Uncategorized

ကျူးကျော်ရပ်ကွက်မှ အသံများ

သတင်းထောက် ထက်ခေါင်လင်း၊ အိချယ်ရီအောင်၊ ကျော်လင်းထွန်းတို့ တွေ့ဆုံမေးမြန်းထားတာတွေထဲက ကျူးကျော်ရပ်ကွက်ရဲ့ အနေအထားကို လှစ်ဟပြတဲ့ အသံတချို့ကို ဖော်ပြလိုက်ပါတယ်။

မလုံးလုံး၊ အသက် ၃ဝ ကျော်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဂ) ရပ်ကွက် ဥက္ကလာလမ်းမ

ဈေးရောင်းပါတယ်။ မိုးတွင်းဆို ပိုပြီးတော့ အရောင်းအဝယ်လည်း အေးတယ်။ အမျိုးသားကလည်း ဆိုက်ကားဆွဲမကောင်းဘူး။ ပိုဆိုးတာက သားလေးက ဒီနှစ်မှ ကျောင်းစတက်တော့ ကျောင်းပို့ကျောင်းကြိုလုပ်နေရတော့ ဈေးမထွက်ဖြစ်ဘူး။ ကိုယ့်ကလေးကိုလည်း ကျူရှင်ထားချင်တာပေါ။ ကျူရှင်လခက ၇,ဝဝဝ ဆိုတော့ မတတ်နိုင်ပါဘူး။ ဒီကိုရောက်တာ ၂ နှစ်ကျော်ပါပြီ။ ပေ ၁၅ ပေ ၁ဝ တဲအိမ်လေးကို ကျွန်မဝယ်တုန်းက ၄ သိန်း ပေးရပါတယ်။ စာချုပ်စာတမ်းတော့ မရပါဘူး။  အိမ်ပိုင်ရှင်နဲ့ ကိုယ်နဲ့ နှစ်ဦးသဘောတူနားလည်မှုနဲ့ပဲ ဝယ်လိုက်တာပါ။ ကျူးကျော်မှန်းသိပေမဲ့ နေစရာမရှိတဲ့အတွက် ဝယ်လိုက်ရတာပါ။ အစိုးရက နေရာဖယ်ခိုင်းမှာတော့ စိတ်ပူတာပေါ့။ တခြားလူတွေလည်း အဲဒီလိုနေနေကြတာပဲလေ။ အားလုံးဖယ်ရင် ကိုယ်လည်းဖယ်ပေးရမှာပေါ့။    
 
ကိုဝင်းနိုင်၊  အသက် ၄၅၊  မြောက်ဥက္ကလာပမြို့နယ်၊ (ဂ) ရပ်ကွက် ဥက္ကလာလမ်းမ

တချို့အိမ်တွေက ဂရန်အပိုင်တွေလည်းရှိတယ်။ ကျွန်တော်တို့ကတော့ ဂရန်လျှောက်ထားတုန်းပဲ။ ကိုယ့်ရှေ့မှာ ဒီလိုနေခဲ့ပြီးမှ ဂရမ်တွေ သူများတွေလျှောက်လို့ရတာ တွေ့တဲ့အတွက် ၂ဝ၁၁ ခုနှစ်ကတည်းက ကျွန်တော်လျှောက်ထားတာပါ။  ၂ဝ၁၅ မှာ လျှောက်ထားတာကျတဲ့အတွက် ငွေသွင်းခါနီးမှာ ပိုက်ဆံမရှိတဲ့အတွက် လျှောက်တာကို ခဏနားထားပါတယ်။ ဒီနေရာမှာနေတာ နှစ် ၃ဝ ရှိသွားပါပြီ။ အရင်ကတော့ ဒီလိုအိမ်တွေ မဟုတ်ပါဘူး၊ ကွမ်းယာဆိုင်၊ စက်ဘီးလေထိုးကျွတ်ဖာဆိုင်၊ မုန့်ဆိုင်လေးတွေ၊ အအေးဆိုင်လေးတွေပဲ ရှိပါသေးတယ်။ ဆိုင်လေးတွေဖွင့်ရင်း လူပါ ခိုးနေတဲ့သဘောပါ။ ကျွန်တော်စနေတုန်းက ဒီမှာ ဆိုင်လေး ၄ ဆိုင်ပဲရှိပါတယ်။ ကျွန်တော်က နေစရာအိမ်မရှိလို့ အုပ်ချူပ်ရေးမှူးကို ခွင့်တောင်းပြီး နေလာခဲ့တာပါ။ ဇာတိကတော့ ရန်ကုန်ပါပဲ။ အရင်ကလည်း ကျူးကျော်ပဲနေထိုင်ခဲ့တာပါ။ မိသားစုဝင် ၆ ယောက်နေထိုင်ပါတယ်။ သားလေးက ၈ တန်းပါ။  သမီးလေးကတော့ ကျောင်းထွက်ပြီး သူနာပြုသင်တန်းတက်နေပါတယ်။ ပိုက်ဆံမရှိတော့ ကျောင်းထုတ်လိုက်ရတာပါ။ ကျွန်တော်ကတော့ ကွမ်းယာရောင်းတယ်။ မိသားစုဝင်တွေကတော့ ကျပန်းအလုပ် လိုက်လုပ်ပါတယ်။ ကျူးကျော်ဈေးနှုန်းဆိုပေမယ့် ကျွန်တော်တို့အိမ်ဆို သိန်း ၂ဝဝ လောက် ပေါက်ပါတယ်။ ၁ဝ ပေ ၁၅ ပေ ဆိုရင် သိန်း ၄ဝ လောက်တော့ ပေါက်ပါတယ်။


