးတော်ရှေ့မှောက်သို့ ရဲတပ်ဖွဲ့က ခေါ်ဆောင်လာရမည်ဖြစ်သည်။ သို့သော်ရဲတပ်ဖွဲ့က ဦးဝီရသူကို ဖမ်းဆီးနိုင်ခြင်းမရှိ၍ တရားရုံးတော် ရှေ့မှောက်သို့ ခေါ်ဆောင်လာနိုင်ခြင်း မရှိခဲ့။
ယင်းကြောင့် တရားရုံးက ဦးဝီရသူကို ဝရမ်းအသစ် ထုတ်ခဲ့သည်။ လတ်တလော အခြေအနေအရမူ ဦးဝီရသူကိုယ်တိုင် လာရောက်မှသာလျှင် တရားရုံးတော်ရှေ့ ရောက်မည့်အခြေအနေ ဖြစ်နေသည်။
ဦးဝီရသူကလည်း ဆရာတော်များ၏ ဩဝါဒခံယူပြီးမှသာ အဖမ်းခံမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
ဇွန်လ ၃ရက်နေ့တွင်မူ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခု ထပ်ထုတ်လိုက်ရာတွင် ဦးဝီရသူကို ရန်ကုန်တိုင်း သံဃနာယက အဖွဲ့က ထပ်မံဆင့်ခေါ်ပြီး ဆုံးမ ဩဝါဒပေးမည်၊ ထိုကိစ္စသည် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ၎င်းအား တရားစွဲထားသည့်အခြေအနေနှင့် သီးခြားကိစ္စဖြစ်ကြောင်း၊ ဆင့်ခေါ်ပြီး ဆုံးမဩဝါဒပေးမှုကို လိုက်နာခြင်းမရှိပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေဖြင့် တရားစွဲဆိုသွားမည်ကြောင်း ပါရှိသည်။
သို့ဆိုလျှင် ဦးဝီရသူကို အရေးယူနိုင်ရေးမှာ တိုင်းသံဃနာယကအဖွဲ့က ဩဝါဒ ခံယူရန် ထပ်မံခေါ်ယူရမည်ဖြစ်ပြီး ယင်းသို့ ခေါ်ယူရန်မှာလည်း ဦးဝီရသူကို ဆက်သွယ်ရမည့် ဖုန်း၊ နေရပ်တို့ကို မသိရှိ၍ ဆက်သွယ် အကြောင်းကြားနိုင်ရန် ခက်ခဲမည်ဖြစ်သည်။
ဒုတိယနည်းဖြစ်သည့် ရဲတပ်ဖွဲ့က ဝရမ်းအရ သွားရောက်ဖမ်းဆီးရန်မှာလည်း ဦးဝီရသူရှိသည့် နေရာကို ရဲတပ်ဖွဲ့က ရှာဖွေနိုင်ခြင်း မရှိသေးဟုဆိုသည်။
လူထုကမူ ပြည်ထဲရေးမှာ တပ်မတော်အောက်တွင်ရှိသည့်အတွက် ဖမ်းဆီးခြင်းမရှိဘဲ ဝေ့ဝိုက်ပြောဆို နေသည်ဟု ထင်ကြသည်။
သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြည်ထဲရေးဝန်ကြီးဌာနမှာ အစိုးရ၏ အစိတ်အပိုင်းဖြစ်သလို ဝန်ကြီးသည် နိုင်ငံတော်သမ္မတကို တာဝန်ခံရသဖြင့် သမ္မတ၏ ကွပ်ကဲမှုအောက်တွင် ရှိကြောင်း ပြောဆိုထားသည်။
ဦးဝီရသူကိစ္စမှာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတွင်မှာပါ စိတ်ဝင်စားမှု အများဆုံးဖြစ်နေပြီး အစိုးရအနေနှင့် အရေးယူနိုင်ခြင်း မရှိပါက မြန်မာအစိုးရ၏ အခန်းကဏ္ဍနှင့် တရားဥပဒေစိုးမိုးရေးမှာ များစွာ အရှက်ရဖွယ် အနေအထား ဖြစ်သွားနိုင်သည်။
ယင်းအပြင် မြန်မာနိုင်ငံတွင် တပ်မတော်၏လွှမ်းမိုးမှုကို မီးမောင်းထိုး ပြလိုက်သကဲ့သို့ ရှိပြီး အစိုးရအပေါ် ယုံကြည်မှု နည်းပါးလာနိုင်သလို မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းပေါ်တွင်လည်း ဆိုးကျိုးများ ရိုက်ခတ်နိုင်ပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုတွင်မှာပါ ရိုက်ခတ်မှု ဖြစ်ဖွယ်ရှိနေသည်။
ဦးဝီရသူက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံ ပေးပို့သော စာအရလည်း ဓမ္မစက်ဖြင့် အရေးယူခြင်း မပြုသောကြောင့် အာဏာစက်ဖြင့် အရေးယူခံရခြင်း မရှိသကဲ့သို့ ဖြစ်နေရာ သံဃမဟာနာယက ဆရာတော်ကြီးများနှင့် ဗုဒ္ဓဘာသာအပေါ် အထင်အမြင်လွဲမှားမှုများဖြစ်ကာ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်မည်ဖြစ်သည်။
သို့ပါသောကြောင့် ဦးဝီရသူကို လွတ်လပ်သည့် တရားစီရင်ရေးအောက်တွင် ပွင့်လင်းမြင်သာစွာ စစ်ဆေး အရေးယူနိုင်ရေးမှာ များစွာ အရေးကြီးပါကြောင်း ထောက်ပြလိုက်ရပါသည်။