ဓာတ်ပုံအက်ဆေး

စစ်ရှောင်စခန်းတွင် သောင်တင်ကြခြင်း (ဓာတ်ပုံအက်ဆေး)

လက်နက်ကိုင်အဖွဲ့ အများအပြား အခြေစိုက်ရာ ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ တိုက်ပွဲ အများဆုံးဖြစ်ပွားတဲ့ဒေသတစ်ခုပါ။

တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကြား တိုက်ပွဲတွေ ရှိသလို ဒေသတွင်း အဖွဲ့တွေကြားမှာလည်း တိုက်ပွဲတွေ ရှိတတ်ပါတယ်။ တိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေက မတူညီကြပါဘူး။

တူညီတာ တစ်ခုကတော့ စစ်ရေးပြင်ဆင်ပြီ၊ တိုက်ကြ ခိုက်ကြပြီဆိုရင် ဒေသခံပြည်သူများ နေရပ်စွန့်ကြ၊ ထွက်ပြေးတိမ်းရှောင်ကြရခြင်းပါပဲ။

မကြာသေးခင်က နမ္မတူမြို့ကို ရောက်ရှိစဉ်မှာ စစ်ရှောင်စခန်းတချို့ကို တွေ့ရပါတယ်။ အဲဒီထဲက ကေဘီစီစခန်းလို့ ဒေသခံတွေ ခေါ်ကြတဲ့ ခိုလှုံစရာနေရာကတော့ သက်တမ်း ဆယ်စုနှစ် ထက်ဝက်ကျော်လာပြီလို့ ဆိုပါတယ်။ အဲဒီမှာ ကချင်တိုင်းရင်းသားအများအပြားကို တွေ့ရမှာပါ။ လီဆူတိုင်းရင်းသားတွေခိုလှုံရာ စခန်းတစ်ခုကိုလည်း တွေ့ရပါလိမ့်မယ်။

ကြူဆော့ အမည်ရ စခန်းမှာတော့ ရှမ်း၊ တအာန်း (ပလောင်) တိုင်းရင်းသား စုစုပေါင်း သုံးရာနီးပါး ရှိနေပါတယ်။

တအာန်းလက်နက်ကိုင်အဖွဲ့နဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့ တစ်ခု မကြာခဏ ပစ်ခတ် တိုက်ခိုက်နေကြပေမယ့် ဒီစခန်းမှာတော့ တအာန်းတွေရော၊ ရှမ်းတွေပါ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြတာ တွေ့ခဲ့ရပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေါင်းစဉ်တွေက မည်သို့ပင်ဖြစ်နေပါစေ.. အကျိုးဆက်ကိုခံစားရတဲ့ ဒေသခံတိုင်းရင်းသားတွေကတော့ ကြုံလာသမျှ အတူတကွ ရင်ဆိုင် ကျော်ဖြတ်နေကြတာပါ။ ပန်သပြေ တအာန်း(ပလောင်) ဒုက္ခသည်စခန်း နဲ့ ကြူဆော့စခန်း ပုံရိပ်တွေထဲက တချို့ကို ဖော်ပြလိုက်ပါတယ်။

၂ဝ၁၇ ဖေဖော်ဝါရီမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီစခန်းမှာ ကျေးရွာ ၈ ခုက ဒေသခံတွေ ခိုလှုံနေကြတာပါ။

နေ့ခင်းပိုင်းဆိုရင် စခန်းထဲမှာ လူအများကြီး မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ နံနက် ၄ နာရီလောက်ကတည်းက အများအပြားဟာ တောင်ယာလုပ်ငန်း လုပ်ကိုင်ဖို့ စခန်းထဲက ထွက်ကြလို့ပါ။ ညမှောင်ချိန်မှာ စခန်းကိုပြန်လာကြမှာပါ။ တချို့က ကိုယ်ပိုင်တောင်ယာရှိပြီး တချို့ကတော့ မြေငှားပြီး လုပ်ကိုင်ကြပါတယ်။

ဝင်ငွေရလမ်းတစ်ခုခုရှိမှ ကျန်းမာရေး၊ ကလေးတွေရဲ့ ပညာရေးအတွက် အဆင်ပြေမှာပါ။ ဒါမှသာ မိသားစုတွင်းက ပညာသင်ကြားနေသူတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေကို ထောက်ပံ့နိုင်ပါလိမ့်မယ်။

စခန်းကို ရောက်လာတဲ့ ဈေးသည်ဆိုင်ကယ်သမားဆီကနေ အသီးအရွက် အသားငါး၊ ကုန်ခြောက်တို့ဝယ်ယူကြပါတယ်

မီးဖိုမှာ ချက်ပြုတ်နေတဲ့ ရှမ်းအမျိုးသမီး တစ်ဦး။ တောင်ယာသွားသူတွေ စခန်းပြန်ရောက်ချိန်မှာတော့ ညစာ ပြင်ဆင်ချက်ပြုတ်ကြပါတယ်။ နောက်တစ်နေ့ လုပ်ငန်းခွင်ကို ယူသွားမယ့် အစားအစာအတွက်လည်း ပြင်ဆင်ကြပါတယ်။

မီးဖိုဆောင်ထဲက တအာန်းအမျိုးသမီးနဲ့ သူ့ရင်သွေးငယ်။

စခန်းအလယ်က ခန်းမကိုတော့ ထောက်ပံ့ရေးပစ္စည်းတွေ ရောက်လာချိန်၊ အစည်းအဝေးလုပ်ချိန်တွေမှာ သုံးပါတယ်။

အသက် ၇ဝ ဝန်းကျင် ဇနီးမောင်နှံမှာ ကူညီမယ့် သားထောက်သမီးခံ မရှိကြပါဘူး။ အမျိုးသမီးက ရှမ်း၊ အမျိုးသားက ကချင်ပါ။

သက်ကြီးရွယ်အိုတွေ၊ လုပ်ငန်းခွင်က ပြန်လာကြတဲ့သူတွေရဲ့ ရေနွေးဝိုင်းမှာ တစ်နေ့တာ အတွေ့အကြုံတွေ၊ သတင်းစကားတွေ ပါဝင်တတ်ပါတယ်။ သူတို့ရဲ့ နေရပ်ရင်းမှာ တိုက်ပွဲတွေ ထပ်မဖြစ်တော့ဘူးလို့ အာမ မခံနိုင်တာကြောင့် သူတို့တွေ အိမ်ပြန်ချင် စိတ်ရှိကြပေမယ့်လည်း စခန်းထဲ ဆက်လက်သောင်တင်နေကြပါတော့တယ်။

Show More

Related Articles

Back to top button