
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ဈေးဆိုင်ခန်း ၅၅ ခန်းကို ၁၉၉၀ ခုနှစ် နောက်ပိုင်းမှစ၍ အငှားချထားပြီး ဝင်ငွေရရှိနေသော်လည်း ယင်းဈေးဆိုင်ခန်းမြေနေရာများကို ပါတီကပိုင်ဆိုင်သည့် အထောက်အထားမရှိဟု မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက ပြောသည်။
“အဲဒီနေရာတွေက မြေဂရန်လည်း မချပေးထားဘူး။ သူတို့ (ပြည်ခိုင်ဖြိုးအသင်း) လက်ထက်ကတည်းကနေ အခန်းဆောက်ပြီး ငှားနေခဲ့တာ။ ဖျက်လို့လည်း မရသေးဘူး။ စည်ပင်ကပဲ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေပေါ့။ အဲဒီမြေပေါ်မှာ သူတို့က ဆောက်ထားတာ” ဟု သာကေတမြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးအောင်ငြိမ်းကျော်က ပြောသည်။
မြို့နယ်စည်ပင်၏ စာရင်းများအရ ဆိုင်ခန်း ၅၅ ခန်းအတွက် ပြည်ခိုင်ဖြိုးပါတီက လစဉ်ရရှိနေသည့် ပမာဏကျပ် ၂,၇၀၅,၀၀၀ (၂၇ သိန်းကျော်) ရှိပြီး ဆိုင်ခန်းတစ်ခန်းလျှင် အနည်းဆုံး ၃၀,၀၀၀ ကျပ်မှစ၍ အများဆုံး ကျပ် ၁၀၀,၀၀၀ အထိရှိသည်။
ပြည်ခိုင်ဖြိုးပါတီထံ ဆိုင်ခန်းမြေနေရာငှားခပေးနေရသည့် ဆိုင်ခန်း ၅၅ ခုအနက် ဆိုင်ရှင် ၁၃ ဦးကို Myanmar Now က မေးမြန်းခဲ့ရာ အချို့က နှစ်ချုပ်ဖြင့်ပေးသွင်းကြရပြီး အများစုကမူ ပါတီတာဝန်ရှိသူက လစဉ်လာရောက်ကောက်ယူသည်ဟု ဆိုသည်။
သာကေတမြို့နယ် အနော်မာရပ်ကွက်တွင် ကွမ်းယာပစ္စည်းများရောင်းချသည့် ဆိုင်ပိုင်ရှင်ဦးရာဂျူးက မြေငှားခအဖြစ် ၁၉၉၅ မှစ၍ နှစ်ချုပ်ဖြင့် တစ်နှစ်လျှင် ကျပ် ၈၄၀,၀၀၀ (ရှစ်သိန်းလေးသောင်း) ပြည်ခိုင်ဖြိုးပါတီထံ ပေးသွင်းခဲ့ရပြီး မြို့နယ်စည်ပင်ကို အခွန်အခပေးသွင်းခဲ့ရခြင်းမရှိဟု ဆိုသည်။
ယင်းရပ်ကွက်မှာပင် မီးသွေးအရောင်းဆိုင်ဖွင့်ထားသည့် ဒေါ်သန်းသန်းမြင့်က ဈေးရောင်းခွင့်အတွက် စည်ပင်လိုင်စင်ရှိထားသော်လည်း မြေနေရာငှားခ ကျပ် ၅၅,၀၀၀ ကိုမူ ပြည်ခိုင်ဖြိုးပါတီထံ လစဉ်ပေးသွင်းနေရသည်ဟု ဆိုသည်။
ထို့အတူ ရန်ပြေရပ်ကွက်တွင် အရက်၊ ဘီယာများရောင်းချလျက်ရှိသည့် စားသောက်ဆိုင်လိုင်စင်ရှိ ဆိုင်ပိုင်ရှင် ဦးကျော်ကျော်မိုးက ၂၀၁၂ မှစ၍ တစ်လလျှင် ကျပ် ၄၅,၀၀၀ ကို ပြည်ခိုင်ဖြိုးထံ ပုံမှန်ပေးသွင်းရပြီး လွန်ခဲ့သည့် နှစ်နှစ်ခန့်က ကာလတန်ကြေးဖြင့် အပိုင်ဝယ်ခဲ့သည်ဟု ဆိုသည်။

ထိုဆိုင်နှင့်ကပ်လျက်ရှိသည့် တစ်ထပ်ပျဉ်ထောင်အဆောက်အအုံဖြင့် မီးစက်ပြုပြင်ရေးဆိုင် ဖွင့်လှစ်ထားသည့် ဦးခင်ဇော်က မြေနေရာငှားရမ်းခများအဖြစ် တစ်လလျှင် ကျပ် ၃၀,၀၀၀ ကို သာကေတမြို့နယ် ပြည်ခိုင်ဖြိုးရုံးက လာစဉ်လာရောက်ကောက်ယူသည်ဟု ဆိုသည်။
