သတင်း

ကယန်းလူမျိုး ကလေးနှစ်ဦး စစ်သားအဖြစ် စုဆောင်းခံရဟု မိသားစုဝင်များပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နှင့် ဆီဆိုင်မြို့တို့မှ ကလေးနှစ်ဦး စစ်သားအဖြစ် စုဆောင်းခံထားရပြီး ကချင်ပြည်နယ်နှင့် ကယားပြည်နယ်ရှိ တပ်များသို့ ရောက်ရှိနေသည်ဟု ကလေးများ၏ မိသားစုဝင်များက ယနေ့ (ဒီဇင်ဘာ ၂၀) ရက် ရန်ကုန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောသည်။

မိသားစုဝင်များ၏ ပြောကြားချက်အရ ဖယ်ခုံမြို့နယ်မှ မောင်အာဗြာဟန်မှာ ကချင်ပြည်နယ် ပူတာအိုမြို့ရှိ (ခလရ ၄၆) တပ်ရင်းတွင် ရောက်ရှိနေပြီး ဆီဆိုင်မြို့နယ်မှ မောင်အောလွီစေးမှာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ (ခမရ ၄၂၇) တွင် ရောက်ရှိနေသည်ဟု ဆိုသည်။

ကလေးနှစ်ဦး စစ်သားအဖြစ် စုဆောင်းခံရခြင်းအပေါ် မိသားစုဝင်များက Myanmar Now သတင်းဌာနနှင့် ဒီဇင်ဘာ ၁၉ ရက်က သီးသန့်တွေ့ဆုံခဲ့သလို (ကယန်းမျိုးဆက်သစ်လူငယ်) KNGY အဖွဲ့၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့ရှိ Myanmar Press Freedom Center တွင်လည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။

မောင်အာဗြာဟန်မှာ ယခုအခါ အသက် ၁၇ နှစ် ရှိနေပြီဖြစ်ပြီး စုဆောင်းခံရစဉ်က ၁၅ နှစ်နှင့် ၅ လသာ ရှိသေးသည်ကို မောင်အာဗြာဟန်၏ အရှင်မွေးလက်မှတ် (ပုံစံ ၁၀၃) မူရင်းတွင် တွေ့ရသည်။

ထို့ပြင် မောင်အောလွီစေးမှာ ယခုအချိန်တွင် အသက် ၁၆ နှစ် ၄ လရှိပြီး စုဆောင်းခံရစဉ်က ၁၅ နှစ်နှင့် ၈ လသာ ရှိသေးသည်ဟု မိသားစုဝင်များက ပြသသည့် မောင်အောလွီစေး၏ အိမ်ထောင်စုစာရင်းမူရင်းတွင် ဖော်ပြထားသည်။

မိသားစုဝင်များ၏အဆိုအရ မောင်အာဗြာဟန်မှာ ယခင်နှစ် မေလတွင် တပ်သားအဖြစ် စုဆောင်းခံရပြီး ‌မောင်အောလွီစေးမှာ ယခုနှစ် ဧပြီလအတွင်း အိမ်ကထွက်သွားသည်ဟု သိရသည်။

မောင်အာဗြာဟန်ကို Myanmar Now ကဖုန်းဆက်ရာ သူ၏ကိုယ်ပိုင်အမှတ်မှာ တ/၅၄၆၁၇၈ ဖြစ်သည်ဟု အတည်ပြုပြီး၊ မောင်အောလွီစေး၏ ပြောဆိုချက်အရ ကိုယ်ပိုင်အမှတ်မှာ တ/၁၂၄၂၁၃ ဖြစ်သည်ဟု ဆိုသည်။ သို့သော် Myanmar Now အနေနှင့် မောင်အောလွီစေး၏ ကိုယ်ပိုင်အမှတ် မှန်/မမှန်ကို သီးခြားအတည်မပြုနိုင်ပါ။

မောင်အာဗြာဟန်ကို ကျောင်းထားပေးမည်ဆိုကာ ၂၀၁၈ ခုနှစ် မေလအတွင်းက ဖယ်ခုံမြို့အခြေစိုက် (ခမရ ၄၂၁) မှ တပ်ကြပ်ကြီး မြင့်ဇော်ဦးဆိုသူက လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်မူဒန်းက Myanmar Now ကို ပြောသည်။

“ကျောင်းထားပေးမယ်တဲ့၊​ ကျွန်မလည်းစိတ်မချတော့ ၂ ရက်အကြာမှာ ရှာတဲ့အခါမှ မန္တလေးပို့သွားပြီတဲ့။ သင်တန်းတက်ခိုင်းတယ်တဲ့” ဟု ဒေါ်မူဒန်းက ဆိုသည်။

မိခင်ဖြစ်သူ ဒေါ်မူဒန်းက ခမရ ၄၂၁ ကို သွားရောက်ရှာဖွေရာ တပ်ကြပ်ကြီး မြင့်ဇော်ဦးက အထက်ပါအတိုင်း ပြန်ဖြေခဲ့ခြင်းဖြစ်သည်။