ဦးပိန် (ခေါ်) ဦးသန်းဗိုလ်
(ဦးပိန်သည် မင်္ဂလာဒုံမြို့နယ်၊ စက်မှုဇုန်တစ်ခုရှိ ကျူးကျော်နေထိုင်ကြသူများကို ဖယ်ရှားမှုတွင် ထိခိုက်ဒဏ်ရာရခဲ့သူဖြစ်သည်။)  

ကျွန်တော်က အခင်းဖြစ်တဲ့နေရာမှာ နေတဲ့သူမဟုတ်ပါဘူး။ ကျွန်တော့်ယောက်ဖက အဲဒီရွာမှာ နေတာပါ။ သူက ငါတို့ရွာ ဖျက်ခံနေရပြီဆိုပြီး ဖုန်းဆက်လို့ သွားကြည့်တာပါ။  ကျွန်တော်က ရွှေပေါက္ကံမြို့(၁၂) ရပ်ကွက်မှာ နေတာပါ။  ရွာကို ဖျက်တဲ့သူတွေက အရပ်အဝတ်စားနဲ့ပါပဲ။ အင်အားကတော့ ၅ဝဝ လောက်ရှိပါတယ်။ အဲဒီအချိန်မှာ ရဲဆို တစ်ဦးတစ်ယောက်တောင် မတွေ့မိပါဘူး။ သူတို့ကလည်း မည်းမည်းမြင်ရာ အကုန်ရိုက်၊ အကုန်ခုတ်တော့တာပါပဲ။ ကျွန်တော်နဲ့တူတူဒဏ်ရာရရှိတဲ့ ၃ ယောက်ကလည်း ဆင်ဖုန်ရွာကပါပဲ။  ကျွန်တော်က ကုံးသီးမှန်လို့ ခေါင်းပေါက်သွားတယ်။ ခေါင်းကတော့ ၁ဝ ချက် ချုပ်လိုက်ရပါတယ်။ ကျောကုန်းလည်း ချုပ်လိုက်ရတယ်။ နောက်ပြီး ခြေထောက်လည်း ဓားခုတ်ခံလိုက်ရပါတယ်။ ဆရာဝန်ကတော့ ခြေထောက်ကအရိုးကို ထိသွားတယ်လို့ ပြောပါတယ်။ ကျွန်တော့်ကို ယောက်ဖကပဲ ဆေးရုံကို ခေါ်လာတာပါ။ ဆေးကုသစရိတ်ကတော့ ဘယ်သူ့ဆီကမှ ထောက်ပံ့မှုမရပါဘူး။ ကိုယ်စရိတ်နဲ့ကိုယ်တက်တာပါ။  
 