“ပေးရတာချင်းအတူတူ အခုအတိုင်း ဆက်ရောင်းရမယ်ဆို အစိုးရကိုပေးပြီး တရားဝင်နေချင်တာပေါ့။ အခု သူတို့ကောက်သလို နည်းနည်းပိုချင်ပိုပါစေပေါ့။ ဘာလို့လဲဆိုတော့ ပါတီဆိုတာက အပြောင်းအလဲရှိတယ်။ အစိုးရဆိုတာက တစ်ခုတည်းပဲ။ ဘယ်အစိုးရတက်တက် ကိုယ့်အမည်နဲ့ရှိနေမှာလေ။ အဲ့ဒါက ကျွန်တော်တို့ ဆိုင်ရှင်အများစုရဲ့ ဆန္ဒဘဲ” ဟု ဦးခင်ဇော်က ပြောသည်။
သာကေတရှိ ဆိုင်ခန်း ၅၅ ခုမှ လစဉ်ရရှိသည့် ငှားရမ်းခငွေကို ပါတီရုံးကဖွင့်လှစ်သည့် သက်မွေးပညာသင်တန်းများအတွက် အသုံးပြုကြောင်း ယင်းမြို့နယ်၏ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးညွန့်ဖေက ပြောသည်။
ပါတီက ယင်းဆိုင်ခန်းများငှားရမ်းနေခြင်းမှာ ဆိုင်ခန်းမြေနေရာကို ပါတီက အမည်ပေါက်ပိုင်ဆိုင်ခြင်းကြောင့်လားဟု မေးမြန်းရာတွင် ပိုင်ဆိုင်မှုအထောက်အထားမရှိဟု ဦးညွန့်ဖေက ပြောသည်။
ပိုင်ဆိုင်မှုအထောက်အထားကို မြို့နယ်ပါတီဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူပြီး တစ်နှစ်အကြာ ၂၀၁၆ နှစ်လယ်ကတည်းက ရှာဖွေနေခဲ့သော်လည်း လေးနှစ်ကြာပြီး ယခုအချိန်အထိ ပါတီပိုင်ဆိုင်ကြောင်း အထောက်အထားများ မတွေ့ရှိရသေးဟု ၎င်းက ပြောသည်။
“အသင်းဘဝတုန်းက အကုန်လုံးက ညှိနှိုင်းပြီးတော့မှ လုပ်တာတွေကြီးပဲ။ ကိုယ့်သဘောနဲ့ ကိုယ်လုပ်တာတော့ မရှိဘူး။ အသင်းဘဝတုန်းကဆိုတော့ ကြာလှပြီပဲ။ ဒါပေမယ့် (ပိုင်ဆိုင်မှု)အထောက်အထားရှိလားဆိုတော့ မရှိဘူး” ဟု ဦးညွန့်ဖေက ပြောသည်။
ပိုင်ဆိုင်မှုအထောက်အထား မရှိခြင်းသည် စတင်လုပ်ဆောင်ကတည်းက သက်ဆိုင်ရာ မြို့နယ်လူကြီးများနှင့် ပြည်ခိုင်ဖြိုးအသင်းတို့ကြား ညှိနှိုင်းကာ နှုတ်သဘောတူညီချက်အရသာ လုပ်ဆောင်ခဲ့ပြီး ခေတ်အဆက်ဆက်ကြာမြင့်လာ၍ တရားဝင်ဟုတ်မဟုတ် မသိကြောင်း ဦးညွန့်ဖေက ဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်ထဲတွင် မြေအမျိုးအစား ၇ မျိုးရှိထားပြီး ဥပဒေနှင့်အညီလွှဲပြောင်းရယူထားသော ကော်မတီတွင် အမည်ပေါက်ရှိပြီးမြေမှလွဲ၍ ကျန်သည့်မြေအမျိုးအစားများကို စည်ပင်သာယာကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိကြောင်း ရန်ကုန်မြို့၏ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် ဖော်ပြထားသည်။
ပြည်ခိုင်ဖြိုးပါတီက အသုံးပြုထားသည့် သာကေတရှိ ဆိုင်ခန်းမြေနေရာအမျိုးအစားကို စိစစ်ပေးရန် မြို့တော်စည်ပင်၏ မြေယာကော်မတီသို့ စာတင်ထားသော်လည်း တစ်နှစ်ခန့်ကြာသည်အထိ မြေတိုင်းရန်ပင် ရောက်မလာခဲ့ဟု သာကေတမြို့နယ်စည်ပင်ဥက္ကဋ္ဌက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်ကမူ အစိုးရစီမံကိန်းများဖြင့်မလွတ်ကင်းသော နေရာများကိုသာ ပြန်ယူမည်ဟုပြောသည်။

