အများပြည်သူပိုင်မြေပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသည့် ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပိုင် အဆောက်အအုံလေးခုကို ဖယ်ရှားရန် စီစဉ်နေကြောင်း တာမွေမြို့နယ်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူက ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီကပိုင်ဆိုင်သည့် တာမွေမြို့နယ်၊ သတိပဋ္ဌာန်လမ်းရှိ ‘ဖြိုးစေတနာ’ဆေးခန်း၊ ၁၃၅ လမ်းရှိ သစ်သားနှစ်ထပ်အဆောက်အအုံ၊ ဗျိုင်းရေအိုးစင်လမ်းရှိ အဆောက်အအုံနှင့် အရိုးကုန်းရပ်ကွက် လမ်းမြေပေါ်တွင်ဆောက်ထားသည့် အဆောက်အအုံများမှာ ခွင့်ပြုမိန့်သက်တမ်း ကုန်ဆုံးနေပြီဖြစ်၍ ကျူးကျော်အဆောက်အအုံဖြစ်နေပြီဖြစ်ကြောင်း တာမွေမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးလင်းက ဆိုသည်။
ယင်းကျူးအဆောက်အအုံ ၄ ခုနှင့် ပတ်သက်၍ လွန်ခဲ့သည့်နှစ်နှစ်ခန့်ကတည်းက မြေယာကော်မတီသို့ စာတင်ထားခြင်းဖြစ်ပြီး မကြာခင်တွင် ‘ကျူးလွန်ခြင်းပြမြေပုံ’ ရရှိမည်ဖြစ်ကြောင်း၊ မြေပုံရရှိပါက ပါတီတာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံကာ အဆောက်အအုံများဖျက်ပေးရန် ပြောဆိုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တာမွေမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ စာတင်ထားသည့်ကိစ္စနှင့် ပတ်သက်ပြီး“ကျူးနေတာလည်း အမှန်ပဲဆိုတော့ အဲ့ဒါတွေကို လက်မှတ်ထိုးပြီးတော့ မနေ့ကပဲ တွဲဖက်အတွင်းရေးမှူးဆီကို တင်လိုက်ပြီ”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်(၆) မြို့တော်စည်ပင် မြေယာကော်မတီဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးရုံး တွဲဖက်အတွင်းရေးမှူးရုံးခန်းသို့ သွားရောက်မေးမြန်းခဲ့ရာတွင် မြေယာကော်မတီမှ တင်သည့်စာ ရောက်ရှိသည်မှာ မှန်ကန်ကြောင်း၊ ဆုံးဖြတ်ချက်ချပြီးပါက သက်ဆိုင်ရာစည်ပင်ကိုသာ ပြန်လည်ချထားပေးမည်ဖြစ်ကြောင်း အဆိုပါရုံးခန်းမှ အမည်မဖော်ပြလိုသော အရာရှိတစ်ဦးက ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီက အဆိုပါကျူးအဆောက်အအုံများတွင် ဆိုင်ခန်းများဖွင့်လှစ်ခွင့်ပေးထားပြီး ပါတီရန်ပုံငွေရှာနေကြောင်း သတင်းများထွက်ပေါ်နေသည်။
တာမွေမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးလင်းကလည်း ကျူးအဆောက်အအုံအချို့တွင် ဈေးဆိုင်ခန်းများကို တွေ့ရှိရပြီး ငှားရမ်းခများ ပြည်ခိုင်ဖြိုးပါတီကို ပေးနေရသည်ဟု သိရကြောင်း Myanmar Now ကိုပြောသည်။
