သတင်း

လာဖမ်းမည်ဆိုပါက အဖမ်းခံမည်ဟု မိုက်ကယ်ကျော်မြင့် ပြော

မွတ်စလင်တို့၏ ရမ္မဇန်ဥပုသ်လ ဝတ်ပြုပွဲများမပြုလုပ်ရန် သွားရောက်တားမြစ်သူများအနက် မိုက်ကယ်ကျော်မြင့်ကို အရေးယူပေးရန် တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးက ယမန်နေ့က တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သော်လည်း ၎င်းသည် ယခုအထိ အိမ်မှာသာရှိနေသေးပြီး မည်သူကမျှ လာရောက် အကြောင်းမကြားသေးကြောင်း မိုက်ကယ်ကျော်မြင့်က Myanmar Now ကို ယနေ့ညနေ ၄ နာရီက ပြောသည်။

ဝရမ်းထုတ်တယ်ဆိုတော့ ခေါ်ရင်တော့ သွားရမှာပေါ့။ ဖမ်းရင်တော့ ခံရမှာပေါ့။ အိမ်မှာပဲ နေတယ်။ သင်္ဃန်းကျွန်းမှာပဲ။ ခေါ်တောင် မခေါ်ရဲသေးတဲ့ဟာကိုဟု ၎င်းက ပြောသည်။

မိုက်ကယ်ကျော်မြင့်သည် တောင်ဒဂုံမြို့နယ်အတွင်း ပြီးခဲ့သည့် မေ ၁၅ ရက်ညက ဆူပူသူလူအုပ်တွင် အပေါ်လွင်ဆုံးလူ ဖြစ်သည်။ တောင်ဒဂုံမြို့နယ် ရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်မပြုနိုင်အောင် တားဆီးခဲ့သည့် လူအုပ်မှ ဦးဆောင်သူ မိုက်ကယ်ကျော်မြင့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုကာ နိုင်ငံတော် အကြည်ညိုပျက်စေမှုဟု လူသိများသော ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် ယမန်နေ့က အမှုဖွင့်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ရဲမှူးကြီး မျိုးသူစိုးက ယနေ့နံနက်တွင် ပြောသည်။

“မိုက်ကယ်ကျော်မြင့်ကို (အရေးယူပေးဖို့ တရားရုံးကို) မြို့နယ်အုပ်ချုပ်ရေးမှူးက ဦးတိုက်လျှောက်ထားတယ်။ ၅၀၅ (ခ)နဲ့ လျှောက်ထားတယ်။ မိုက်ကယ်ကျော်မြင့်တစ်ယောက်တည်းကိုပဲ လောလောဆယ်တော့ တရားရုံးမှာ ဦးတိုက် လျှောက်ထားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) သည် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်လာအောင် အများပြည်သူကိုဖြစ်စေ သီးခြားလူတစ်စုကိုဖြစ်စေ ကြောက်ခြင်း၊ ထိတ်လန့်ခြင်းကို ဖြစ်စေရန် အကြံရှိလျှင် အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ.၏ သတင်းရင်းမြစ်များအရ ၎င်းသည် အဖမ်းမခံရရန်ထွက်ပြေးတိမ်းရှောင်နေပြီး၊ ရဲတပ်ဖွဲ.က ၄င်းအားလိုက်လံရှာဖွေလျက်ရှိသည်။ 

ဘာသာရေးဆူပူမှုဖြစ်တိုင်း အမျိုးသားရေးသမားဆိုသူများကို ဖိဖိစီးစီး ဖမ်းဆီးအရေးယူမှု မရှိသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် လူ့အခွင့်အရေးစောင့်ကြည့်လှုပ်ရှားသူများက ပြင်းပြင်းထန်ထန် ဝေဖန်လျက် ရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဦးကိုနီသေဆုံးမှုအတွက် တရားရင်ဆိုင်ရသည့် မြောက်ပိုင်းခရိုင်အင်းစိန်တရားရုံးတွင် “ထမင်းဝအောင် စားထား စာတမ်းများ ဝတ်ဆင်သူ၊ သာကေတမြို့နယ်တွင် အဆိုပါစာတန်းပါ အင်္ကျီဖြင့် ဦးကိုနီ လုပ်ကြံခံရမှုကို သရုပ်ဖော်သည့် အမျိုးသားရေးလှုပ်ရှားသူများ၊ မျိုးချစ်များကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် ဝရမ်းထုတ်ထားသော်လည်း ဖမ်းမိခြင်း မရှိပေ။