“လိုအပ်ရင်တော့ ကျွန်တော်တို့ ပြန်ယူမယ်။ မလိုအပ်လို့ သူတို့ကလည်းမပေးဘူးဆိုရင်တော့ အတင်းကြီးလည်း မလုပ်ချင်ဘူးလေ။ တစ်ဖက်ပါတီ ဖြစ်နေတာကိုး” ဟု ၎င်းက ပြောသည်။
နိုင်ငံပိုင်မြေပေါ်ရှိ ဂရန်မဲ့ ပြည်ခိုင်ဖြိုးအဆောက်အအုံများ
စစ်ဗိုလ်ချုပ်များဦးစီးကာ ၁၉၉၃ တွင် စတင်တည်ထောင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို ၂၀၁၀ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင်ခဲ့သည်။
ပြည်ခိုင်ဖြိုးလူမှုရေးအသင်းအဖြစ်ရှိစဉ် ရန်ကုန်မြို့တော်ဝန်ဟောင်း ဗိုလ်မှူးချုပ်အောင်သိန်းလင်းလက်ထက် ၂၀၀၇ ဝန်းကျင်က ဆောက်လုပ်ခဲ့သည့် ဖြိုးစေတနာဆေးခန်း အဆောက်အအုံ ၄၅ လုံးကို ပါတီပိုင်အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သည်။
အဆိုပါဆေးခန်းများကို ဗဟန်း၊ တာမွေ၊ လှိုင်သာယာ၊ သင်္ဃန်းကျွန်းး၊ တောင်ဒဂုံ၊ လှိုင်၊ အရှေ့ဒဂုံ၊ ပုဇွန်တောင်၊ အင်းစိန်၊ ဒေါပုံ၊ သာကေတ၊ ဆိပ်ကမ်းမြို့နယ် စသဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်အစုံတွင်တွေ့ရသည်။
ရန်ကုန်တိုင်းအစိုးရ၏ လမ်းစီမံကိန်းနှင့်မလွတ်သည့် ဗဟန်းမြို့နယ်ရှိ ဖြိုးစေတနာဆေးခန်းနှစ်ခုမှာ ဖယ်ရှားပေးခဲ့ရပြီး တာမွေမြို့နယ်ရှိ အလားတူ ဆေးခန်းတစ်ခုကိုလည်း ယခုအပတ်အတွင်း နောက်ဆုံးထားဖယ်ရှားရန် မြို့နယ်စည်ပင်က အကြောင်းကြားထားသည်။ တာမွေမြို့နယ်တွင် အများပိုင်မြေပေါ် ကျူးအဆောက်အအုံဖြစ်နေသည့် ဖြိုးစေတနာဆေးခန်းအပြင် အခြားအဆောက်အအုံနှစ်ခုမှာလည်း စည်ပင်၏ခွင့်ပြုမိန့်သက်တမ်း ကုန်ဆုံးပြီးဖြစ်သဖြင့် ဖယ်ရှားရန် စည်ပင်မြေယာကော်မတီက ညွှန်ကြားထားသည်။လှိုင်သာယာမြို့နယ် နဝဒေးအိမ်ရာမျက်နှာချင်းဆိုင် ဗန်းမော်အတွင်းဝန်လမ်းနှင့် ရေဥက္ကံကျေးရွာ ကျောင်းလမ်းရှိ အိုးအိမ်တိုက်တန်း မြေညီထပ်အခန်းတစ်ခုတွင် ပြည်ခိုင်ဖြိုးပိုင် “ဖြိုးစေတနာဆေးခန်း” ဟု ဆိုင်းဘုတ်တပ်ထားသော်လည်း ပုလင်းခွံရောင်းဝယ်ရေးလုပ်ငန်းတစ်ခု ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။ တစ်လလျှင် ကျပ် ၁၅၀,၀၀၀ နှုန်းဖြင့် ငှားရမ်းထားသည်ဟု တိုက်တန်းနေသူတစ်ဦးက Myanmar Now ကို ပြောသည်။
ယခင် ဆိပ်ကမ်းမြို့နယ်ဟောင်း (ယခု လမ်းမတော်မြို့နယ်) မော်တင်ရပ်ကွက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မြေပေါ်တွင် ဦးသိန်းစိန်အစိုးရလက်ထက်က ဆောက်လုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ ဆိပ်ကမ်းမြို့နယ်ရုံးကို လက်ရှိအစိုးရလက်ထက်တွင် အကြိမ်အကြိမ်စာပို့ ဖယ်ရှားခိုင်းခဲ့သည်။
သို့သော် ယနေ့အထိ ဖယ်ရှားမပေးသဖြင့် မြေနေရာပေါ်ရှိ ပြည်ခိုင်ဖြိုးပိုင်အဆောက်အအုံကို အစိုးရက ကာလတန်ကြေးဖြင့်ဝယ်ယူပြီး မြေနေရာကို ပြန်လည်ရယူရန် ဈေးနှုန်းညှိနှိုင်းနေဆဲ ဖြစ်သည်။
