
ရန်ကုန်မြို့ လူအစည်ကားဆုံးနေရာက လမ်းဘေးဈေးသည်များကို စည်ပင်သာယာဌာနက စာရင်းကောက်၊ မှတ်တမ်းယူနေပါပြီ။ တနင်္ဂနွေနေ့က အနော်ရထာလမ်းမပေါ်မှာ မှတ်တမ်းတင်နေတဲ့ မြင်ကွင်းတစ်ခုကို အခုလို တွေ့ရပါတယ်။
လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်မြို့နယ်တွေကို ဖြတ်သွားတဲ့ အနော်ရထာလမ်းမကြီးပေါ်မှာ လမ်းဘေး ဈေးရောင်းနေသူ ရာထောင်ချီ ရှိနေပါတယ်။
တချို့နေရာတွေမှာ စုပြုံပြီး ရောင်းချကြတာကြောင့် လမ်းဘေးမှာ ကားရပ်ဖို့ ခက်ခဲလွန်းသလို လမ်းလျှောက်သူတွေအတွက်လည်း အဆင်မပြေပါဘူး။
ဈေးသည်အများအပြားအတွက်လည်း လမ်းဘေးမှာ ဈေးရောင်းခြင်းဟာ သူတို့ရဲ့ ဝင်ငွေရှာတဲ့ တစ်ခုတည်းသော နည်းလမ်း ဖြစ်နေပါတယ်။
ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်မယ့်အခြေအနေမျိုးဖြစ်အောင် တိုင်းအစိုးရအသစ်၊ မြို့တော်ဝန်အသစ်က ဘယ်တော့၊ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာ ရန်ကုန်သူ ရန်ကုန်သား အများအပြားက စိတ်ဝင်စားနေကြပါတယ်။