သတင်း

သတ်မှတ်ရက်ရောက်သော်လည်း မိုက်ကယ်ကျော်မြင့် လာရောက်အဖမ်းခံခြင်းမရှိ

တောင်ဒဂုံမြို့နယ်တွင် ဘာသာရေးအကြောင်းပြု ဆူပူမှုဖြစ်စေရန် လုပ်ဆောင်ခဲ့သည့် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ကို တရားရုံးလာရောက်ရန် သတ်မှတ်ထားသော နောက်ဆုံးရက်(မေလ ၂၃ရက်) ရောက်သော်လည်း လာရောက်အဖမ်းခံခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသည်။

တရားရုံးက ထုတ်ပြန်ထားသော ဝရမ်းစာတွင် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ နှစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခြင်း ခံထားရပြီး၊  မေလ၂၃ရက် (ယနေ့) မတိုင်မီ တောင်ဒဂုံမြို့နယ်တရားရုံးသို့ လာရောက်ရမည်ဟု ဖော်ပြထားသည်။

ယင်းသို့ လာရောက်အဖမ်းခံခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တောင်ဒဂုံမြို့နယ်တရားရုံးက ဝရမ်းသက်တမ်းကို ဇွန်လ ၆ ရက်နေ့သို့ တိုးလိုက်ကြောင်း တရားရုံး၏ ပြန်ကြားရေးအရာရှိက ပြောဆိုသော်လည်း ဇွန်လ ၆ ရက်ထိ ရဲတပ်ဖွဲ့က ၎င်းတို့ နှစ်ဦးအား ဖမ်းမိခြင်း မရှိပါက တရားရုံးက မည်သို့ဆက်လက်ဆောင်ရွက်မည်ကိုမူ ဖြေကြားခြင်းမရှိပေ။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးကမူ မိုက်ကယ်ကျော်မြင့် နေထိုင်လေ့ရှိသည့် ဒဂုံမြို့သစ်မြောက်ပိုင်းနေအိမ်၊ သင်္ဃန်းကျွန်းရှိနေအိမ်၊ ဗဟန်းမြို့နယ်ရှိ နေအိမ်များကို သွားရောက်ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ကြောင်း Myanmar Now ကို ပြောဆိုသည်။

သို့သော် မိုက်ကယ်ကျော်မြင့်စီးသည့်ကားကို ယခုလ ၁၉ ရက်နေ့က ရန်ကုန်-မန္တလေးအမြန်လမ်းရှိ မိတ္ထီလာတိုးဂိတ်ကို ဖြတ်သွားသည်ကို CCTV မှတ်တမ်းများအရ တွေ့ရှိခဲ့ရပြီး ယင်းနေ့တွင်ပင် မန္တလေးမြို့သို့ ရောက်ရှိနေကြောင်း သတင်းရခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

ယခုနောက်ဆုံးရရှိသည့် သတင်းများအရ မိုက်ကယ်ကျော်မြင့်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုထံ သွားရောက်ခိုလှုံနေသည်ဟု သိရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဖမ်းဝရမ်းများတွင် မိုက်ကယ်ကျော်မြင့်သည် (ခ/၄၈၇) ပီမိုးနင်းလမ်း၊ အမှတ်(၄၂) ရပ်ကွက်၊ ဒဂုံမြို့သစ်မြို့နယ်တွင် နေထိုင်သည်ဟု ဖော်ပြထားပြီး၊ သီဟမျိုးနိုင်သည် ခ/၂၈၈(က) ၊ ဓနသုခလမ်း အမှတ် ၅၄ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည်ဟု ဖော်ပြထားသည်။