ထို့အတူ ခရမ်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးမြေနေရာကိုလည်း သက်ဆိုင်ရာ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ တိုင်ကြားချက်ကြောင့် ရန်ကုန်တိုင်းအစိုးရ၏ ညွှန်ကြားချက်ဖြင့် အများပိုင်အဖြစ် ပြန်လည်သိမ်းယူခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီပိုင်ဆေးခန်း ၄၅ ခုအပါအဝင် ငှားရမ်းထားသော ပါတီပိုင်ဆိုင်ခန်းများကို မြို့တော်စည်ပင်သို့ တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးအခွန်ဆောင်စနစ်ဖြင့် ခွင့်ပြုပေးခဲ့သော်လည်း ၂၀၁၆ မှစ၍ သက်တမ်းတိုးခွင့်မပြုတော့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာသာရေးကော်မတီတာဝန်ရှိသူများက ပြောသည်။
“စီးပွားရေးလုပ်တာပဲဖြစ်ဖြစ် ပရဟိတလုပ်တာပဲဖြစ်ဖြစ် ဘယ်မြေဖြစ်ဖြစ် သက်တမ်းကုန်ရင် သက်တမ်းတိုးရတယ်။ စည်ပင်ကလည်း သက်တမ်းတိုးတဲ့အတွက် ထားလို့ရတာမျိုးဆိုရင် ထားတယ်။ မရဘူးဆိုရင်တော့ တိုးမပေးတော့ဘူးပေါ့” ဟု ရန်ကုန်မြို့တော်စည်ပင်၏ မြေယာကော်မတီဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က ပြောသည်။
သို့သော် ဗဟန်း၊ တာမွေ၊ ပုဇွန်တောင်၊ သာကေတ၊ တောင်ဒဂုံ မြို့နယ်စည်ပင်ဥက္ကဋ္ဌများကမူ ပြည်ခိုင်ဖြိုးက အခွန်ဆောင်ထားသောစာရင်းများ မတွေ့ရဟုဆိုသည်။
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အဆောက်အအုံများနှင့်ပတ်သက်ပြီး စည်ပင်သာယာရေး ဥပဒေပုဒ်မ – ၃၁၀ (ခ)အရ ကော်မတီက စည်းကမ်းသတ်မှတ်၍ ခွင့်ပြုထားသည့် မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်များ သက်တမ်းကုန်ဆုံးပြီးနောက် အသစ်ထပ်မံလျှောက်ထား ရယူခြင်းမရှိဘဲ အဆောက်အအုံဆောက်ထားပြီး ဆက်လက်နေထိုင်ပါက နေ့စဉ်ငွေဒဏ် ကျပ် ၁၀,၀၀၀ မှ ကျပ် ၃၀,၀၀၀ အထိ ချမှတ်ရမည်ဟုပါရှိသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် နိုင်ငံပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ရထားကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သုံးစွဲပါက သုံးစွဲသည့် နိုင်ငံရေးပါတီကို အပြီးဖျက်သိမ်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုသို့အရေးယူနိုင်ရန်မှာ ယင်းသို့အသုံးပြုနေသည့်ဒေသမှ မဲဆန္ဒရှင်တစ်ဦးက တိုင်ကြားရန် လိုအပ်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်ခုံရုံးဥက္ကဋ္ဌ ဦးမြင့်နိုင်က မှတ်ချက်ပြုထားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီဝင်အင်အား ငါးသန်းနီးပါးရှိထားကာ နိုင်ငံရေးပါတီ တစ်ရာနီးပါးရှိသည့်အနက် ငွေကြေးအင်အားအတောင့်တင်းဆုံးပါတီတစ်ခုဖြစ်သည်။