သတိပဋ္ဌာန်လမ်းပေါ်မှ ပေ ၂၀ ပတ်လည်ခန့်ရှိ ‘ဖြိုးစေတနာ’ဆေးခန်းအနီးတွင် ဆိုင်ခန်းများဖွင့်ထားပြီး ယင်းဆိုင်ခန်းများထံမှ ငှားရမ်းခများကို ပြည်ခိုင်ဖြိုးပါတီက ပုံမှန်ရရှိနေကြောင်း ငါးကင်ရောင်းချသူတစ်ဦးက ပြောသည်။ တစ်လ ကျပ် ၇၀,၀၀၀ ခန့် ငှားရမ်းခပေးနေရသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
ယင်းအပြင် အဆိုပါဆေးခန်းအနီးတွင် လက်တွန်းလှည်းဖြင့် လာရောက်ရောင်းချလေ့ရှိသည့် လမ်းဘေးဈေးသည်များထံမှလည်း တစ်စီးလျှင် ကျပ် ၂,၀၀၀ ခန့် ပြည်ခိုင်ဖြိုးပါတီက ကောက်ခံကြောင်း ၎င်းကပြောဆိုသည်။
သို့သော် တာမွေမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်ခင်ကမူ ယင်းသို့ကောက်ခံခြင်း မရှိကြောင်း ငြင်းဆိုသည်။
“ဘယ်ဆေးခန်း ဘယ်နေရာမှာမှ ရန်ပုံငွေအတွက်ဆိုပြီး အငှားချထားတာ တစ်ယောက်မှမရှိဘူး။ မနက်ရော ညရော ဘယ်သူ့ဆီကမှ ရန်ပုံငွေ တစ်ပြားမှ မယူထားဘူး”ဟု ၎င်းကဆိုသည်။
၁၃၅ လမ်းရှိ ၁၀ ပေ ၅၅ ပေခန့်ရှိ သစ်သားနှစ်ထပ်အဆောက်အအုံမှာ ပြည်ခိုင်ဖြိုးပါတီတံဆိပ်ပါ ‘ဖြိုးစေတနာ’အခမဲ့ဆေးခန်းဟု ဆိုင်းဘုတ်တပ်ထားပြီး အောက်ထပ်ကို ထမင်းဆိုင်ဖွင့်လှစ်သူကို ငှားရမ်းထားကာ ငှားရမ်းခအဖြစ် တစ်လ ကျပ်တစ်သိန်းခန့် ပါတီသို့ ပေးသွင်းရကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။
အဆိုပါထမင်းဆိုင်ဖွင့်ထားသူမှာ ပါတီဝင်ဖြစ်ပြီး အခန်းခသဘောမျိုးမဟုတ်ဘဲ အဆောက်အအုံပြင်ဆင်စရိတ်အဖြစ် ပါတီကို ပေးသွင်းခြင်းဖြစ်ကြောင်း ဦးအောင်ခင်က ဆိုသည်။
ကျန်အဆောက်အအုံနှစ်ခုမှာ ဗျိုင်းရေအိုးစင်လမ်း (နား၊နှာခေါင်း၊လည်ချောင်း ဆေးရုံအနီး) ‘အမျိုးသမီးကယ်တင်ခြင်းတပ်’ ရုံးဘေးရှိ လမ်းကြားကိုပိတ်၍ ဆောက်ထားသည့် ပြိုကျပျက်စီးနေသည့် နှစ်ထပ်ပျဉ်ထောင်အဆောက်အအုံတစ်ခုနှင့် အရိုးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့်တွဲလျက် ဆောက်ထားသည့် အနံ ၁၀ ပေ၊ အလျား ၂၅ ပေခန့်ရှိ နှစ်ထပ်ပျဉ်ထောင်အဆောက်အအုံတစ်ခုတို့ဖြစ်သည်။
အုပ်ချုပ်ရေးမှူးရုံးနှင့် တွဲလျက်တည်ဆောက်ထားသည့် အဆိုပါအဆောက်အအုံ အပေါ်ထပ်တွင် ပါတီဝင်များနေထိုင်ပြီး အောက်ထပ်တွင် လူနေအခန်းငှားရမ်းထားကြောင်း မြို့နယ်စည်ပင်ကသိရသော်လည်း Myanmar Now က သွားရောက်ကြည့်ရှုရာတွင် အောက်ထပ်မှာ အငှားနေထိုင်သူမရှိတော့ဘဲ ဝါးလုံးတန်းများဖြင့် ခြံခတ်ကာရံထားသည်ကို တွေ့ရသည်။
ပြည်ခိုင်ဖြိုးပါတီဘက်ကမူ တာမွေမြို့နယ်ရှိ ပါတီပိုင် အဆောက်အအုံလေးခုဖျက်သိမ်းရန် မြို့နယ်စည်ပင်က အကြောင်းကြားခြင်းမရှိသေးကြောင်း ပါတီ၏ ရန်ကုန်တိုင်းအတွင်းရေးမှူးဦးကျော်စိုးက တုံ့ပြန်သည်။
