သတင်း

ဘိလပ်မြေစက်ရုံကို ကန့်ကွက်နေသော အောင်သပြေရွာကို အရပ်ဝတ် ၃၀ ခန့် ဝင်စီး

ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေ စက်ရုံစီမံကိန်းကို ကန့်ကွက်ရာမှ ပဋိပက္ခဖြစ်ပွားနေသည့် အောင်သပြေကျေးရွာကို ယနေ့နံနက် နာရီက ဒိုင်းများ ကိုင်ဆောင်ထားသည့် အရပ်ဝတ်သုံးဆယ်ခန့်က ဝင်ရောက် စီးနင်းရှာဖွေကြောင်း ရွာသားများက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ အဆိုပါအောင်သပြေကျေးရွာသို့ ဝင်ရောက်စီးနင်းခဲ့သည့် အရပ်ဝတ်သုံးဆယ်ခန့်မှာ ရွာ အဝင်လမ်းအတိုင်း ဝင်ရောက်လာခြင်းမဟုတ်ဘဲ ကုမ္ပဏီဘက်မှ ကူးလာခြင်းဖြစ်ကြောင်း၊ အရပ်ဝတ်သုံးဆယ်ခန့် ရှိကြောင်း၊ ကားများမှာလည်း ကုမ္ပဏီဘက်ကကားများဟု ယူဆရကြောင်း ဒေသခံများက ပြောသည်။

ယင်းနှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင်  “အဲလိုတော့မရှိပါဘူးဗျ ရွာထဲဝင်ဖမ်းတယ်ဆိုတာ ကျွန်တော်တို့က အတည်ပြုပေးလို့ မရပါဘူး၊ အသေးစိတ်ကို စခန်းကို လာမေးပေးပါ၊ စခန်းမှူးကို တင်ပြပြီးမှ သူက ဟုတ်တယ်ဆိုမှ ဖြေလို့ရမှာပါ ဟု ယင်းရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဆိုပါလူသုံးဆယ်ခန့်သည် အိမ်စီးကားအဖြူ စီးဖြင့် ရောက်ရှိလာပြီး၊ အိမ်သုံးအိမ်အား ဝင်ရောက် စီးနင်းကာ ဦးရွှေအုန်း၊ ကိုထွန်းနိုင်၊ မဝေလွင်၊ ဦးသောင်းညွန့်တို့၏အမည်များအား ခေါ်ဆိုကာ ရှာဖွေခဲ့ပြီး အချိန်အားဖြင့် မိနစ်ပိုင်းမျှသာ ကြာကြောင်း အောင်သပြေရွာမှ ဦးရွှေအုန်းက ရှင်းပြသည်။

ဗြုန်းဆို ကားမီးထိုးတော့ ဦးလေးတို့က ဆင်းပြေးကြတယ်၊ ရဲအစစ်တွေ မဟုတ်ဘူး၊ ရဲဆိုရင် မှတ်တမ်းမှတ်ရာယူမယ်၊ ခုက အိမ်တွေကို ဝင်တယ်၊ ရှာပြီး မတွေ့ရော ကားပေါ် အတင်းတက်ပြေးကြတယ်ဟု ၎င်းက ပြောသည်။

အဆိုပါဝင်ရောက်စီးနင်းမှု နှင့်ပတ်သက်ပြီး လုံးဝရိုးသားမှု မရှိဘဲ မင်းမဲ့စရိုက်ဆန်သည်ဟု သုံးသပ်မိကြောင်း၊ ကုမ္ပဏီနှင့်ပတ်သက်ပြီး ဆက်လက်မကန့်ကွက်ရဲဘဲ အကြောက်တရားရအောင် ဖိအားပေးခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။

အောင်သပြေကျေးရွာမှ ရွာသူရွာသားများသည် ၎င်းတို့ ကျေးရွာနှင့်ကပ်လျက် လာရောက်အကောင်အထည်ဖော်နေသည့် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို အစဉ်တစိုက် ကန့်ကွက်လာခြင်းဖြစ်သည်။

ယခုလ ၁၄ရက်နေ့တွင် စက်ရုံ၏ ယာဉ်၊ ယန္တရားများ အသွားအလာပြုလုပ်နေသည့် လမ်းကို ပိတ်ဆို့တားဆီးခဲ့ကြရာမှ ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကာ တောင်သူနှစ်ဦးနှင့် သတင်းထောက်တစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

ယင်းကြောင့် ရွာသားများက ကုမ္ပဏီခြံဝင်းအတွင်းမှ ကားနှစ်စီးနှင့် အဆောက်အအုံအချို့ကို မီးရှို့ခဲ့ပြီး၊ ယာဉ်များမှ မှန်များကိုလည်း ဖျက်ဆီးခဲ့သည်။

အဆိုပါ ရုန်းရင်းဆန်ခတ်မှုကြောင့် ရွာထိပ်တွင် ရဲတပ်ဖွဲ့က လုံခြုံရေးအင်အား အများအပြား ချထားကာ ရွာရှိ ရာအိမ်မှူးအပါအဝင် သုံးဦးကို ဆွေးနွေးမည်ဟု ခေါ်ယူကာ ထပ်မံဖမ်းဆီးခဲ့ပြီး စုစုပေါင်း ရွာသူရွာသား ၉ဦးကို ပုဒ်မ ၅၀၅() အပါအဝင် ပုဒ်မအများအပြားဖြင့် အမှုဖွင့်ထားသည်။

ယနေ့နံနက်တွင် ရွာထိပ်၌ ပိတ်ဆို့ထားသည့် လုံခြုံရေးများကို ဖယ်ရှားလိုက်ပြီဖြစ်ပြီး ကုမ္ပဏီဝင်းအတွင်း လုံခြုံရေးများ ဆက်ချထားကာ ရွာနှင့်ကပ်နေသည့် ကုမ္ပဏီခြံဝင်းကိုလည်း အုတ်တံတိုင်းများ စတင်ကာနေပြီဖြစ်သည်။

Related Articles

Back to top button