ကိုကျော်လေး၊  လှိုင်သာယာမြို့နယ်၊ ဂေါက်ကွင်းလမ်းဘေး ကျူးကျော်ရပ်ကွက်

ကျွန်တော်က ဒီနားမှာ ငါးခွဲတယ်၊ ငါးဆီစက်ရုံမှာပါ။ ငါးခွဲတာ ကြာပြီ၊ ဆယ်နှစ်လောက်ရှိပြီ။ မွေးဇာတိကတော့ ပုသိမ်ပေါ့။  ဒီကိုရောက်တာကတော့ ကျွန်တော် ငယ်ငယ်လေးကတည်းကပါ။ ဦးလေးအိမ်မှာ ကျောင်းလာတက်တာ။  ကျူးကျော်အဖြစ်နဲ့ နေလာတာက ၇ နှစ်လောက်ရှိပြီ။ တစ်ကြိမ်ပဲ ပြောင်းဖူးသေးတယ်၊ ကလေးတစ်ယောက်နဲ့ မိသားစုသုံးယောက်ပဲ နေပါတယ်။ ကလေးကတော့ ကျောင်းတက်နေပါတယ်။  မဲစာရင်းတော့ သွားမကြည့်ဖြစ်ပါဘူး။ ကျွန်တော့် သန်းခေါင်စာရင်းကတော့ ဦးလေးအိမ်မှာရှိပါတယ်။ အမျိုးသမီးက ခရမ်းသုံးခွဘက် ဇာတိကပါ။ ဒီနေရာတွေကိုတော့ လာဖျက်မယ်လို့ မကြားမိပါဘူး။  
 
မမိုးမိုး၊ လှိုင်သာယာမြို့နယ်၊ ဂေါက်ကွင်းလမ်းဘေး ကျူးကျော်ရပ်ကွက်

ရွှေလက်ယာဆိုတဲ့ လုပ်ငန်းက ဒီကမြေကွက်တွေကို ရောင်းတာ။ မရှိဆင်းရဲသားတွေကို ချပေးမယ်ဆိုပြီးတော့ ရောင်းတာ။ ၇ သိန်းခွဲ သွင်းရမယ့်ဟာကို ၆ သိန်း ၄ သောင်း သွင်းပြီးသွားပြီ၊ အဲဒါကို ကျွန်မတို့ကို ပြန်လျော်မယ်ဆို ၄ သိန်း ၄ သောင်းကျော် ပြန်လျော်မယ်။ နှစ်သိန်းလောက်တော့ နစ်နာသွားတာပေါ့။ အဆွယ်ကောင်းလို့ ဝယ်လိုက်မိတာ။ ပေ ၂ဝ ပေ ၆ဝ လို့တော့ ပြောတာပဲ။   

ဒေါ်စန်းရီ၊ လှိုင်သာယာမြို့နယ်၊ ဂေါက်ကွင်းလမ်းဘေး ကျူးကျော်ရပ်ကွက်

ကျွန်မတို့ စနေတုန်းက ဒီနေရာက ချောက်ကြီး။ ခရာတောတွေ၊ ကျူတောတွေပဲရှိတယ်။ လမ်းဘေးမှာ နေခဲ့တုန်းက ခဏခဏ အဖျက်ခံရလို့ ဒီအထဲမှာ ဝင်ပြီး နေရင်ကောင်းမယ်နဲ့ တူတယ်ဆိုပြီး ရှင်းတယ်။ ကျွန်မတို့နဲ့အတူ အိမ်လေး လေးငါးလုံးပဲ ရှိတယ်။ ဒီနေရာက ဒီလိုမိုးတွင်းအချိန်ဆိုရင် ရေက ခေါင်းပေါ်ရုံပဲ၊ ကျွန်မက ရေမကူးတတ်ဘူး၊ ခေါင်းကတော့ ပေါ်တယ်။ နေတာ အနှစ် ၂ဝ ရှိပြီ။ နေသမျှ ကာလပတ်လုံး ဘယ်သူမှ ဖယ်ပေးပါလည်း မပြောဘူး၊ ဖျက်ပေးပါလည်း မပြောဘူး။ အခု ဘာဖြစ်လာလဲဆိုတော့ ဒီချောက်ကြီးဟာ နွံတွေက တက်တက်ပြီးတော့ ဖို့ပြီးသားလို ဖြစ်သွားတာ။ နောက်ပိုင်းတော့ နာဂစ်ထိခဲ့ကြတဲ့သူတွေ တဖြည်းဖြည်း ဒီနေရာကို လာကြပြီး ကိုယ့်ချုံတွေ ကိုယ်ရှင်းကြ၊ ခုတ်ကြနဲ့ လာနေကြတာပဲ။ တစ်ပိုင်တစ်နိုင် ကိုယ့်လမ်းလေးတွေ ကိုယ်လုပ်ကြနဲ့ပေါ့။ လမ်းလေးတွေ ကောင်းသွားတော့မှ ဖျက်ကြဆို လာပြောကြပြန်ရော။ ကျွန်မတို့ ဒုက္ခရောက်ရော။ ဒုက္ခရောက်လို့လည်း ကျွန်မတို့မှာ ရွှေ့စရာနေရာလည်းမရှိဘူး။  ပေတေပြီးတော့ကို ကပ်နေတာပဲ။  
 