တာမွေရှိ အဆောက်အအုံလေးခုအပါအဝင် ပါတီပိုင်အဆောက်အအုံများ တရားမဝင်အဆောက်အအုံများဖြစ်နေသည့်ကိစ္စနှင့် ပတ်သက်၍မူ ယင်းအဆောက်အအုံများတည်ဆောက်ခဲ့စဉ်က ၎င်းတာဝန်ယူထားသည့် ကာလမဟုတ်သည့်အတွက် မသိရှိကြောင်း ဦးကျော်စိုးက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီက လူမှုရေးအသင်းအဖြစ်ရှိစဉ်က နိုင်ငံပိုင်မြေများပေါ်တွင် ဖြိုးစေတနာဆေးခန်းများဆောက်လုပ်ခဲ့ပြီး ရန်ကုန်တိုင်းတွင်လည်း ဖြိုးစေတနာဆေးခန်းအပါအဝင် အသင်းပိုင်အဆောက်အအုံများစွာရှိခဲ့သည်။
ယင်းအဆောက်အအုံများမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ငှားရမ်းခ နှစ်စဉ်ပေးသွင်းကာ သက်တမ်းတိုးနေခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီအဖြစ် ပြောင်းလဲချိန်တွင် ပါတီပိုင်အနေဖြင့် ဆက်ရှိနေခြင်းဖြစ်သည်။
သို့သော် ၂၀၁၆ မှစ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဆက်လက်ပြီး သက်တမ်းတိုးခွင့် မပြုတော့သဖြင့် တရားမဝင်အဆောက်အအုံအနေဖြင့်သာ ဆက်ရှိနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူထံမှ သိရသည်။
ယခုရက်ပိုင်းတွင် ပြည်ခိုင်ဖြိုးပိုင် ကျူးအဆောက်အအုံများကို ဖယ်ရှားပေးရန် ညွှန်ကြားမှုများရှိခဲ့ပြီး မေလကုန်ပိုင်းကလည်း ရန်ကုန်တိုင်းအစိုးရ၏ လမ်းချဲ့ရေးစီမံချက်ဆောင်ရွက်ရာတွင် မလွတ်ကင်းသဖြင့် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ‘ဖြိုးစေတနာ’ဆေးခန်း အဆောက်အအုံကို ဖျက်သိမ်းခိုင်းခဲ့သည်။
ယင်းအပြင် တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟောင်းမြေနေရာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ထားသော ခွင့်ပြုမိန့်ကုန်ဆုံးနေပြီဖြစ်သည့် အဆောက်အအုံဟောင်းတစ်ခုကိုလည်း အန္တရာယ်ရှိအဆောက်အအုံဖြစ်နေ၍ ဖြိုချဖျက်ဆီးပြီး နိုင်ငံပိုင်မြေအဖြစ် ပြန်လည်သိမ်းယူခဲ့သည်။
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးကိုလည်း နိုင်ငံပိုင်အဖြစ် ပြန်လည်သတ်မှတ်ပေးရန် အဆိုပါမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များက တိုင်ကြားသောကြောင့် နိုင်ငံပိုင်ရရှိရေးလုပ်ဆောင်ရန် ရန်ကုန်တိုင်းအစိုးရက မေ ၁၄ တွင် စာထုတ်ညွှန်ကြားထားသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ – ၃၁၀ (ခ)အရ ကော်မတီက စည်းကမ်းသတ်မှတ်၍ ခွင့်ပြုထားသည့် မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်များ သက်တမ်းကုန်ဆုံးပြီးနောက် အသစ်ထပ်မံလျှောက်ထား ရယူခြင်းမရှိဘဲ အဆောက်အအုံဆောက်ထားပြီး ဆက်လက်နေထိုင်ပါက နေ့စဉ်ငွေဒဏ် ကျပ် ၁၀,၀၀၀ မှ ကျပ် ၃၀,၀၀၀ အထိ ချမှတ်ရမည်ဟုပါရှိသည်။