မေလ ၁၅ ရက် ညက တောင်ဒဂုံရှိ အစ္စလာမ်ဘာသာ ယာယီဝတ်ပြုဆောင်များကို ပိတ်သိမ်းရန် လက်နက်ကိုင်ဆောင်လာသည့် လူစုတွင် ဦးဆောင်ပါဝင်သည့် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမြင့်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တောင်ဒဂုံမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားားခြင်းဖြစ်ပြီး မေလ ၂၃ ရက်နောက်ဆုံးထားကာ တရားရုံးသို့ ဖမ်းဆီးခေါ်လာရန် မေလ ၁၆ ရက်နေ့တွင် တရားရုံးက ဝရမ်းထုတ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ တောင်ဒဂုံမြို့နယ်တရားရုံးသို့ ရောက်ရှိနေသည့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကမူ “တစ်နိုင်ငံလုံးနဲ့ ချိတ်ထားတယ်။ တစ်နိုင်ငံလုံး ဘယ်နေရာမှာ တွေ့တွေ့ ဖမ်းဆီးဖို့ စာထုတ်ထားတယ်” ဟု ဆိုသည်။

မိုက်ကယ်ကျော်မြင့်မှာ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီကို ၎င်း၏ အမျိုးသမီးအမည်ဖြင့် လျှောက်ထားစေခဲ့ရာတွင် ယခုလ ၂ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ခွင့်ပြုလိုက်ပြီဖြစ်သည်။

ယင်းပါတီကို မိုက်ကယ်ကျော်မြင့် အင်းစိန်အကျဉ်းထောင်အတွင်း ရောက်ရှိနေစဉ် ၂၀၁၈ ခုနှစ် ၉ လပိုင်းကတည်းက အမျိုးသားဖြစ်သူ၏ ညွှန်ကြားချက်အရ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း မိုက်ကယ်ကျော်မြင့်၏ ဇနီး ဒေါ်အေးအေးသင်းက Myanmar Now ကို ပြောဆိုထားသည်။

မိုက်ကယ်ကျော်မြင့်နှင့်အတူ ဖမ်းဝရမ်းထုတ်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေသူ သီဟမျိုးနိုင်မှာလည်း ယင်းပါတီ၏ တောင်ဒဂုံမြို့နယ် ကော်မတီဥက္ကဋ္ဌအဖြစ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်သူ မိုက်ကယ်ကျော်မြင့်က လက်မှတ်ရေးထိုးခန့်အပ်ထားသည်။

မေလ ၁၅ ရက်ညက ဖြစ်ပွားခဲ့သည့် တောင်ဒဂုံဆူပူမှုတွင် မိုက်ကယ်ကျော်မြင့်ဦးဆောင်သည့် လူအင်အား ၁၀၀ ခန့်က တောင်ဒဂုံမြို့နယ် ၁၀၆၊ ၆၄နှင့်၂၆ ရပ်ကွက်များရှိ အစ္စလာမ်ဘာသာဝင်များဝတ်ပြုဆုတောင်းရာ နေအိမ်များကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ဒေသခံအစ္စလာမ်ဘာသာရေးလူကြီးများအား နောင်တွင် ထပ်မံဝတ်ပြုခြင်း မပြုလုပ်ရန် ညဉ့်သန်းခေါင်ယံအချိန်တွင် ခံဝန်ရေးထိုးစေခဲ့သည်။

မိုက်ကယ်ကျော်မြင့်မှာ ၂၀၁၇ ခုနှစ်အတွင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ကိုယ်ရေးအရာရှိတို့ မြေကိစ္စတွင် လာဘ်စားခဲ့သည်ဟု စွပ်စွဲမှု၊ ဆန္ဒပြမှုတို့ကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ်ခြောက်လ၊ မမှန်မကန်စွပ်စွဲမှုကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၁ ဖြင့် ထောင်ဒဏ်သုံးလ၊ ယင်းအပြင် ငြိမ်းချမ်းစွာစုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ဖြင့် ထောင်ဒဏ်တစ်လ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) (အစိုးရကို ထိခိုက်စေသည့် သတင်းဖြန့်ချိမှုကြောင့် အများပြည်သူအကျိုးကို ပျက်စီးစေမှု) ဖြင့် ထောက်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသူလည်း ဖြစ်သည်။

Show More

Related Articles

Back to top button