
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် မေလ ၁၉ရက်နေ့က ပြုလုပ်ခဲ့သည့် ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲတွင် ဦးဆောင်ခဲ့သူများကို ကျောက်တံတားရဲစခန်းက ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုထားပြီး မေလ ၂၁ ရက်နေ့တွင် ရဲစခန်းသို့ လာရောက်ရန် ဆင့်ခေါ်ထားသည်။
ဆန္ဒပြပွဲ ဦးဆောင်သူများဖြစ်သော ကိုဌေးအောင်၊ ကိုနောင်နောင်၊ ကိုသန့်ဇင်ထက်၊ ကိုကောင်းထက်ကျော်နှင့် ကိုကျော်မျိုးတို့ကို တရားစွဲဆိုထားခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ်ရဲစခန်းမှူးက ပြောသည်။
“လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးအရ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်တာပါ။ ဒါကို ဖိနှိပ်ဖို့အတွက် တရားစွဲတာကို လက်မခံပါဘူး၊ မသွားရင်တော့ ဝရမ်းထုတ်နိုင်တယ်။ ကျွန်တော်ကတော့ သွားမှာမဟုတ်ဘူး။ သူတို့ဖမ်းချင်ရင် အိမ်လာဖမ်းပေးပါ” ဟု အမှုဖွင့်ခံထားရသည့် ကိုကျော်မျိုးက ပြောသည်။
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာ အနီးရှိ ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်းနှင့် အောင်သပြေကျေးရွာ ဒေသခံများကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဆန္ဒပြရာတွင်ပါဝင်သူများက ရှင်းပြသည်။
အောင်သပြေကျေးရွာကို ပြည်ထဲရေးဝန်ကြီးဌာနက ရဲအင်အားသုံး ပိတ်ဆို့ထားခြင်းကို ဖယ်ရှားပေးရန်နှင့် ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံစီမံကိန်းကို ပိတ်သိမ်းပေးရန်လည်း တောင်းဆိုခဲ့ကြသည်။
ယင်းဆန္ဒပြပွဲအပြီး ဆန္ဒပြသမားများ ပြန်လည်ထွက်ခွာမည့်အချိန်တွင် ရဲအင်အား ၅၀ ခန့်က ရဲကားတစ်စီးဖြင့် ပိတ်ဆို့ထားပြီး ဆန္ဒပြသမားများကို ဖမ်းဆီးရန် ကြိုးစားခဲ့ကြသည်။
ဆန္ဒပြသမားများက ရဲအင်အားသုံးဖမ်းဆီးခြင်းကို ငြင်းပယ်ပြီး သက်ဆိုင်ရာ ပုဒ်မဖြင့် တရားစွဲဆိုရန်ကိုသာ တောင်းဆိုခဲ့ကြသည်။
“ကျွန်တော်တို့ကို သူခိုး၊ ကြမ်းပိုးတွေလို မဖမ်းပါနဲ့၊ ဆိုင်ရာတရားရုံးမှာ အမှုဖွင့်တရားစွဲပါ။ တရားရင်ဆိုင်ပါ့မယ်”ဟု ဆန္ဒပြသမားတစ်ဦးက အော်ဟစ်တောင်းဆိုသည်။
- အောင်သပြေကျေးရွာ ဆန္ဒပြသူများကို ဖြိုခွင်း၊ ဒေသခံများက စက်ရုံနှင့် ကားများကိုမီးရှို့
- ငြိမ်းစုစီဖြင့်အမှုဖွင့်ခံထားရသည့် ရွာသားများ တရားရုံးမလာဘဲ သပိတ်မှောက်သဖြင့် ဖမ်းဝရမ်းထုတ်
- တရားစွဲ ထောင်ချခံခဲ့ရသည့်ကြားမှ ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရန် ဒေသခံများ ဆန္ဒထပ်ပြ
ထိုဆန္ဒပြပွဲသို့ ရောက်ရှိနေသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုကောင်းထက်ကျော်က အောင်သပြေကျေးရွာခံများကို ပြည်ထဲရေးဝန်ကြီးဌာနက ရဲအင်အားများဖြင့် ပိတ်ဆို့ပြီး အကျဉ်းသားသဖွယ် ပြုမူနေခြင်းအပေါ် လက်မခံနိုင်သည့်အတွက် ဆန္ဒပြပွဲသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောသည်။
“ဒီကနေ့ ထွက်လာတဲ့ လယ်သမားတွေရဲ့အသံက မဲဆွယ်တဲ့ အသံမဟုတ်ဘူး။ သူတို့ ရင်ထဲက နာကြည်းချက်တွေကို ပြောနေတဲ့ အသံဆိုတာ ကျွန်တော်တို့ နားလည်ဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။
