သတင်း

အယ်လ်ဖာ ဘိလပ်မြေစက်ရုံ ဆူပူမှုတွင်ပါ၍ ဟုဆိုကာ ၉ တန်းကျောင်းသားကိုဖမ်း

ဒေသခံများနှင့် ပဋိပက္ခဖြစ်ပွားနေသော ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်းအနီးရှိ အောင်သပြေကျေးရွာတွင် နေထိုင်သော ကိုးတန်းကျောင်းသား တစ်ဦးကို ဆူပူမှုတွင်ပါဝင်သည်ဟုဆိုကာ ယနေ (မေလ၂၄ရက်နေ့)နံနက်တွင် ပုသိမ်ကြီးမြို့နယ်ရဲစခန်းက ဖမ်းဆီးလိုက်သည်။

အဆိုပါဖမ်းဆီးထိန်းသိမ်းခြင်းနှင့်ပတ်သက်ပြီး ပုသိမ်ကြီးမြို့နယ်ရဲစခန်းသို Myanmar Now က ဆက်သွယ်မေးမြန်းရာ ဟုတ်မှန်ကြောင်း စခန်းက အတည်ပြုသည်။

အသက်၁၇နှစ်အရွယ် အဆိုပါလူငယ်သည် သူငယ်ချင်းသုံးဦးနှင့်အတူ ရွာအပြင်ဘက်သို့ ဈေးဝယ်ထွက်ပြီး ပြန်အလာတွင် ရွာပြင်လမ်းရှိ ယင်းကုမ္ပဏီရှေ့၌ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အဆိုပါလူငယ်၏ သူငယ်ချင်းထံမှ သိရသည်။

ဖမ်းဆီးခံရသူ လူငယ်၏ဖခင် ဦးရွှေအုန်းက “ကျွန်တော့်သားက ဈေးဝယ်ပြီးပြန်လာတာ၊ ရွာလယ်လမ်းက တရုတ်ပိုင် အိမ်ရာတွေရှေ့မှာ ရဲကစောင့်ပြီး မင်းက ဦးရွှေအုန်းသားလား မေးတယ်တဲ့၊ ကျန်တဲ့သူတွေကို ပြန်ခိုင်းပြီး သူ့ကိုတရုတ်အိမ်ထဲ ခေါ်သွင်းသွားတယ်၊ နေ့လယ်ကျတော့ ရဲစခန်းကနေ ရှေ့နေရဲ့ဖုန်းနဲ့ သားက သူ့ကိုဖမ်းထားကြောင်း ဖုန်းဆက်လာတယ်” ဟု ရှင်းပြသည်။

ရဲက ၎င်း၏ သားဖြစ်သူကို ဆူပူမှု၊ မီးရှို့မှုတို့တွင် ဦးရွှေအုန်းပါသလားဆိုသည့် မေးခွန်းများ စစ်မေးနေကြောင်း ပြောသည်ဟု ဦးရွှေအုန်းက ဆိုသည်။

“ကလေးက အဖေလိုက်မလာနဲ့၊ ဖမ်းလိမ့်မယ်၊ အဖေ့ကို သက်သက်မဲ့မဟုတ်ဘဲ ခွင်ဆင်ပြီးသားကို ဟိုလိုဒီလိုတွေ မေးနေတယ်၊ ဆူပူမှုတွေမှာ အဖေပါသလား သားကို စစ်တယ်၊ cctv ကင်မရာတွေ ရိုက်ထားတယ်ကြည့်၊ ဒါ မင်းအဖေမဟုတ်လား၊ အဲလိုတွေ စစ်နေတယ်တဲ့” ဟု သူ၏သားက ပြောကြောင်း ၎င်းက ဆက်ပြောသည်။

ပုသိမ်ကြီးမြို့မရဲစခန်းကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် မီးရှို့မှု၊ ဆူပူမှုများတွင် ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် အဆိုပါလူငယ်ကို ဖမ်းဆီးခြင်းဖြစ်ပြီး၊ ဖမ်းထားသူများကို စစ်ဆေးထားချက်များအရ ပါဝင်သူများကို ဆက်လက်ဖမ်းဆီးရန်ရှိကြောင်း ယင်းရဲစခန်းမှ ရဲတပ်ကြပ်လှခိုင်က ပြောဆိုသည်။

“နောက်ထပ်ကျန်သေးတဲ့ တရားခံတွေကိုလည်း နယ်ထိန်းအဖွဲ့တွေနဲ့ ဆက်လက်ပြီး ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

အောင်သပြေကျေးရွာမှ ရွာသူရွာသားများသည် ၎င်းတို့ ကျေးရွာနှင့်ကပ်လျက် လာရောက်အကောင်အထည်ဖော်နေသည့် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို အစဉ်တစိုက် ကန့်ကွက်လာခြင်းဖြစ်သည်။

ယခုလ ၁၄ရက်နေ့တွင် စက်ရုံ၏ ယာဉ်၊ ယန္တရားများ အသွားအလာပြုလုပ်နေသည့် လမ်းကို ပိတ်ဆို့တားဆီးခဲ့ကြရာမှ ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကာ တောင်သူနှစ်ဦးနှင့် သတင်းထောက်တစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

ယင်းကြောင့် ရွာသားများက ကုမ္ပဏီခြံဝင်းအတွင်းမှ ကားနှစ်စီးနှင့် အဆောက်အအုံအချို့ကို မီးရှို့ခဲ့ပြီး၊ ယာဉ်များမှ မှန်များကိုလည်း ဖျက်ဆီးခဲ့သည်။

အဆိုပါ ရုန်းရင်းဆန်ခတ်မှုကြောင့် ရွာထိပ်တွင် ရဲတပ်ဖွဲ့က လုံခြုံရေးအင်အား အများအပြား ချထားကာ ရွာရှိ ရာအိမ်မှူးအပါအဝင် သုံးဦးကို ဆွေးနွေးမည်ဟု ခေါ်ယူကာ ထပ်မံဖမ်းဆီးခဲ့ပြီး စုစုပေါင်း ရွာသူရွာသား ၉ဦးကို ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မအများအပြားဖြင့် အမှုဖွင့်ထားသည်။

Show More

Related Articles

Back to top button