သတင်း

နိုင်ငံပိုင်မြေပေါ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးအဆောက်အအုံကို ဝယ်ယူရန် အစိုးရဆုံးဖြတ် 

နိုင်ငံပိုင်မြေတွင် ကျူးအဖြစ်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အဆောက်အအုံကို ကာလပေါက်စျေးဖြင့် ဝယ်ယူရန် ဆုံးဖြတ်လိုက်ပြီး ဈေးနှုန်းညှိနှိုင်းနေသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။ 

ယခင် ဆိပ်ကမ်းမြို့နယ်ဟောင်း (ယခု လမ်းမတော်မြို့နယ်) မော်တင်ရပ်ကွက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မြေပေါ်တွင် ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဆိပ်ကမ်းမြို့နယ်ရုံးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ 

ဝန်ကြီးဌာနပိုင်မြေဖြစ်သော်လည်း အဆောက်အအုံသည် ပြည်ခိုင်ဖြိုးပါတီပိုင်ငွေဖြင့် ဆောက်လုပ်ထားသဖြင့် ကာလတန်ကြေးပေး ဝယ်ယူရန် စီစဉ်ခြင်းဖြစ်သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရန်ကုန်တိုင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးဦးရဲသူအောင်က ပြောသည်။

အဆိုပါ ပြည်ခိုင်ဖြိုးပါတီရုံး အဆောက်အအုံကို နိုင်ငံပိုင်အဖြစ် ဝယ်ယူရာတွင် စည်းမျဉ်းစည်းကမ်းနှင့်အညီဖြစ်စေရန် ခိုင်မာသည့် အထောက်အထားများလိုအပ်သဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ယခုနှစ်ဆန်းပိုင်းက တင်ပြထားသည်ဟု ၎င်းက ဆိုသည်။ 

“နိုင်ငံပိုင်မြေကို နိုင်ငံရေးပါတီတစ်ခုက အသုံးပြုနေခြင်းကို ယခုအစိုးရလက်ထက်တွင် သက်တမ်းတိုးခွင့်မပြုဘဲ ဖျက်သိမ်းခိုင်းခြင်း” ဖြစ်သည့်အတွက် မြေပေါ်ရှိ ပါတီရုံးအဆောက်အအုံကိုပါ ဝယ်ယူရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဦးရဲသူအောင်က ပြောသည်။

ထိုအဆောက်အအုံသည် နိုင်ငံပိုင်မြေပေါ်တွင် ၁၀ နှစ်ခန့် တည်ရှိခဲ့ပြီး စတင်ဆောက်လုပ်စဉ်က နိုင်ငံတော်ကို အခွန်ပေးခဲ့သော်လည်း လက်ရှိအစိုးရလက်ထက်တွင် အခွန်ဆောင်ခွင့် မပြုတော့ဘဲ ကျူးကျော်အဆောက်အအုံဖြစ်သွားသဖြင့် တန်ဖိုးသင့်ပြီး အစိုးရကိုလွှဲပြောင်းပေးရန် စီစဉ်နေသည်ဟု ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဦးစံကျော်က ပြောသည်။   

“လွှဲပြောင်းရမယ်ဆိုတာက ဒီအဆောက်အအုံနဲ့ပတ်သက်ပြီး တန်ဖိုးသင့်တာတို့၊ ဘာတို့။ ဒါတွေကတော့ ညှိနှိုင်းနေပါတယ်။ အဆောက်အအုံက ကျွန်တော်တို့ပိုင် ကျွန်တော်တို့အဆောက်အအုံ၊ ကျွန်တော်တို့ဆောက်ထားတာ။ မြေသာငှားထားတာ။ ကျွန်တော်တို့က အစိုးရမြေပေါ်မှာနေတာ မဟုတ်ဘူး” ဟု ဦးစံကျော်က ပြောသည်။

အဆိုပါအဆောက်အအုံ၏ တန်ဖိုးကို အစိုးရက သတ်မှတ်ပြီးလျှင် ပြည်ခိုင်ဖြိုးပါတီက လက်ခံနိုင် လက်မခံနိုင်ကို ပါတီတွင်း အဖွဲ့ဖွဲ့ကာ ဆုံးဖြတ်မည်ဟုလည်း ဦးစံကျော်က ဆိုသည်။

