
သံတွဲ – စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများကို ထိတွေ့ကူညီထောက်ပံ့ပြီး နည်းပညာ ဝန်ဆောင်မှုပေးနေသော သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ရှိသင့်သည့် ဝန်ထမ်းအရေအတွက်၏ သုံးပုံတစ်ပုံသာ ရှိနေကြောင်း ဌာန မန်နေဂျာ ဦးတင်ဝင်းမောင်က ကြာသပတေးနေ့တွင် ပြောသည်။
သံတွဲမြို့နယ်တွင် စိုက်ပျိုးရေးဝန်ထမ်း ၁၄ ဦး ရှိနေပြီး ဖွဲ့စည်းပုံအရဆိုလျှင် ၄၂ ဦး ရှိရမည်ဖြစ်သည်။ သို့သော်လည်း ဦးတင်ဝင်းမောင်က များစွာ မျှော်လင့်မထားပေ။
“နောက်ထပ် ၃ ယောက်လောက် ထပ်ရမယ်ဆို လုပ်ရကိုင်ရ အဆင်ပြေမှာပါ” ဟု သူက ပြောသည်။
လိုအပ်သည့် ဝန်ထမ်းအင်အားအတွက် အထက်ကို တင်ပြထားရာ အလုပ်လျှောက်သူ ရှိလာပါက ဖြည့်ဆည်းပေးမည်ဟူသော အကြောင်းပြန်ကြားချက် ရထားသည်ဟု ဆိုသည်။
စိုက်ပျိုးရေးဦးစီးဌာနတွင် ဝန်ထမ်းအင်အား မလုံလောက်ခြင်းကြောင့် ကျေးရွာ အားလုံးသို့ သွားရောက်နိုင်ခြင်း မရှိကြောင်း၊ ကျေးရွာ စုစုပေါင်း၏ သုံးပုံ တစ်ပုံခန့်သာ သွားရောက်၍ အသိပညာပေး ဟောပြောပွဲ ပြုလုပ်နိုင်သည်ဟု ဦးတင်ဝင်းမောင်က ပြောသည်။
ကိုယ်တိုင် ဦးစီးပြီး ပညာပေးခြင်း ဟောပြောခြင်းများကို ကျေးလက်ဒေသအထိ ပြုလုပ်ပေးနေကြောင်း သူက ပြောသည်။
မျိုးစေ့ အထောက်အပံ့
ရခိုင်ကမ်းရိုးတန်းဒေသတွင် ဆန်စပါး စိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး အားနည်းချက်များ ရှိနေသည်ဟု နိုင်ငံတကာ စီမံကိန်းတစ်ခုဖြစ်သည့် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT) ၏ ၂ဝ၁၅ နှစ်ပတ်လည် အစီရင်ခံစာတွင် ထောက်ပြထားသည်။
“ဆန်စပါးသည် ရခိုင်ဒေသ၏ ပင်မသီးနှံ ဖြစ်သော်လည်း အထွက်နှုန်းနည်းပြီး အရည်အသွေး ညံ့သည်။ ဆားငန်ရည်တိုးဝင်ခြင်း၊ စိုက်ပျိုးနည်း မထိရောက်ခြင်း၊ ရိတ်သိမ်းချိန်လွန် နည်းနာများနှင့် ကိရိယာများ ညံ့ဖျင်းခြင်းတို့ကြောင့်ဖြစ်သည်” ဟု ကုလသမဂ္ဂအဖွဲ့က ကြီးကြပ်သည့် LIFT အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးဝင်းနိုင်ကလည်း အစိုးရအနေဖြင့် အရည်အသွေး ပြည့်ဝသည့်သီးနှံများ ထွက်ရှိရန်အတွက် ဆောင်ရွက်စရာ များစွာ ရှိနေသည်ဟု တိုက်တွန်းလိုက်သည်။
“မျိုးကောင်းမျိုးသန့်တွေ တောင်သူကို လုံလုံလောက်လောက် ပံ့ပိုးပေးသင့်တယ်။ ဒါမှလည်း ဈေးကွက် မှီတဲ့၊ အရည်သွေးမှီတဲ့ သီးနှံတွေကို ရရှိမှာပါ” ဟု သံတွဲမြို့နယ် မဲဆန္ဒနယ် ၁ မှ ဦးဝင်းနိုင်က ပြောသည်။
စိုက်ပျိုးရေးကဏ္ဍသည် အရေးပါသောကြောင့် အစိုးရက အရင်းအနှီး ထောက်ပံ့ခြင်း၊ ဈေးကွက် ရှာဖွေခြင်းများအတွက်လည်း ပိုမို ဆောင်ရွက်သင့်သည်ဟု သူက ဆက်ပြောသည်။