ဒေါ်မူဒန်းမှာ သားကို တပ်တွင်းမှ ပြန်နုတ်ပေးရန်ပြောရာ တစ်လကြာလျှင် နုတ်ထွက်ခွင့်ရမည်ဟု တပ်ကြပ်ကြီးမြင့်ဇော်ဦးက ရက်ချိန်းများ အကြိမ်ကြိမ်ပေးခဲ့သော်လည်း ထူးခြားမလာခဲ့ဟု ဆိုသည်။

ထို့နောက် ၁၀ လကြာသည့် အချိန်မှ “(သားဖြစ်သူက) မပျော်ဘူးဆိုပြီး ပြန်ခေါ်ခိုင်းတယ်၊ အမေပြန်ခေါ်ပေးပါ။ သားမပျော်ဘူး တိုက်ပွဲရတယ် ပူတာအိုဘက်မှာ နှစ်ခေါက်ရှိပြီ တအားကြောက်တယ်တဲ့” ဟု ဒေါ်မူဒန်းက ဆိုသည်။

မောင်အာဗြာဟန်၏မိခင် ဒေါ်မူဒန်းနှင့် အဒေါ်ဖြစ်သူ ဒေါ်စန်းစန်းဝင်းတို့က နိုင်ဝင်ဘာ ၆ ရက်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၇ ဖယ်ခုံသို့ သွားရောက်ခဲ့ရာ ဗိုလ်ကြီးဇေယျာဝင်းဆိုသူ၏ ဖုန်းနံပါတ်ကို ရရှိခဲ့သည်ဟု ဆိုသည်။

ထို့နောက် အဆိုပါဗိုလ်ကြီးထံ ဖုန်းဖြင့်ဆက်သွယ်ရာ “မြင့်ဇော်ဦးနဲ့ သွားရှင်းလိုက်ပါ မြင့်ဇော်ဦး ကျွန်တော့်ဆီလာပို့တဲ့ အချိန်မှာ ငွေငါးသိန်း အပြတ်ပေးပြီးပြီ။ အဲဒါကြောင့်မို့ ကျွန်တော်က ဒီကလေးကို တပ်ထဲသွင်းလိုက်တာတဲ့” ဟု ဗိုလ်ကြီး ဖုန်းထဲမှ ပြောသည်ကို အဒေါ်ဖြစ်သူ ဒေါ်စန်းစန်းဝင်းက မီဒီယာများကို ပြန်လည် ပြောပြသည်။

မောင်အာဗြာဟန် တပ်သားအဖြစ် စုဆောင်းခံရသည်မှာ မှန်ကန်ကြောင်း၊ သို့သော် မှတ်ပုံတင်၊ ပုံစံ ၁၀၊ ကျောင်းထောက်ခံစာနှင့် မိဘထောက်ခံချက်အရ အသက်ပြည့်ကြောင်း အထောက်အထားများဖြင့် ၎င်းထံသို့ ရောက်ရှိခြင်းဖြစ်ကြောင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိတစ်ဦးက Myanmar Now သို့ အတည်ပြုသည်။

မောင်အောလွီစေး၏ ဓာတ်ပုံကို မိခင် ဒေါ်ဆိုးနေဖောက ပြသနေစဉ်။

အဆိုပါအရာရှိက သူ၏နာမည်ကို ထည့်သွင်းမဖော်ပြရန် Myanmar Now ထံ တောင်းဆိုခဲ့သည်။

“အသက်ပြည့်လား မပြည့်ဘူးလားဆိုတာ သူတို့ကာယကံရှင်တွေပဲ သိမှာပဲ။ သူတို့ မကျေနပ်ဘဲနဲ့ မလုပ်ချင်ဘဲနဲ့ သူတို့ ဘယ်တော့မှ စစ်သားဖြစ်မလာပါဘူး။ မလုပ်ချင်ဘူး တစ်ခွန်းပြောလိုက်၊ တစ်ခါတည်း တန်းထွက်လို့ရတယ်” ဟု အဆိုပါအရာရှိက ဆိုသည်။

မောင်အောလွီစေးနှင့် ပတ်သက်၍ ၎င်းရောက်ရှိနေသည့် (ခမရ ၄၂၇) တပ်ရင်းသို့ Myanmar Now က ဆက်သွယ်ခဲ့ရာ ၎င်းရောက်ရှိနေသည်မှာ မှန်ကန်ကြောင်း အရာရှိတစ်ဦးက အတည်ပြုသည်။ သို့သော် ထပ်ဆင့်မေးခွန်းများ မေးမြန်းခွင့်မရဘဲ ဖုန်းချသွားခဲ့သည်။

ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ အောင်ကလပ်ကျေးရွာနေ မောင်အောလွီစေးသည် အလုပ်လုပ်မည်ဟုဆိုကာ ၂၀၁၉ ခုနှစ် ဧပြီလက သူငယ်ချင်းတစ်ဦးနှင့်အတူ အိမ်ကထွက်သွားချိန်မှစ၍ မိဘနှင့် အဆက်အသွယ်ပြတ်ခဲ့သည်ဟု အစ်ကိုဖြစ်သူ ယုဒကပြောသည်။

