သတင်း

ကျိုက်ထီးရိုးဂေါပကအဖွဲ့က ပျံကျဈေးသည် ၁၄ ဦးကို ပုဒ်မ ၅ ခုဖြင့် တရားစွဲ

ကျိုက်ထီးရိုးစေတီ ရင်ပြင်တော်ပေါ်တွင် ပျံကျဈေးသည်များကို ရှင်းလင်းရာမှ ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ဈေးသည် ၁၄ ဦးကို ဂေါပကအဖွဲ့က ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်ထားကြောင်း ကင်မွန်းချောင်းနယ်မြေ ရဲစခန်းက ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တည်ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ ရင်ပြင်တော်ပေါ်ရှိ ခွင့်ပြုချက်မရှိသည့် နေရာ၌ ဈေးမရောင်းရန် နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက ပျံကျဈေးသည်များကို မေတ္တာရပ်ခံထားကြောင်း ကျိုက်ထီးရိုးရင်ပြင်တော် အလှည့်ကျဂေါပက ဦးထွန်းမြင့်က ပြောသည်။

သို့သော် မလိုက်နာသဖြင့် နောက်တစ်နေ့(နိုဝင်ဘာ ၄ ရက်နေ့)တွင် ဈေးသည်များ၏ပစ္စည်းများကို သိမ်းဆည်းရာမှ ဈေးသည်များက လုံခြုံရေးဝန်ထမ်းများကို ဝင်ရိုက်ခဲ့ကြောင်း၊ ဈေးသည်များ၏ ရိုက်နှက်မှုကြောင့် လုံခြုံရေးဝန်ထမ်း ၁၂ ဦးမှာ ထိခိုက်ဒဏ်ရာရသွားသောကြောင့် တရားစွဲရသည်ဟု ၎င်းက ဆိုသည်။

“သူတို့က ပဋိပက္ခအသွင်ကို ဆောင်တော့မယ်၊ သူတို့ဘာလုပ်လုပ် သည်းညည်းခံ၊ ကိုယ်က ဘာမှပြန်မလုပ်နဲ့ ပြောပြီး တစ်နာရီလောက် စောင့်ကြည့်တယ်။ ပစ္စည်းလေးတွေကို ရှာဖွေပုံစံနဲ့ သိမ်းပြီးလို့ရှိရင် ဥပဒေကြောင်းအရ အရေးယူဖို့ဆိုပြီးတော့ စပြီးသိမ်းတဲ့ အချိန်မှာပဲ သူတို့က ဗန်းတွေမှောက် လုံခြုံရေးဝန်ထမ်းတွေကိုရိုက် ကျွန်တော်တို့က ပြန်မတုံ့ပြန်ပါဘူး” ဟု ၎င်းက ပြောသည်။

ဈေးသည်များမှာ အင်အား ၈၀ နှင့် ၁၀၀ ကြားရှိပြီး ၎င်းတို့ဘက်မှ အဖွဲ့စုံ အင်အား ၆၀ ခန့်ရှိကြောင်း၊ ကျိုက်ထီးရိုးဂေါပကအဖွဲ့ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဝန်ထမ်း ၁၂ ဦး ဒဏ်ရာရခဲ့ပြီး၊ အမျိုးသမီး သုံးယောက်နှင့် အမျိုးသားတစ်ယောက်မှာ ဒဏ်ရာပြင်းထန်သည်ဟု ဂေါပကအဖွဲ့က ဆိုသည်။

ဈေးသည်များဘက်ကမူ ပြန်လည်ခုခံခြင်းသာဖြစ်ပြီး ၎င်းတို့ဘက်တွင်လည်း ထိခိုက်ဒဏ်ရာရမှုများရှိသည်ဟု ဆိုသည်။

“သူတို့ဖယ်ခိုင်းတော့ ကျွန်မတို့ဖယ်ပေးဖို့ ဆုံးဖြတ်ထားပြီးသွားပြီ၊ ဒါပေမဲ့ နေရာလေးတစ်နေရာတော့ တောင်းကြမယ်ဆိုပြီး စုနေတဲ့အချိန်မှာ အုတ်အော်သောင်းတင်းနဲ့ ဝင်လုဝင်ရိုက်၊ ဝင်လုပ်တော့ ပြန်ပြီးတော့ ခုခံတဲ့သဘောမျိုးပါ” ဟု ပုတီးနှင့် ယပ်တောင်များ ရောင်းသူ မသဇင်က ပြောသည်။

မသဇင်မှာ ဦးခေါင်းတွင် ဒဏ်ရာရရှိပြီး ဆေးရုံတွင် ကုသနေဆဲဖြစ်ကာ အခြားလူများမှာ သွေးထွက်သံယို မဖြစ်သော်လည်း ဖူးရောင်ဒဏ်ရာများရရှိကြောင်း၊ ဂေါပကအဖွဲ့က ယခုလို တရားစွဲသည့်အတွက် ၎င်းတို့အနေဖြင့်လည်း ဂေါပကအဖွဲ့ကို ပြန်တရားစွဲသွားမည်ဟုဆိုသည်။

ဈေးသည်များကို ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင် ဦးသန်းဝင်းက တရားလိုပြုလုပ် တရားစွဲလိုက်ခြင်းဖြစ်ပြီး၊ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ သာမန်ဒဏ်ရာရမှု ပုဒ်မ ၃၃၇ ၊ အပြင်းအထန်ဒဏ်ရာရမှု ပုဒ်မ ၃၃၈ နှင့် ညစ်ညမ်းစွာဆဲဆိုမှု ပုဒ်မ ၅၀၆၊ ၂၉၄ တို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ အမှုဖွင့်ခံရသူအများစုမှာ အမျိုးသမီးများဖြစ်သည်ဟု ကင်မွန်းချောင်းနယ်မြေ ရဲစခန်းမှူး ဒုရဲအုပ် ဇော်ဇင်ဦးက ပြောသည်။

“ကျွန်တော်တို့အနေနဲ့တော့ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်ပေးလိုက်တယ်။ အမှုစစ်ကတော့ ဥပဒေနှင့်အညီ ဆောင်ရွက်နေပြီ” ဟု ၎င်းက ပြောသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် လမ်းဘေးနှစ်ဖက်ရှိ ပျံကျဈေးသည်များကြောင့် လမ်းပိတ်ဆို့ခဲ့ပြီး ဘုရားဖူးများ အတက်အဆင်းခက်ခဲသဖြင့် Mountain Top ဟိုတယ်မှ ခြင်္သေ့နှစ်ကောင်မုခ်ဝအထိ လမ်းပိုင်းတွင် ဈေးရောင်းခွင့်မပြုခဲ့ကြောင်း ဂေါပက ဦးထွန်းမြင့်ကပြောသည်။

ဂေါပကအဖွဲ့က ဘုရားရင်ပြင်တော်အနီး အချို့နေရာများတွင် ဈေးရောင်းခွင့်ပြုခဲ့သော်လည်း နေရာအတည်တကျမရှိခြင်း ဘုရားဖူးအသွားအလာ နည်းခြင်းကြောင့် အဆင်မပြေကြောင်း ပြောသည်။

ကျိုက်ထီးရိုးစေတီတော်တွင် ဂေါပကအဖွဲ့က ခန့်ထားသော လုံခြုံ‌ရေးဝန်ထမ်း ၆၀ ကျော်ရှိကာ ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျိုက်ထီးရိုးရင်ပြင်တော်၌ ဈေးရောင်းသူ ၁၄ ဦးကို ဂေါပကအဖွဲ့မှ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့်ခဲ့သည်။

Show More

Related Articles

Back to top button