“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလာမှ တိုင်းပြည် အကျိုးဖြစ်ထွန်းမယ်ဆိုတာ မဟုတ်ပါဘူး။ ကိုယ်နိုင်ငံထဲမှာလည်း တိုင်းနယ် ၊ ပြည်နယ် အသီးသီးက မွေးမြူရေး ထုတ်ကုန်တွေ ၊ စိုက်ပျိုးရေး ထုတ်ကုန်တွေကို တိုးတက်အောင် ထုတ်ပေးနိုင်မယ်။ အဲဒီလို ထုတ်ကုန်တွေကိုလည်း ဝယ်ယူမယ့် ဈေးကွက်တွေ များများဖန်တီးပေးဖို့လိုပါတယ်” ဟု ဦးဝင်းနိုင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သံတွဲခရိုင်ရုံးတွင် တွေ့ဆုံစဉ် ပြောပြသည်။
သံတွဲရှိ စိုက်ပျိုးရေးသမားတချို့က စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များကို အားမရကြောင်း ဝေဖန်ကြသည်။
ထိုဝေဖန်ချက်နှင့် ပတ်သက်ပြီး မြို့နယ် မန်နေဂျာ ဦးတင်ဝင်းမောင်က တုံ့ပြန်ခြင်း မပြုဘဲ စိုက်ပျိုးရေးဌာနတွင် စံပြစိုက်ကွင်းများ ရှိကြောင်း၊ မျိုးစေ့နှင့် ဓာတ်မြေသြဇာများ ပံ့ပိုးပေးခြင်းများကို ပြုလုပ်လျက်ရှိကြောင်း ပြောသည်။
“မျိုးကောင်းမျိုးသန့် လိုအပ်မှုအတွက် နှစ်စဉ် မျိုးစပါးတင်း တစ်ထောင်စီ ဖြန့်ပါတယ်။ ၁၅ ရွာ ၁၆ ရွာလောက်ကို ဖြန့်ပါတယ်” ဟု မန်နေဂျာက ရှင်းပြသည်။
“ကျွန်တော်တို့အနေနဲ့စံပြစိုက်ကွင်းတွေစိုက်ပျိုးနေတယ်။ ဘာကြောင့် အဲ့ဒါတွေလုပ်တာလဲ ဆိုတော့ အဲဒီ စံပြစိုက်ကွင်းတွေ အောင်မြင်တာကိုကြည့်ပြီး ပြည်သူတွေ လိုက်လုပ်ချင်လာအောင်ပါ။ ကျွန်တော်တို့ ပြောတာကို လိုက်လုပ်လို့ ပြောရင် လယ်သမားတွေက သိပ်မလုပ်ချင်တာကို တွေ့ရတယ်။ အဲ့ဒါကြောင့် ဒီနည်းအတိုင်း လုပ်တာပါ”
သင်တန်း
စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ရေးအတွက် နည်းပညာ၊ အသိပညာ ပြန့်ပွားရေးကလည်း အရေးပါသောအချက်ဖြစ်သည်။
သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ၂ဝ၁၂ ခုနှစ်မှစ၍ သံတွဲမြို့နယ်အတွင်း ပညာပေးသင်တန်းများ ပြုလုပ်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသမားများ သိလိုသည်တို့ကို ဆွေးနွေးပေးလျက်ရှိကြောင်း သိရသည်။
“အယောက် ၅ဝ ကို သင်တန်းပေးတာ အယောက် ၂ဝ နားလည်သွားရင် ဒါ အမြတ်ပဲ။ လူတိုင်းက အကုန် စိတ်ဝင်စားမှု မရှိနိုင်ဘူး” ဟု စိုက်ပျိုးရေးဌာနမန်နေဂျာက ရှင်းပြသည်။
ကွေ့ချောင်းကျေးရွာတွင် နေထိုင်သည့် ဦးသန်းစိုးသည် သူ၏ လယ် ၄ ဧကကို ထွန်ယက်ရန် ကျွဲ၊ နွားများ အသုံးပြုခဲ့ပြီး၊ ယခုနောက်ပိုင်းတွင် လယ်ယာသုံးစက်ကိရိယာများကိုပါ ပူးတွဲ အသုံးပြုနေသူဖြစ်သည်။
သူရင်ဆိုင်နေရသည့် အခက်အခဲများထဲတွင် သူ့လယ်အတွင်း မြေပြင်မညီညာခြင်းကြောင့် လယ်ယာသုံးစက်များ နေရာအနှံ့ သွားရောက်နိုင်မှု မရှိသည့်အချက်လည်း ပါဝင်ရာ အလုပ်တွင်ကျယ်ရေးအတွက် အစိုးရဌာနဆိုင်ရာတို့ လာရောက် အကူအညီပေးရန် သူက မျှော်လင့်နေသည်။ လယ်ယာသုံးစက်နှင့် ပတ်သက်သည့် သင်တန်းလည်း တက်လိုသည်ဟု သူက ဆိုသည်။
