အယ်ဒီတာ့အာဘော်

နိုင်ငံသားတို့၏ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ပြည့်ပြည့်ဝဝ အကာအကွယ်ပေးပါ (အယ်ဒီတာ့အာဘော်)

အမျိုးသားရေးအမည်ခံသူများက ဘာသာခြားများအပေါ် အကြမ်းဖက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ဖိအားပေးအနိုင်ကျင့်ခြင်းများကို လက်ရှိ အာဏာရ အစိုးရလက်ထက်ရောက်သည်အထိ ထိထိရောက်ရောက် မနှိမ်နင်းနိုင်သေးပေ။ ရပ်တန့်မသွားရုံမက ပို၍ပင် ဆိုးလာနေသည်။ ဖြစ်စဉ်တော်တော်များများကို ကြည့်လျှင် ခွင့်ပြုချက်မရဘဲ ဝတ်ပြုကိုးကွယ်သည်၊ အိမ်ထဲတွင် “ခိုးဝင်” များ ရောက်နေသည်ဟု ဆိုကာ သူတစ်ပါးအိမ်ပိုင်နက်၊ ဝတ်ပြုကိုးကွယ်သည့် နေရာ စသည့် ဥပစာအတွင်းသို့ အတင်းဝင်ရောက်ကြသည်။ သာမန်လူမဆိုထားနှင့် လုပ်ပိုင်ခွင့်ရထားသည့် ရဲတပ်ဖွဲ့သည်ပင်လျှင် သူတစ်ပါးအိမ်အတွင်းသို့ ရှာဖွေဝရမ်းမပါဘဲ ဝင်ရောက်ခွင့်မရှိရာ ယခုဖြစ်စဉ်များတွင် လူစုလူဝေးဖြင့် ရောက်လာကြသူများသည် ရဲထက်ပင် အခွင့်အာဏာပိုရှိသလို ဖြစ်နေပေသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့် ပြည်တွင်းစစ်ဒဏ်၊ စစ်အာဏာရှင်စနစ်ဆိုးဒဏ်တို့ကြောင့် ကြိမ်မီးအုံးခဲ့ရသည်။ နိုင်ငံတကာတွင် အောက်ကျနောက်ကျဖြစ်ခဲ့ရသည်။ နှစ် ၆၀ ကျော် အတိတ်ဆိုး၊ ပြာပုံတွင်းမှ ရုန်းထွက်ကာ တိုင်းသစ်ပြည်သစ် ထူထောင်ရမည့်အချိန်ဖြစ်သည်။ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်နေရမည့်အချိန်မဟုတ်ပေ။ အဓိကရုဏ်းများ၊ ပဋိပက္ခများကြောင့် လူတွေ မြောက်မြားစွာ သေကျေခဲ့သည်။ ဒဏ်ရာရခဲ့သည်။ ထောင်သောင်းချီသော မိသားစုများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသည်။ နိုင်ငံ၏ ဂုဏ်သတင်းကို ထိခိုက်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် လတ်တလော ဦးစားပေးဖြေရှင်းရမည့် ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိနေသည်။ ခေတ်နောက်ပြန်ဆွဲပြီး အလယ်ခေတ်ကလို လူနည်းစု ဘာသာခြားများကို လူအင်အားဖြင့် အနိုင်ကျင့်ရမည့်ခေတ် မဟုတ်ပေ။

ဖြစ်ခဲ့ပြီးသမျှ ဖြစ်စဉ်များကို ပြန်ကြည့်လျှင် အဓိကရုဏ်းများမဖြစ်မီ၊ ဖြစ်နေစဉ်အတွင်း၊ ဖြစ်ပြီးနောက် ရဲတပ်ဖွဲ့နှင့် အာဏာပိုင်တို့၏ အရေးယူဆောင်ရွက်ပုံမှာ အလွန်ပင် အားပျော့လှသည်။ တချို့သော နိုင်ငံများတွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခရှိတတ်ကြသည် မှန်သော်လည်း ထိုနိုင်ငံတို့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့သည် အကြမ်းဖက်သူများကို ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား ကိုင်တွယ်လေ့ရှိကြသည်။ အဓိကရုဏ်းမီးမွှေးသူ၊ အမုန်းစကားဖြန့်ချိသူများကိုလည်း တားဆီးပိတ်ပင်ခြင်း၊ အရေးယူခြင်းများကို မပျက်မကွက် ဆောင်ရွက်လေ့ရှိကြသည်။ လူနည်းစုဘာသာဝင်များအပေါ် ပြည့်ပြည့်ဝဝ အကာအကွယ်ပေးကြသည်။