နိုင်ငံပိုင်မြေပေါ်ရှိ ထိုပြည်ခိုင်ဖြိုးပါတီရုံးခန်းကို အစိုးရတာဝန်ရှိသူများက အကြိမ်ကြိမ်ဖယ်ရှားခိုင်းခဲ့သော်လည်း ယနေ့အချိန်ထိ ဖယ်ရှားပေးခြင်းမရှိသေးဘဲ ဆက်လက်အသုံးပြုနေဆဲဖြစ်သည်။ ပြီးခဲ့သည့် ဇွန် ၂၅ ရက်က ပြည်ခိုင်ဖြိုးဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ဦးစီးကာ ထိုနေရာတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့သည်။ 

ဆိပ်ကမ်းမြို့နယ်(ဟောင်း) ရှိ ပြည်ခိုင်ဖြိုးပါတီရုံးအဆောက်အအုံကို ဇွန် ၂၅ က တွေ့ရစဉ်။ (ဓာတ်ပုံ- ဖြိုးထက်အောင်/ Myanmar Now)

နိုင်ငံပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ရထားကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ သုံးစွဲပါက သုံးစွဲသည့် နိုင်ငံရေးပါတီကို အပြီးဖျက်သိမ်းရမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ဖော်ပြထားသော်လည်း ထိုသို့အရေးယူနိုင်ရန် မဲဆန္ဒရှင်တစ်ဦးက  တိုင်ကြားရန် လိုအပ်သည်ဟု ရွေးကောက်ပွဲကော်မရှင်ခုံရုံးဥက္ကဋ္ဌ ဦးမြင့်နိုင်က ပြောကြားထားသည်။

အဆိုပါအဆောက်အအုံကို အစိုးရပိုင်အဖြစ် ဝယ်ယူပြီးပါက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ကညန) ရုံးအဖြစ် အသုံးပြုရန် ဝန်ကြီးဌာန၏ ညွှန်ကြားစာကို ရရှိထားပြီး ဝယ်ယူမည့်တန်ဖိုး မသတ်မှတ်ရသေးကြောင်းလည်း ဦးရဲသူအောင်က ပြောသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)မှ ညွှန်ကြားရေးမှူး ဦးသိန်းထွဋ်ကို ဆက်သွယ်မေးမြန်းရာတွင် မသိဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

ရွေးကောက်ပွဲမတိုင်မီ ရွှေ့ပြောင်းပေးရန်ဆိုသော အချိန်အကန့်အသတ်မှာ သက်ဆိုင်ရာဝန်ကြီးဌာန၏ လုပ်ဆောင်မှုအပေါ်တွင်သာ မူတည်သည်ဟုလည်း ဦးစံကျော်က မှတ်ချက်ပြုသည်။ 

ဆိပ်ကမ်းမြို့နယ်ဟောင်းတွင် အဆိုပါပြည်ခိုင်ဖြိုးပါတီရုံးခန်းအပြင် ဖြိုးစေတနာဆေးခန်းကိုလည်း ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ပါတီရုံးခန်းအဖြစ် အသုံးပြုခဲ့ပြီး လက်ရှိတွင် ထိုဆေးခန်းကို တိုင်းဒေသကြီးအစိုးရညွှန်ကြားချက်ဖြင့် ပိတ်သိမ်းထားသည်။ 

ဆိပ်ကမ်းမြို့နယ် ဧရိယာတစ်ခုလုံးသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်လက်အောက်တွင်ရှိပြီး ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ လူဦးရေ ၃,၀၀၀ ခန့်သာရှိသည့် ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းရန် အစိုးရက ကြိုးပမ်းခဲ့ရာတွင် ပြည်ခိုင်ဖြိုးပါတီက ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ 

ဆိပ်ကမ်းမြို့နယ်ဖျက်သိမ်းကြောင်းကို ပြည်ထောင်စုလွှတ်တော်က ယခုနှစ် ဇန်နဝါရီလတွင် အတည်ပြုခဲ့ပြီး လမ်းမတော်နှင့် ဗိုလ်တထောင်မြို့နယ်များတွင် ပေါင်းထည့်ခဲ့သည်။ 

Show More

Related Articles

Back to top button