“လယ်ယာသုံးစက်တွေ ဝယ်လိုက်ပေမယ့် အဲ့ဒီစက်တွေပျက်တဲ့အခါ ပြင်ပေးမယ်၊ စက်ပြင်ဆရာကလည်း သိပ်မရှိတဲ့အခါကျတော့ စက်ပြင်ဆရာ ရှာရတာလည်း အခက်အခဲဖြစ်တယ်။
ဒါကြောင့် အစိုးရအနေနဲ့လယ်ယာထွန်စက်ပြင်တဲ့ သင်တန်းတွေဘာတွေလည်းဖွင့်သင့်တယ်” ဟု ဦးသန်းစိုးက ပြောသည်။
“စက် တစ်ခါတစ်ခါပျက်ရင် စက်ပြင်ဆရာ ရှာမရတာနဲ့သီးနှံစိုက်ပျိုးချိန်တွေ နောက်ကျကုန်ရော” ဦးသန်းစိုးကဲ့သို့သော စက်ပစ္စည်း အသုံးပြုသူများ၏ အခက်အခဲကို စိုက်ပျိုးရေးဌာနကလည်း သိနေသည်။
“ရခိုင်ပြည်နယ် စက်မှုလယ်ယာ ပြည်နယ်ဦးစီးမှူးကို စက်မှုလယ်ယာ စက်ပြင်သင်တန်းဖွင့်ပေးဖို့ကို တောင်းဆိုထားပါတယ်။ ဒီဇင်ဘာလအတွင်းမှာ တောင်းဆိုထားတာပါ။
သူတို့တာဝန်ခံတွေနဲ့ ညှိနှိုင်းဦးမယ် ပြောပါတယ်” ဟု စိုက်ပျိုးရေးဌာနမန်နေဂျာက ရှင်းပြသည်။
လယ်လုပ်သားလိုအပ်ချက်
စက်မှုလယ်ယာသို့ ကူးပြောင်းရန် ခက်ခဲနေသေးသည့် အခြေအနေတွင် သံတွဲအပါအဝင် ရခိုင်ပြည်မှ ဒေသခံ အများအပြားသည် အခြားသော ပြည်နယ်တိုင်းဒေသကြီးများ သို့မဟုတ် နယ်စပ်ဒေသနှင့် ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းသွားကြသဖြင့် လယ်ယာလုပ်သား လိုအပ်ချက်က ကြီးမားလာသည်။
ပြည်နယ်မြောက်ပိုင်းမှ သံတွဲသို့ အလုံးအရင်းလာကြသော လယ်သမားတို့ကလည်း ရေလုပ်ငန်းခွင်သို့ ရောက်သွားတတ်ကြသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ဆိုသည်။
“(မြောက်ပိုင်းမှာ) လယ်စိုက်ပြီးတဲ့အချိန်က ငါးဖမ်းရာသီပြန်စတဲ့အချိန် ဖြစ်တယ်။ အဲ့ဒီတော့ သူတို့က လယ်ယာစိုက်ပျိုးပြီးတာနဲ့ အလုပ်မရှိတဲ့အခါကျတော့ ငါးဖမ်းတဲ့အလုပ်ကို လာပြီးတော့ လုပ်ကြတယ်။ သူတို့လယ်ထွန်ချိန်ဆို ပြန်ပြီးတော့မှ လယ်ထွန်တဲ့အလုပ်ကို လုပ်ကြတယ်” ဟု သံတွဲမြို့နယ် မဲဆန္ဒနယ် ၂ မှ ဦးနိုင်ကြွေအေးက ပြောသည်။
အလယ်ရွာမှလယ်သမား ဦးမြင့်သိန်းက ၎င်းတို့၏အခက်အခဲများထဲတွင် ရာသီဥတုကြောင့် အထွက်နှုန်း ကျခြင်း၊ လယ်ယာလုပ်သား ငှားရမ်းရ ခက်ခဲခြင်း တို့လည်း ပါဝင်သည်ဟု ပြောသည်။
“အလုပ်သမားက တဖြည်းဖြည်း ရှားပါးလာတယ်။ စပါးဈေးက ကျတော့ ကျတယ်၊ အလုပ်သမားဈေးက တက်တော့ လုပ်ရကိုင်ရ အဆင်မပြေဘူးပေါ့” ဟု ဦးမြင့်သိန်းက ရှင်းပြသည်။
တောင်သူတို့၏ အဆိုပါလိုအပ်ချက်ကို စိုက်ပျိုးရေးဌာနကလည်း သိနေသည်။ သင်တန်းများတွင် တွေ့ရသည့် တောင်သူတို့က လယ်ယာလုပ်သား ရှားပါးသည့် အခက်အခဲကို တင်ပြကြသည်ဟု မြို့နယ် စိုက်ပျိုးရေးမန်နေဂျာက ပြောသည်။