Uncategorized

၂၄ နာရီကြာ ရွှေဘိုထောင်ဆူဒိုင်ယာရီ

၂၄ နာရီ နီးပါးကြာသည့် ရွှေဘိုထောင်တွင်း ဆူပူမှုကို ထိန်းသိမ်းနိုင်ပြီဟု စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ယနေ့နေ့လယ်တွင် အတည်ပြု ပြောကြားခဲ့သည်။

အဆိုပါမငြိမ်မသက်မှုတွင် ဆန္ဒပြ ထောင်သား ၄ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားပြီး အခြား ၂ ဦးလည်း ဒဏ်ရာရသွားခဲ့သည်။

ရွှေဘိုထောင်တွင် ဧပြီ ၂၂ ကလည်း ဆူပူခဲ့ဖူးပြီး စစ်ကိုင်းဝန်ကြီးချုပ် သွားရောက် ထိန်းသိမ်းခဲ့သေးသည်။ ရွှေဘိုထောင်သို့ သွားရောက် သတင်းယူခဲ့သည့် Myanmar Now သတင်းထောက်က သူတွေ့ကြုံခဲ့ရသည့် အခြေအနေကို မှတ်တမ်းတင်ထားခဲ့သည်။

ဧပြီ ၂၂
သင်္ကြန်အပြီး နှစ်ဆန်း ၁ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်သူများက ရွှေဘိုထောင်တွင်း ဆန္ဒပြခဲ့ကြပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် သွားရောက်ညှိနှိုင်းခဲ့သည်။
ရွှေဘိုထောင်သည် စစ်ကိုင်းတိုင်းအစိုးရ ရုံးစိုက်ရာ မုံရွာမြို့မှ မိုင် ၆၀ ကျော် ဝေးသည့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည်။

ဧပြီ ၂၆
သမ္မတ၏ သင်္ကြန်အပြီး ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်တွင် ရွှေဘိုထောင်မှ အကျဉ်းသား ၅၀၀ ကျော် လွတ်ခဲ့သည်။

မေ ၇
အကျဉ်းသား ၆၅၀၀ ကျော် ထပ်မံလွှတ်ပေးကြောင်း ကြေညာခဲ့ပြီး ရွှေဘိုထောင်မှ အကျဉ်းသား အနည်းငယ်သာ ပါဝင်ခဲ့သည်။

မေ ၈ ( ညနေ ၄:၀၀နာရီ)
လွတ်ငြိမ်းချမ်းသာခွင့် ၃ကြိမ်တွင် မပါဝင်ခဲ့ရသည့် ရွှေဘိုထောင်မှ အကျဉ်းသားအချို့က ၎င်းတို့သည် မျှတသည့်အခွင့်အရေး မရရှိဟုဆိုကာ အော်ဟစ်ဆန္ဒပြကြသည်။

မေ ၈ (ည ၈:၀၀ နာရီ)
မငြိမ်မသက်မှုသည် ညပိုင်းအထိ ဆက်လက်မြင့်တက်လာပြီးနောက် အကျဉ်းထောင်တွင်းမှ သေနတ်သံများ ကြားခဲ့ရသည်။ ထောင်တွင်းမှ ရိုက်ကူးထားသည်ဟု ယုံကြည်ရသည့် ရုပ်သံဖိုင်များ Facebook တွင် ပျံ့နှံ့လာပြီး သေနတ်ဒဏ်ရာနှင့် အကျဉ်းသားများအားလည်း တွေ့မြင်ခဲ့ရသည်။

မေ ၈ (ည ၁၀:၃၀)
အဆင့်မြင့် လုံခြုံရေးအရာရှိများ ထောင်ဆူပူမှုကို လာရောက်ညှိနှိုင်းခဲ့သည်။

မေ ၉ (နံနက် ၈:၃၀)
အကျဉ်းထောင်သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ရောက်လာပြီး ဆန္ဒပြအကျဉ်းသား ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရဘဲ ပြန်ထွက်ခွာသွားသည်။

မေ ၉ (နံနက် ၉:၃၀)
ထောင်တွင်းမှ ဆူပူသံများ ဆက်လက်ကြားနေရပြီး ရဲလုံခြုံရေးအများအပြား အင်အားဖြည့်လိုက်သည်။

မေ ၉ (နံနက် ၁၀: ၃၀)
ထောင်သားများက ထောင်ရှေ့ရောက် သတင်းထောက်များနှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့သည်။ သတင်းထောက်အချို့က ဝင်ရောက်တွေ့ဆုံရန် ဆန္ဒရှိသော်လည်း ဓားစာခံလုပ် ဖမ်းဆီးမည် ဆိုးသဖြင့် ထောင်အာဏာပိုင်များက ပယ်ချခဲ့သည်။

မေ ၉ (နံနက် ၁၀:၄၅)
သေဆုံးသူများ၏ ရုပ်အလောင်းများကို အကျဉ်းထောင်ပြင်ပသို့ ထုတ်လာခဲ့သည်။ ယမန်နေ့ည ပစ်ခတ်မှုအတွင်း ထောင်သား ၄ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရသွားခဲ့သည်။

မေ ၉ (မွန်းလွဲ ၂:၀၀)
လက်နက်အပြည့်အစုံဖြင့် စစ်သားများ၊ မီးသတ်ကားများ ထပ်မံရောက်ရှိလာပြီး ဆန္ဒပြထောင်သားများအား ကိုယ့်အိပ်ဆောင် ကိုယ်ပြန်နေကြရန် သတိပေးသံများ ထောင်တွင်းမှ ထွက်ပေါ်လာခဲ့သည်။

မေ၉ (မွန်းလွဲ ၂:၃၀ )
ထောင်တွင်းမှ ပစ်ခတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ယင်းပစ်ခတ်မှုသည် မျက်ရည်ယိုဗုံး ဖြစ်နိုင်ကြောင်း ခန့်မှန်းကြပြီး ထောင်အပြင်ဘက်တွင် ရှိနေသူများလည်း မျက်ရည်များ ကျဆင်းခဲ့ရသည်။

မေ၉ (ညနေ ၃:၀၀)
ဆန္ဒပြသူများနှင့် ညှိနှိုင်းရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် နောက်တစ်ကြိမ် ထောင်တွင်းသို့ ထပ်မံဝင်ရောက် သွားခဲ့သည်။

မေ၉ (ညနေ ၃:၂၀)
ဝန်ကြီးချုပ် ပြန်ထွက်လာပြီး ထောင်ဆူပူမှုကို ထိန်းနိုင်ပြီဟု သတင်းထောက်များအား အတည်ပြုသည်။ ဆန္ဒပြထောင်သားများ တောင်းဆိုချက်ကို နေပြည်တော်သို့ တင်ပြမည်ဟုလည်း သူက ဆိုသည်။

ရွှေဘိုထောင်ဆူမှုအကြောင်း စစ်ကိုင်းဝန်ကြီးချုပ် ပြောကြားချက်ရုပ်သံ ကြည့်ရှုရန်

https://www.facebook.com/watch/?v=570565326766086

Related Articles

Back to top button