မိသားစုဝင်များက အနီးအနားရွာတစ်ဝိုက်တွင် ရှာဖွေခဲ့သော်လည်း ပြီးခဲ့သည့်နိုဝင်ဘာလကုန်အထိ အကြောင်းမထူးသဖြင့် ဒီဇင်ဘာ ၃ ရက်နေ့တွင်မှ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးနယ်မြေရဲစခန်းတွင် လူပျောက်တိုင်ခဲ့သည်။

ထို့နောက် ဒီဇင်ဘာလ ၃ ရက်နေ့ညတွင် တောင်ကြီးမြို့တွင် ကျောင်းတက်နေသည့် အစ်ကိုဖြစ်သူထံ မောင်အောလွီစေးက ဆက်သွယ်ခဲ့ပြီး ၎င်းမှာ ဒီးမော့ဆိုမြို့နယ်ရှိ (ခမရ ၄၂၇) တပ်ရင်းတွင် ရောက်ရှိနေသည်ကို သိရကြောင်း ပြောသည်။

ထို့နောက် ဒီဇင်ဘာ ၄ ရက်နေ့တွင် ခမရ ၄၂၇ တွင် သားဖြစ်သူနှင့် တွေ့ဆုံခွင့်ရခဲ့သော်လည်း

“အသက်ပြည့်ပြီဆိုတဲ့ စာချုပ်လည်းရှိပြီ၊ ငါးနှစ်စာချုပ်လည်း ချုပ်ထားတယ်ဆိုတဲ့အကြောင်း သိရတယ်။ ဒါဆို ကျွန်မရဲ့ ခွင့်ပြုချက်မရဘဲ ကျွန်မသားကိုခေါ်သွားတဲ့ လူရဲ့ဖုန်းနံပါတ်ကို ပေးပါဆိုတော့ မပေးဘူး” ဟု မောင်အောလွီစေး၏ မိခင် ဒေါ်ဆိုးနေဖောက ဆိုသည်။

မောင်အောလွီစေးမှာ ဉာဏ်ရည်မသန်စွမ်းသူ တဦးဖြစ်သည်ဟု မိခင် ဒေါ်ဆိုးနေဖောက ပြောသည်။ မိခင်ဖြစ်သူ၏ ပြောဆိုချက်အရ အစိုးရစာသင်ကျောင်းတွင် ပထမတန်း (၁ တန်း) ကို ၅ နှစ်တက်ခဲ့ပြီး ကျောင်းထွက်ခဲ့သည်ဟု ဆိုသည်။

“သူက သွေးလန့်တတ်တယ် သူ့ကို ခပ်မာမာပြောရင် ကြောင်သွားတာမျိုးရှိတယ်၊ မိဘကလာခေါ်ရင်တော့ သူပြန်မယ်၊ ဒီတိုင်းပြန်လွှတ်ရင်တော့ ကြောက်လို့ပြန်မှာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

သားဖြစ်သူကို တခြားနေရာပို့လိုက်မည်ကို ၎င်းအနေဖြင့် စိုးရိမ်မှုရှိနေပြီး မိဘထံသာ ပြန်အပ်စေချင်သည်ဟု ဒေါ်ဆိုးနေဖောက ပြောသည်။ “ကျွန်မသားကို ကျွန်မရဲ့ ခွင့်ပြုချက်မရဘဲနဲ့ ခေါ်သွားတာ ကျွန်မသားကို ခိုးတာနဲ့ အတူတူပဲ” ဟု ၎င်းက ပြောသည်။

ဒေါ်ဆိုးနေဖောမှာ ဒီဇင်ဘာ ၅ ရက်နေ့တွင် ကျေးရွာ ရပ်မိရပ်ဖများမှတစ်ဆင့် ၎င်းတို့နှင့် အဆက်အသွယ်ရခဲ့ကြောင်း ကယန်းမျိုးဆက်သစ်လူငယ် (KNGY) အဖွဲ့မှ နိုင်ငံရေးနှင့် လူ့အခွင့်အရေးတာဝန်ခံ ခွန်းဂျွန်သန်းက ပြောသည်။

ကလေးနှစ်ဦး တပ်မှ နုတ်ထွက်ခွင့်ရရန် တခြားအဖွဲ့အစည်းများသို့ လက်ရှိအထိ တိုင်ကြားထားခြင်းမရှိသေးသော်လည်း ကလေးများရောက်ရှိနေသည့် သက်ဆိုင်ရာတပ်ရင်းနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့နှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်ရှိသည်ဟု ၎င်းက ဆိုသည်။

ကလေးစစ်သားအသုံးပြုမှု ပပျောက်ရေး မြန်မာအစိုးရနှင့် ကုလသမဂ္ဂအကြား ၂၀၁၂ ခုနှစ်မှစ၍ သဘောတူညီချက်ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ၂၀၁၉ ခုနှစ် မတ်လအထိ ကလေးစစ်သား ၉၈၇ ဦးကို တပ်မတော်က အုပ်ထိန်းသူထံ ပြန်လွှဲပေးခဲ့ပြီး၊ တပ်မတော်အရာရှိနှင့် စစ်မှုထမ်း ၄၄၈ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ယခုနှစ် ဇွန်လက ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button