မြန်မာနိုင်ငံမှာတော့ ယင်းနှင့် ဆန့်ကျင်ဘက်ကို မြင်နေရသည်။ လွိုင်ကော်ဗိုလ်ချုပ်ကြေးရုပ် ဆန္ဒပြသူများ၊ အောင်သပြေရွာ ဘိလပ်မြေစက်ရုံကို ဆန္ဒပြသူများကို ရဲက ရာဘာကျည်ဖြင့်ပစ်ခတ်၊ တချို့ကို ဖမ်းဆီးထောင်ချသော်လည်း ဘာသာရေးအဓိကရုဏ်းဖြစ်အောင် မီးမွှေးသည့် လူစုလူဝေးများကိုတော့ တစ်ခါမျှ ပစ်ခတ်နှိမ်နင်းခြင်း၊ လူစုခွဲခြင်းမရှိပါ။ ၎င်းတို့၏ လုပ်ပိုင်ခွင့်မဟုတ်ဘဲ ဘာသာခြားများအပေါ် အနိုင်ကျင့်နေသည့် မည်သူမှန်းမသိရသည့် လူအုပ်ကြီးများအပေါ် ရဲက ကိုင်တွယ်ပုံကတော့ အတော်ပင် နူးညံ့ပျော့ပျောင်းလှသည်။ မတားဆီးရုံ၊ လူစုမခွဲရုံမက ထိုလူအုပ်ကြီးများ၏ ဖိအားကိုပင် မလွန်ဆန်ဘဲ လိုက်နာဆောင်ရွက်လေ့ရှိကြသည်။ ယမန်နေ့ညက တောင်ဒဂုံမြို့နယ်မှာ ဖြစ်သွားခဲ့သည့် ကိစ္စကို ကြည့်လျှင် တုတ်၊ ဓားများ ကိုင်ဆောင်ကာ လူစုလူဝေးဖြင့် ရောက်လာသည့် လူအုပ်ကို ရဲက လူစုမခွဲသည့်အပြင် ၎င်းတို့တောင်းဆိုသည့်အတိုင်း တိုင်းအစိုးရ၏ ခွင့်ပေးပြီးသားကိစ္စကိုပင် အောက်ခြေအာဏာပိုင်များက ပြောင်းပြန်လှန်ပစ်ခဲ့သည်။

ပြောစရာဖြစ်သည့်အချက်မှာ ဆေးရုံကြီးမီးလောင်စဉ်က၊ လေယာဉ်မတော်တဆဖြစ်စဉ်က ချက်ချင်းရောက်ချလာခဲ့သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်သည် ထိုဖြစ်စဉ်များထက် ပြဿနာပိုကြီးနိုင်သည့် တောင်ဒဂုံကိစ္စတွင် မျက်နှာမမြင်ရခြင်း ဖြစ်သည်။