အောင်သပြေကျေးရွာဒေသခံများမှာ ၎င်းတို့ ကျေးရွာအနီးတွင် လည်ပတ်ရန် ကြိုးစားနေသည့် ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာဘိလပ်မြေစက်ရုံကို ပိတ်သိမ်းပေးရန် စီမံကိန်းစတင်ခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်းက စတင်ဆန္ဒပြခဲ့ကြပြီး ကျေးရွာဒေသခံများ ဖမ်းဆီးတရားစွဲဆိုခြင်း ခံထားရသည်။
ယခုနှစ်မေလဆန်းပိုင်းက ပြန်လည်စတင်ခဲ့သည့် ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးခံထားရသော ကျေးရွာသားများကို လွှတ်ပေးရန် ဆန္ဒပြပွဲများတွင် ကျေးရွာဒေသခံများနှင့် ရဲဝန်ထမ်းများ ထိပ်တိုက်တွေ့ခဲ့ကြပြီး ကျေးရွာကို ရဲအင်အားသုံး ပိတ်ဆို့ထားခြင်း ခံနေရသည်။
ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့အကြားရှိ ကျောက်တောင်များမှ ကုန်ကြမ်းယူပြီး ထုတ်လုပ်မည့် ထိုဘိလပ်မြေစက်ရုံစီမံကိန်းကို ရန်ကုန်အခြေစိုက် “မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်” က သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်ကတည်းက လုပ်ပိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

တစ်ရက်လျှင် ကျောက်မီးသွေး တန် ၅၀၀၀ခန့် အသုံးပြုပြီး လည်ပတ်ရမည့် တိုင်းအစိုးရက ခွင့်ပြုထားသည့် ထိုစီမံကိန်းကြောင့် ၎င်းတို့၏ ယာခင်းများပျက်စီးခြင်း၊ လေထုညစ်ညမ်းခြင်း၊ ကျန်းမာရေးထိခိုက်ခြင်းများ ဖြစ်ပေါ်မည်ကို ဒေသခံရွာသားများက စိုးရိမ်နေကြသည်။
အဆိုပါစီမံကိန်း ဖျက်သိမ်းပေးရန် ယမန်နှစ်ကတည်းက အကြိမ်ကြိမ် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသဖြင့် ရွာသူရွာသား ၂၀ ကျော်မှာ တရားစွဲဆိုခံထားရကာ ဖမ်းဆီးထိန်းသိမ်းခံထားရသူများလည်းရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့ကလည်း အဆိုပါကျေးရွာမှ ဒေသခံ ၅၀ ဝန်းကျင် က ရန်ကုန်မြို့တော်ခန်းမရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။
- ကျောက်မီးသွေးသုံးစက်ရုံ စီမံကိန်း ရပ်ရန် ပုသိမ်ကြီးဒေခံတို့ ရန်ကုန်တွင် ဆန္ဒပြမည်
- မန်းတွင် ခွင့်ပြုချက်မရသည့် ဆန္ဒပြပွဲ ရန်ကုန်တွင် အဆင်ပြေ
၂၀၁၅ မှ ၂၀၄၀ အထိ ၂၅ နှစ်ကြာ လုပ်ပိုင်ခွင့်ပေးထားသည့် အဆိုပါစီမံကိန်းနှင့် ပတ်သက်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၇ ခုနှစ် အောက်တိုဘာက ထုတ်ပြန်သည့်စာတွင် စီမံကိန်းကို Myanmar Conch Cement (Mandalay) ကုမ္ပဏီလီမိတက်က လုပ်ကိုင်မည်ဟု ဆိုထားသည်။
၎င်းကုမ္ပဏီသည် တရုတ်နိုင်ငံအခြေစိုက် Anhui Conch Cement ကုမ္ပဏီနှင့် မြန်မာမှ မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စုကုမ္ပဏီလီမိတက်တို့ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်ပြီး မကြာသေးမီက ဈေးကွက်အတွင်း လူသိများလာသည့် Alpha တံဆိပ်ဘိလပ်မြေကို ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။ ထိုကုမ္ပဏီသည် ကျောက်ဆည်စက်မှုနယ်မြေရှိ တန် ၅၀၀၀ ကျ အကြီးစားဘိလပ်မြေစက်ရုံကိုလည်း B.O.T စနစ်ဖြင့် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီဖြစ်သည်။