အဓမ္မခိုင်းစေခံရသဖြင့် ဝန်ကြီးဌာနထံသို့ တိုင်ကြားထားမှုများတွင် တိုင်ကြားချက် ၁၀၀ ကျော်ကို ဖြေရှင်းရန် ကျန်ရှိနေပြီး များသောအားဖြင့် အသက်မပြည့်သေးသည့် ကလေးစစ်သားစုဆောင်းမှု၊ ကလေးစစ်သား စစ်မှုထမ်းနေရမှု ကိစ္စများ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၁၃ ကြိမ်မြောက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးသည့် အမျိုးသားအဆင့် ဖိုရမ်တွင် မီဒီယာများကို ပြောကြားသည်။
ယင်းဖိုရမ်ကို မေလ ၂၅ရက် နေ့လယ် ၁ နာရီက ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ လွှတ်တော် စသည့် ဌာနများထံ တိုင်ကြားသည့် အဓမ္မခိုင်းစေခံရမှု တိုင်ကြားလွှာများကို ၎င်းတို့ ဝန်ကြီးဌာနကလည်း တာဝန်ယူ ဖြေရှင်းပေးနေကြောင်း၊ ဖြေရှင်းရန်ကျန်နေသေးသည့် တိုင်ကြားချက် ၁၀၀ ကျော်တွင် အများစုမှာ ကလေးစစ်သားကိစ္စများ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မီဒီယာများကို ပြောသည်။
ဝန်ကြီးက ၎င်းတို့အနေဖြင့် အတင်းအဓမ္မခိုင်းစေမှု ပပျောက်ရေး တိုင်ကြားမှုယန္တရားကို အမျိုးသားအဆင့်အဖြစ် တည်ထောင်မည့်အကြောင်းနှင့် လာမည့် ဇွန်လတွင် ဂျီနီဗာ၌ ကျင်းပမည့် အလုပ်သမားရေးရာ ညီလာခံတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ကြောင်း ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အရာရှိများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(CTUM)၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းကဲ့သို့သော ဒေသများတွင် ကလေးစစ်သားစုဆောင်းမှုများ၊ အရပ်သားများကို ပေါ်တာဆွဲခြင်းနှင့် ကင်းစောင့်ခိုင်းခြင်း၊ အတင်းအဓမ္မမြေသိမ်းမှုများ ဖြစ်ပွားနေကြောင်း အပြည်ပြည်အဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) ၂၀၁၈ခုနစ်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ကလေးစစ်သားစုဆောင်းမှုမှာ တပ်မတော်အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွင်လည်း ရှိနေကြောင်း မှတ်တမ်းများအရ သိရသည်။
၂၀၁၈ခုနစ် ခန့်မှန်းချက်အရ တစ်ကမ္ဘာလုံးတွင် လူဦးရေ ၂၅ သန်းခန့် အတင်းအဓမ္မ ခိုင်းစေခံနေရကြောင်းလည်း ILO က ဆိုသည်။
၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ၁၇ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော အဓမ္မစေခိုင်းမှုအတွက် နိုင်ငံတော်အဆင့် တိုင်ကြားမှုစနစ် တည်ထောင်ရန် အလုပ်ရုံဆွေးနွေးပွဲတွင် ကလေးစစ်သား စုဆောင်းခဲ့သည့် အရာရှိ ၁၆၀၊ အခြားအဆင့် ၆၆၇ ဦး ၊ စုစုပေါင်း ၈၂၇ ဦးတို့ကို၂၀၁၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း အရေးယူခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ပြောဆိုထားသည်။