ရန်ကုန်၊ ဧပြီ ၂၉ – ရက္ခိုင့်တပ်မတော် AA ကဖမ်းဆီးထားသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ကင်းတလင်းရွာမှ ရွာသား ၅၀ ကျော်အား အမြန်ဆုံးပြန်လွှတ်ပေးရန် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ယမန်နေ့က ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ပလက်ဝမြို့နယ် အနောက်မြောက်ဘက် မိုင် ၄၀ အကွာတွင်ရှိသည့် ကင်းတလင်းရွာမှ ခူမီးချင်းတိုင်းရင်းသား ၅၄ ဦးကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရက်အနည်းငယ်ခန့်အကြာတွင် အဆိုပါရွာသားများထဲမှ ၂ ဦးမှာ ပြန်လည်လွတ်မြောက်လာသည်။
လွတ်မြောက်လာသူ ၂ ဦးမှာ ဦးအောင်ရီ(၄၀ နှစ်)နှင့် ဦးတနင်္လာ(၄၂နှစ်)တို့ဖြစ်ပြီး ကင်းတလင်းရွာနှင့် မိုင် ၂၀ ခန့်ဝေးသည့် မီးစာရွာတွင် ရောက်ရှိနေကြောင်း အဆိုပါကောင်စီထံမှ သိရသည်။
သို့သော် ကျန်ရှိနေခဲ့သည့် ရွာသား ၅၂ ယောက်တွင် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် ကျောင်းသားများလည်း ပါဝင်ပြီး ဖမ်းဆီးခံရသည်မှာ ၃ လကျော် ကြာပြီဖြစ်သည်။
လွတ်မြောက်လာသူ ၂ ဦး၏ ပြောကြားချက်ကို ကိုးကား၍ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ဖမ်းဆီးခံရသူများကို ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ AA တပ်စခန်းရှိရာသို့ ခေါ်ဆောင်သွားပြီး ရိက္ခာသယ်ခိုင်းခြင်းနှင့် အခြားအလုပ်များ ခိုင်းစေနေသည်ဟု Myanmar Now ကို ဖြေကြားသည်။
“ သူတို့ခိုင်းတာလုပ်ရတယ်၊ အစားအသောက်လည်းမမှန်ဘူး၊ မိသားစုတွေကလည်း တော်တော်ကြီးကို စိတ်ပူနေကြတယ် ” ဟု ဦးကျော်ငြိမ်းက ပြောသည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ AA ၏ ပြောခွင့်ရ ခိုင်သုခကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍မရပေ။
ပလက်ဝမြို့နယ်မှ ခရစ်ယာန်သင်းအုပ်ဆရာတော် ဦးထွန်းလှိုင်က ဖမ်းဆီးခံရသည့် ရွာသားများမှာ ၎င်း၏အသင်းသားများဖြစ်ကြောင်းနှင့် အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း ပြောဆိုသည်။
“ ကိုယ့်အသင်းသားတွေဆိုတော့ စိတ်ပူတယ် သူတို့ပြန်လွတ်ဖို့ ပြည်နယ်အစိုးရအပါအဝင် အားလုံးက ဝိုင်းကူညီစေချင်တယ် ” ဟု ဦးထွန်းလှိုင်က ပြောသည်။
တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့သည် ရခိုင်မြောက်ပိုင်းမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားဖမ်းဆီးခံရမှုများ၊ တရားစွဲဆိုခံရမှုများလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်။
မတ်လ ၉ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်သား ၄ ဦနှင့်အတူ အရပ်သား ၇ ဦးကို ဖမ်းဆီးခဲ့ပြီး ရက်အနည်းငယ်အကြာတွင် အရပ်သားအချို့ကို ပြန်လွှတ်ပေးခဲ့သည်ဟု AA ပြောခွင့်ရ ခိုင်သုခက ပြောသည်။