တောင်ဒဂုံဖြစ်စဉ်သည် ပထမဆုံးအကြိမ်မဟုတ်ပါ။ ၂၀၁၇ ခုနှစ် မေလတုန်းကလည်း မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းတွင်လည်း ဘာသာရေးအမည်ခံကာ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတစ်ခုကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ဖူးသည်။ မမှန်သတင်း၊ လုပ်ကြံသတင်းများဖြင့်လည်း အွန်လိုင်းမှ တစ်ချိန်တည်း ချိန်ကိုက်ဖောက်ခွဲကြသည်။ သာကေတမြို့နယ်ရှိ အာရဗီစာသင်ကျောင်းတစ်ကျောင်းကိုလည်း အမျိုးသားရေးဆိုသူများက အတင်းအကျပ်ပိတ်ခိုင်းခဲ့သည်။ တာဝန်ရှိသူများဘက်ကမူ ဥပဒေနှင့်မညီသူများကို အရေးယူပါသည်ဟု ပြောသည်။ သို့သော်လည်း ထိုသူတို့၏ ဥပဒေမဲ့အပြုအမူများမှာ ရပ်တန့်မသွားရုံမျှမက ပို၍ပင် ဆိုးလာသည်။ တပ်မတော်ကို ဝေဖန်လျှင်၊ အစိုးရကို ဝေဖန်လျှင် ဆက်သွယ်ရေးဥပဒေပုဒ်မများ၊ ရာဇသတ်ကြီးပုဒ်မများဖြင့် တရားအစွဲခံရသလောက် လူမြင်ကွင်းတွင် စင်ပေါ်တက်ကာ သင်္ကန်းဝတ်ကြီးဖြင့် ရိုင်းရိုင်းစိုင်းစိုင်း ဆဲရေးသော်လည်း သာသနာညှိုးနွမ်းစေမှုဟု ယူဆမခံရဘဲ လွတ်လပ်စွာ နေထိုင်ပြောဆိုခွင့် ရနေသည်။ အမျိုးသားရေးသမားဆိုသူတို့၏ ဟောပြောပွဲများတွင် ဆန့်ကျင်ပြောမိသဖြင့် ဝိုင်းဝန်းထိုးကြိတ်ခံရသူကို ဖမ်းဆီးတရားစွဲပြီး ထိုးကြိတ်သူကိုတော့ မဖမ်းခြင်းမျိုး ရှိသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရဲတပ်ဖွဲ့ကို ထိန်းချုပ်ထားသည့် ပြည်ထဲရေးဝန်ကြီးဌာနသည် တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် အာဏာရအစိုးရအနေဖြင့် အာဏာစက်အကန့်အသတ်ရှိနေမည်ကို နားလည်နိုင်ပါသည်။ သို့သော်လည်း ယင်းသည် ရာနှုန်းပြည့်လက်ခံနိုင်စရာ ဆင်ခြေမဟုတ်ပါ။ နိုင်ငံသားတို့အပေါ် အစိုးရပိုင်းက အပြည့်အဝအကာအကွယ်ပေးဖို့ တာဝန်ရှိပါသည်။ ထို ၂၀၀၈ အခြေခံဥပဒေအရပင်လျှင် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို အတိအလင်းပေးထားပြီး အမျိုးသားရေးသမားများသည် သူတို့ကာကွယ်ပါမည်ဟု ကြွေးကြော်နေသည့် ထိုအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကိုတောင်မှ အရေးမစိုက်ဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ ထင်တိုင်းကြဲလာကြသည်။ တစ်စထက်တစ်စ အတင့်ရဲလာသည်ကိုလည်း တွေ့ရသည်။ အစိုးရအနေဖြင့် ထိုလူတစ်စုကို လွှတ်မထားဘဲ မိမိတို့လုပ်ခွင့်ရသမျှဘောင်အတွင်းမှ ပြတ်ပြတ်သားသား ကိုင်တွယ်အရေးယူကာ ကမ္ဘာ့အလယ်တွင် ကျဆင်းနေသော မြန်မာနိုင်ငံ၏ ဂုဏ်အသရေကို ပြန်အဖတ်ဆယ်ရမည်ဖြစ်သည်။ လက်တွေ့လုပ်ရကိုင်ရသည့် အပိုင်းတွင် အခက်အခဲများရှိပါကလည်း ရှိသည့်အတိုင်း ပြည်သူလူထုအား ချပြ ဖွင့်ပြောသင့်ပေသည်။ ဗုဒ္ဓဘာသာဝင် ပြည်သူတို့သည် မိမိတို့ဘာသာ ညှိုးနွမ်းရသည့်အတွက် အရှက်ရ စိတ်ဓာတ်ကျနေကြပြီဖြစ်ရာ ထိုပြည်သူတို့ကို ငဲ့ကြည့်သင့်ပေသည်။

မိမိတို့သည် ဒီမိုကရေစီအခြေခံစံနှုန်းများနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် အစိုးရဖြစ်ကြောင်း သက်တမ်းသုံးနှစ်သား အစိုးရအဖို့ ပြသဖို့ အချိန်တန်ရုံမက အချိန်ပင်နှောင်းနေပြီ ဖြစ်သည်။ ဒီမိုကရေစီဟုဆိုသော ခေတ်တွင် အစိုးရတစ်ရပ်သည် ပြည်သူအားလုံးကို ကျောသားရင်သားမခွဲခြားဘဲ ကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိကဝတ်ပေးခဲ့သည်ဖြစ်ရာ မတရားမှု၊ ဥပဒေမဲ့ပြုကျင့်မှုများအားလုံးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိရမည်သာ ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံနယ်နိမိတ်အတွင်း မှီတင်းနေထိုင်သူများအားလုံး၏ လူ့အခြေခံရပိုင်ခွင့်များကို ကျောသားရင်သားမခွဲခြားဘဲ ကာကွယ်စောင့်ရှောက်မှုပေးပြီး ဥပဒေကို ထီမထင်သူများအား ပြတ်ပြတ်သားသား အရေးယူနှိမ်နင်းခြင်းဖြင့် ဗုဒ္ဓဘာသာဝင်များ၏ ကျဆင်းရသော ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ပေးရန် တိုက်တွန်းလိုက်ရပေသည်။

Show More

Related Articles

Back to top button