တောင်ဒဂုံဆူပူမှုတွင် အခင်းဖြစ်ပွားရာ နေရာရှိနေခဲ့သည့် လူမှုသဟာဇာတဖြစ်ထွန်းရေးအရပ်ဘက်အဖွဲ့ Synergyကို ဦးဆောင်သူ ကိုသက်ဆွေဝင်းက “တရားဥပဒေက အမှုဖွင့်တယ် ပြောတယ်။ ဝရမ်းဖွင့်တယ် ပြောတယ်။ ဖမ်းတာ ဆီးတာ အရေးယူတာ မရှိဘူး။ ဒီဘာသာရေး လူမျိုးရေး ပြဿနာတက်အောင် လုပ်ခဲ့တဲ့ လူတွေ ကို ဖမ်းမှာလား။ မဖမ်းရင် ပြည်သူတွေမှာ ဖမ်းပိုင်ခွင့် ရှိတယ်။ ဒီလူတွေ ကျွန်တော်တို့ ဖမ်းဖို့ပဲ လိုတယ်ဟု ပြောသည်။

မိုက်ကယ်ကျော်မြင့်သည် ငြိမ်ဝပ်ပိပြားရေးပျက်အောင်လုပ်သည့်အပြင် ဘာသာရေး ဝတ်ပြုရာနေရာကို ဟန့်တား နှောင့်ယှက်သည့်အတွက် သက်ဆိုင်ရာ ရာဇသတ်ကြီးပုဒ်မများဖြင့်လည်း အရေးယူနိုင်သေးကြောင်း၊ သို့သော် အချင်းချင်း နားလည်မှုလွဲမည်စိုး၍ အစ္စလာမ်သာသနာရေး အဖွဲ့အစည်းများအနေဖြင့် အမှုဖွင့်မည်မဟုတ်ကြောင်း အစ္စလာမ်သာသနာရေး ကော်စီအတွင်းရေးမှူး ဦးဝဏ္ဏရွှေက ပြောသည်။

မိုက်ကယ်ကျော်မြင့်သည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို စွပ်စွဲပုတ်ခတ်မှုဖြင့် ယမန်နှစ်က ထောင်ဒဏ် ကိုးလ ကျခံခဲ့ရသူဖြစ်သည်။

မွတ်စလင်တို့ ကိုးကွယ်ဝတ်ပြုရာကို နှောင့်ယှက်သည့် မိုက်ကယ်ကျော်မြင့်ကို သာသနာညှိုးနွမ်းစေမှုဖြင့် မဖွင့်သော်လည်း မဘသ၏အမျိုးသားရေးတရားများကို ဝေဖန်ခဲ့သည့် စာရေးဆရာ ထင်လင်းဦး၊ အသံဆူညံသည်ဟု ဆိုကာ ဓမ္မာရုံမှ လောစပီကာကြိုးကို ဆွဲဖြုတ်ခဲ့သည့် ကမ္ဘာလှည့်ခရီးသွား နယ်သာလန်နိုင်ငံသားတစ်ဦး၊ ဘားဆိုင်ကို ဗုဒ္ဓရုပ်ပုံဖြင့် ကြော်ငြာခဲ့သည့် နယူးဇီလန်နိုင်ငံသားတစ်ဦးတို့မှာမူ ပြီးခဲ့သည့် နှစ်အပိုင်းအခြားများအတွင်း သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲခံခဲ့ရပြီး ထောင်ဒဏ်နှင့် ပြည်နှင်ဒဏ်များ အသီးသီးကျခံခဲ့ရသည်။

Show More

Related Articles

Back to top button