မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်တက်ကားဂိတ် ပစ်ခတ်မှုကြောင့် ဘုရားဖူး ၃ ဦး သေဆုံးပြီးနောက် စစ်ကောင်စီက လာမည့်လအတွင်း ဘုရားဖူးခရီးသည်များလာစေရန် အခမဲ့အစီအစဉ်များဖြင့် မက်လုံးပေးနေသည်။
နိုဝင်ဘာ ၃ နှင့် ၄ တွင် ဘုရားဖူးလာသူမှန်သမျှ အခမဲ့တည်းခိုခွင့်၊ တောင်တက်ယာဉ်နှင့် ကေဘယ်ကား အခမဲ့စီးနင်းခွင့်၊ စတုဒီသာနှင့် ဒေသထွက်အစားအစာ ကျွေးမွေးဧည့်ခံမှုတို့ ပါဝင်မည်ဖြစ်ကြောင်း ကြေညာထားသည်ဟု သိရသည်။
“အကုန်လုံးက ညှိနှိုင်းပြီးလုပ်ကြတယ်လို့ ပြောသံကြားတာပဲ။ သူတို့ အပေါ်က လူကြီးတွေပဲ လုပ်ကြတာပါ။ နည်းနည်းလေး လူပြန်လာအောင် ထင်တာပဲ။ (အခုက) လူတွေကြောက်ပြီး မလာကြတော့ဘူးလေ” ဟု ကျိုက်ထိုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ ဆွဲဆောင်နေချိန်မှာပင် စစ်ကောင်စီက ကျိုက်ထီးရိုးတောင် အနီးတစ်ဝိုက် ကျေးရွာများကို ဝင်ရောက် စီးနင်းလျက်ရှိပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားသည်။
တပ်မ ၇၇ လက်အောက်ခံ တပ်များသည် အောက်တိုဘာ ၁၃ မှစ၍ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ အင်္ဂပိုကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာဘက်မှ စုစုပေါင်း အင်အား ၅၀၀ ခန့်ဖြင့် သုံးဖက်သုံးတန် စစ်ကြောင်းထိုးလာကြောင်း အင်္ဂပိုကျေးရွာဒေသခံတစ်ဦးက ဆိုသည်။
ထိုစစ်ကြောင်းကြောင့် ကျိုက်ထီးရိုးတောင်ခြေ ကျေးရွာများဖြစ်သည့် အထက်အင်္ဂပို၊ မဲရုံးကလေး၊ မဲရုံးကြီး၊ ဂဒိုင်ဒွတ်၊ မိုးဘော(နတ်စင်)၊ ကျောက်ဖျာ၊ ဆင်တွင်း၊ ဇီးပြောင်း၊ ရွှေဂဲရိုး၊ ပိန္နဲကုန်းတို့မှ ဒေသခံများ ထွက်ပြေးနေရကြောင်း ပြောသည်။
“အဓိကက နယ်မြေရှင်းလင်းရေးပေါ့ ဒါပဲနေမှာပေါ့။ မိုးဘော(နတ်စင်) ဆိုတာ KNU ရဲ့ ထိန်းချုပ်နယ်မြေလေ။ ပိန္နဲကုန်းလည်း (အိမ်တွေ) မီးရှို့တယ်၊ ရွှေဂဲရိုးလည်း ရှို့တယ်။ ဒီအချိန်က ခြံသမားတွေရှိတဲ့ အချိန်လေ၊ ရော်ဘာတွေ ခြစ်ပြီးတဲ့အချိန် လူတွေ အဲဒီမှာစုနေတော့ အကုန်လုံးပြေးရတာပေါ့” ဟု သူက ပြောသည်။
လက်ရှိတွင် အထက်အင်္ဂပိုနှင့် ပိန္နဲကုန်းကျေးရွာတို့မှ ဒေသခံ ၁၀၀ ခန့် အဖမ်းခံထားရကြောင်း အထက်ပါ ဒေသခံက ဆိုသည်။
ပိန္နဲကုန်းနှင့် ရွှေဂဲရိုးကျေးရွာတို့မှ နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ခံရပြီး ရွာသားတစ်ဦး ပစ်သတ်ခံရကြောင်း ကျိုက်ထိုမြို့နယ် သတင်းများဖော်ပြနေသည့် Kyaikhto Revolution and Information Network (KRIN) က ယမန်နေ့က ရေးသားထားသည်။

“အခု ကျွန်တော်တို့ဆီမှာ စစ်ဘေးရှောင် ၂၀၀ လောက်ရှိပါတယ်။ တခြားနေရာတွေမှာလည်း ခွဲရှောင်နေကြတာပေါ့” KNU တပ်မဟာ ၁ နယ်မြေတွင် ရောက်ရှိနေသည့် ရန်ကုန် UG အဖွဲ့ခေါင်းဆောင် တစ်ဦးက ပြောသည်။
အောက်တိုဘာ ၂၃ ရက်က မိုးဘော (နတ်စင်) နှင့် ကျောက်ဖျာကျေးရွာတွင် စစ်တပ်ရောက်လာကြောင်း၊ ယမန်နေ့က အယောင်ပြ ဆုတ်သွားပြီးနောက် ယနေ့တွင် အင်အား ၁၅၀ ခန့် ပြန်တက်လာသဖြင့် ရွာသားများ အိမ်မပြန်ရဲသေးကြောင်း ပြောသည်။
“ထိတွေ့တိုက်ပွဲ မဖြစ်ခဲ့ပါဘူး။ ရွာထဲမှာဆိုတော့ ရွာမီးရှို့မှာစိုးလို့ ကျွန်တော်တို့ ရှောင်နေလိုက်တယ်” ဟု ၎င်းက ဆိုသည်။
ဒေသခံများ ထွက်ပြေးနေသည့် ကျိုက်ထီးရိုးတောင်ခြေရွာများ၌ တစ်ကြောင်းလျှင် အင်အား ၁၀၀ ထက်မနည်းရှိသည့် စစ်ကောင်စီ စစ်ကြောင်းများ ယနေ့အထိ လှုပ်ရှားလျက်ရှိပြီး ကျိုက်ထီးရိုးဘုရား အနီးတစ်ဝိုက်တွင်လည်း လုံခြုံရေးတင်းကျပ်နေကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၂ က ကင်မွန်းစခန်း တောင်တက်ကားဂိတ်တွင် ပစ်ခတ်မှုဖြစ်ပြီး ဘုရားဖူး အမျိုးသမီး ၃ ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ဘုရားဖူးများသေဆုံးမှုသည် KNU တပ်မဟာ ၁ နှင့် CRPH၊ NUG လက်အောက်ခံ PDF တို့၏ လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီက စွပ်စွဲထားပြီး ကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်နှင့် KNU တို့ကမူ စစ်တပ်က ပြန်လည် ပစ်ခတ်သဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း ပြောသည်။
စစ်ကောင်စီထုတ်ပြန်သည့် CCTV မှတ်တမ်းတွင် ရဲများတပ်စွဲထားလျက်ရှိသည့် တောင်တက်ကားဂိတ်၌ ဘုရားဖူး အမျိုးသမီးတစ်ဦးမှာ ကားပေါ်တက်နေချိန် ကျည်ဆန်ဦးခေါင်းထိမှန်ပြီး လဲကျသေဆုံးခဲ့သည်ကို တွေ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