ဦးဉာဏ်လင်း၊  လှိုင်သာယာမြို့နယ်၊ ဂေါက်ကွင်းလမ်းဘေး ကျူးကျော်ရပ်ကွက်

လာဖျက်ရင်တော့ ကြည့်နေတာပဲ၊ သူတို့ပြန်သွားရင်တော့ ပြန်နေတာပဲ၊ ကိုယ့်ဝင်းကိုယ့်ခြံလေးနဲ့ နေရာတာလေးကို ဒီကလူတွေကတော့ အင်မတန်ကျေနပ်တယ်ပေါ့။ ဖျက်မယ်ဆိုရင်လည်း တခြားနေစရာလေးလုပ်ပေးရင် ကောင်းမယ်ပေါ့။မြွေကတော့ အရမ်းပေါတယ်။ မြွေဟောက်တို့ ဂျပ်မြွေတို့၊ အိမ်ကို ပတ်ပြေးနေကြတာ။ အေးချမ်းသာယာဆိုတာ ကျွန်တော်တို့ ကိုယ့်ဘာသာ နာမည်ပေးထားတာပါ။ ရပ်ကွက်အပိုင်ကတော့ ညောင်ကျေးရွာအုပ်စုပိုင်ပါ။ တွဲဖက်မူလတန်းကျောင်းအနေနဲ့ ပေးအောင်ပေါ့။ မူလတန်းမတက်နိုင်တဲ့ ကလေးတွေက ကျွန်တော်တို့ စာရင်းကောက်ထားတာ ၁၆၅ ယောက်ရှိတယ်။  
 
မသီတာ၊ လှိုင်သာယာမြို့နယ်၊ ဂေါက်ကွင်းလမ်းဘေး ကျူးကျော်ရပ်ကွက်

ကျွန်မတို့က (ဧရာဝတီတိုင်းဒေသကြီး) ရေကြည်ဘက်က ပြောင်းလာတာ။ ကျွန်မတို့က လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ဒီနေရာမှာနေနေတုန်းက အဖြစ်အပျက်ပါ။ လူမိုက်တွေက ဝင်လာတယ်။ သူတို့ ဝင်လာတော့ ဒီမှာရှိတဲ့ လူကြီးပိုင်းတွေကလည်း မပြောရဲဘူး။ ကြောက်ကြတယ်။ အဲ့လိုနဲ့ ကျွန်မတို့ မိန်းကလေး ၁၆ ယောက် အဖွဲ့ဖွဲ့တယ်။ ဖွဲ့ပြီးတော့ ကိုယ့်အကွက်လေးတွေ ပါသွားမှာ စိုးလို့ ဆန္ဒပြတဲ့ သဘောပေါ့။ ကိုယ့်ချွေးနဲ့၊ သွေးနဲ့ ရင်းထားရတဲ့နေရာ သူတို့နောက်ကို ပါသွားမှာ စိုးလို့ရယ်၊ မိန်းကလေးတွေဆိုတော့ မလုပ်လေတန်ဘူး ထင်တာပေါ့။ ဝင်လာတော့ အကုန်လုံးက ပြေးကြတယ်။ သမီးတို့ ညီအစ်မက မပြေးဖြစ်တာက လူမိုက် ဆယ်လေးငါးယောက်လောက်က အမေ့ကို ဝိုင်းထားတယ်။ အစ်မက ခေါင်းကို အခုတ်ခံခဲ့ရတယ်။ ကျွန်မက လက်ကို ဓားထိတယ်။ ရင်ညွန့်နဲ့ ညာဘက်မျက်လုံးကို ကုံးသီးနဲ့ အပစ်ခံထားရတယ်။ မျက်လုံးက ဝါးသွားတယ်။ ကိုယ်တွေက ရမလားလို့ လုပ်ကြည့်တာ။ မရတဲ့အပြင် မျက်လုံးတစ်လုံးဆုံးရှုံးတယ်။ ဘယ်သူမှလည်း ကိုယ့်ဘက်က ရပ်တည်တဲ့သူမရှိဘူး။ သူတို့ဘက်က လူကြီးပိုင်းထဲက ဦးဝင်းရွှေဆိုတဲ့ လူကြီးက သမီးတို့ကို နင်တို့ အမှုမဖွင့်နဲ့ ၊ ဖွင့်ရင် နင်တို့ နောက်ကြောင်းမအေးဘူးလို့ ပြောတယ်။ ကိုယ့်မှာက ကလေးတွေရှိနေတဲ့အခါကျတော့ ရှေ့ဆက်အမှုမဖွင့်ရဲတော့ဘူး။ သူတို့တွေကတော့ အခုထက်ထိ ဝင်ထွက်နေကြတုန်းပဲ။ မပြောရဲကြလို့သာ မပြောတာ။ 

Show More

Related Articles

Back to top button