အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျိုက်ထီးရိုး ကင်ပွန်းစခန်းအနီး ပစ်ခတ်မှုဖြစ်၊ ဘုရားဖူး သုံးဦးသေဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းအနီးတွင် ယနေ့ (အောက်တိုဘာ ၁၂) နံနက် ၁၁ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပြီး ဘုရားဖူး အမျိုးသမီးသုံးဦး သေဆုံးကာ ရဲတစ်ဦးအပါအဝင် ၁၇ ဦး ထက်မနည်း ဒဏ်ရာရကြောင်း ကနဦး စုံစမ်းသိရှိရသည်။

ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုး တောင်တက်ကားဂိတ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်ကြခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဖြစ်စဉ်အတွင်း သေဆုံးသည့် အမျိုးသမီး ၃ ဦးမှာ လူငယ်တစ်ဦး၊ လူကြီး နှစ်ဦးဖြစ်ပြီး အသေးစိတ် မသိရသေးကြောင်း၊ ဘုရားဖူးများဖြစ်ကြောင်း ကင်မွန်းချောင်းလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“ဘယ်လိုမျိုးလာပစ်သွားလဲတော့ မသိဘူး။ ကျနော်က (လုံခြုံရေးအရ) သိပ်တော့ပြောလို့မရဘူး အဲဒါကြောင့်ပါ” ဟု ၎င်းက ဆိုသည်။

သေဆုံးသူများမှာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှ ဘုရားဖူးများဖြစ်သည့် ဒေါ်သန်းသန်းသွယ်၊ ဒေါ်အေးအေးကြူ၊ ဒေါ်ကျော့ကေခိုင် တို့ဖြစ်ကာ ကျား ၈ ဦး၊ မ ၉ ဦး စုစုပေါင်း ၁၇ ဦး ဒဏ်ရာရသည်ဟု သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ ဒဏ်ရာရသူတို့ကို ကျိုက်ထိုဆေးရုံသို့ တင်ပို့ထားကြောင်း ၎င်းထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီကို ဆန့်ကျင်လှုပ်ရှားနေသည့် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ကမူ ပစ်ခတ်မှုကို ၎င်းတို့ မလုပ်ခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုဒေသသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ ဧရိယာအတွင်း အကျုံးဝင်သည်။ KNU လက်အောက်ခံ KNLA တပ်မဟာ ၁ (သထုံခရိုင်) တွဲဖက်အတွင်းရေးမှူး စောကော်ကစေးကမူ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မှတ်ချက်မပြုနိုင်သေးကြောင်း တုံ့ပြန်သည်။

“ကျနော်တို့တော့ ဘာမှမကြားသေးဘူး။ အခုပြောမှ သိရတာ။ (သထုံခရိုင်) အတွင်းရေးမှူးပြန်လာလို့ရှိရင် ကျနော်ပြောပြလိုက်မယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီထံ မေး၍မရသေးပေ။ 

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း နိုင်ငံအနှံ့ ခုခံမှုများ အရှိန်မြင့်နေရာတွင် မွန်ပြည်နယ်ရှိ ဒေသအချို့လည်း ပါဝင်သည်။ အောက်တိုဘာ ပထမပတ်အတွင်းကပင် ကျိုက်ထီးရိုးတောင်တစ်ဝိုက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် ကင်မွန်းချောင်းရဲစခန်းတို့ တိုက်ခိုက်ခံရသည်။

ကျိုက်ထီးရိုးတောင်အနီးရှိ မြစိမ်းတောင် တစ်ဝိုက်တွင်လည်း တိုက်ပွဲများ ဖြစ်ခဲသည်ဟု Kyaikhto Revolution and Information Network (KRIN)၏ ထုတ်ပြန်ချက်များအရ သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button