သတင်း

ဦးကိုနီလုပ်ကြံခံရမှုအပြီး ဘာသာနှစ်ခုကြား ပိုမိုစည်းလုံး၊ ညီညွတ်လာ

ရန်ကုန် – ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအပြီးတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ဘာသာဝင်များအကြား ပိုမိုစည်းလုံးညီညွတ်မှုကို တွေ့ရခြင်းမှာ အဆိုးထဲမှ အကောင်းဖြစ်သည်ဟု ဘာသာရေးခေါင်းဆောင် အများအပြားက သုံးသပ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီသည် တိုင်းပြည်အတွက် အမှန်တကယ် တန်ဖိုးရှိသူတစ်ဦးဖြစ်ပြီး ၎င်းလုပ်ကြံခံရမှုအတွက် ပြည်သူများတွင် တူညီသည့် ခံစားချက်တို့ ဖြစ်ပေါ်လာသည်ဟု မန္တလေးမြို့ ဝိဇိတာရာမကျောင်းတိုက်ဆရာတော် ဦးစိန္တိကက မိန့်ကြားသည်။

“မသမာတဲ့ လူတွေက လုပ်ကြံသတ်ဖြတ်လိုက်တဲ့အပေါ်မှာ အစ္စလာမ်ဘာသာဝင်တွေရော၊ ဗုဒ္ဓဘာသာဝင်တွေကရော နှမြော တမ်းတကြတယ်။ အဲဒီအပေါ်မှာ အခြေခံပြီး တည်ဆောက်ဖြစ်ပေါ်လာတဲ့ စည်းလုံးညီညွတ်မှုလို့ မြင်ပါတယ်” ဟု ဆရာတော်က Myanmar Now ကို မိန့်ကြားသည်။

လုပ်ကြံခံရသူ ဦးကိုနီအတွက် အောက်မေ့ဖွယ်ဆုတောင်းခြင်းအစီအစဉ်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့က မန္တလေးမြို့တွင် ကျင်းပရာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

ဦးကိုနီ ဈာပန

ဇန်နဝါရီလ ၃ဝရက်နေ့က ရှေ့နေဦးကိုနီ၏ ဈာပနအခမ်းအနားကို ရန်ကုန်မြို့တွင် ပြုလုပ်ရာ ထောင်ပေါင်းများစွာသော အစ္စလာမ်ဘာသာဝင်များ၊ ဗုဒ္ဓဘာသာဝင်များ ဝမ်းနည်း ပူဆွေးစွာ အတူတကွ တက်ရောက်ခဲ့ကြသည်။

အဖြူရောင် ဝတ်ရုံကို ခေါင်းပေါင်းနှင့်တွဲဖက် ဝတ်ဆင်ထားသည့် အစ္စလာမ်တရားဟောဆရာများကို ဈာပနအခမ်းအနားရောက် ဗုဒ္ဓဘာသာရဟန်းတချို့နှင့်အတူ တွေ့ရသည့် ပုံရိပ်များလည်း သတင်းမီဒီယာများတွင် ပျံ့နှံ့ခဲ့သည်။

ABSDF တပ်ဖွဲ့တွင် ပါဝင်မှုဖြင့် အကျဉ်းချခံရဖူးသူ အထင်ကရ ပန်းချီဆရာ ထိန်လင်းက ဦးကိုနီ၏ နာရေးသည် သူမြင်တွေ့ခဲ့ဖူးသည့် အစ္စလာမ်ဈာပနများနှင့် မတူဘဲ ထူးခြားနေသည်ဟု ဆိုသည်။

“လူ့အဖွဲ့အစည်းထဲမှာ အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်သွားတဲ့အခါမှာ တူညီတဲ့ စိတ်ခံစားမှုတွေ ဖြစ်သွားတဲ့ အခါမှာ လူမျိုးကွဲတာတို့ ဘာသာကွဲတာတို့ဆိုတာက အပယိကတွေ ဖြစ်သွားတယ်” ပန်းချီထိန်လင်းက ပြောသည်။

“နဂိုရှိထားတဲ့ တန်ဖိုးတွေဟာ မဆုံးရံႈးသေးဘူးဆိုတဲ့ ခံစားချက်မျိုးပေါ့။ ဦးကိုနီ လုပ်ကြံခံလိုက်ရတဲ့အတွက် စိတ်မကောင်းတဲ့ကြားထဲကပဲ ဒီမြင်ကွင်းကို တွေ့ရတော့ ကျေနပ်မိပါတယ်”

အရံႈးထဲက အမြတ်

၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အခြေခံဥပဒေသစ် ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြောဆို ရေးသားခဲ့သူ ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုသည် မြန်မာ့နိုင်ငံရေးအတွက်သာမကဘဲ အစ္စလာမ်ဘာသာဝင်များအတွက်လည်း ကြီးမားသည့် ဆုံးရံႈးမှုတစ်ခု ဖြစ်သည်။

ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့သူ ၃၇နှစ် အရွယ် ကိုဇော်မင်းထိုက်က ဦးကိုနီလုပ်ကြံခံရခြင်းကြောင့် အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနှင့် ယူကျုံးမရဖြစ်ရကြောင်း ပြောသည်။

“ကျွန်တော်တို့နိုင်ငံအတွက် ကျွန်တော်တို့ မွတ်စလင်ထုအတွက် အရင့်အရင်ခေတ်တွေတုန်းက ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ရှိခဲ့သလို ကျွန်တော်တို့ခေတ်မှာလည်း ဦးကိုနီ လုပ်ကြံခံရတာဟာ ကြီးမားတဲ့ ဆုံးရံႈးမှုပါပဲ” ဟု ကိုဇော်မင်းထိုက်က ရေဝေးသုသာန် မွတ်စလင်သင်္ချိုင်းတွင် ပြုလုပ်သည့် ဦးကိုနီ၏ ဈာပနအခမ်းအနားတွင် ပြောသည်။

“ ဦးကိုနီရဲ့ ဈာပနကို ဗုဒ္ဓဘာသာဝင်တွေ အများကြီးလာကြတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဘာသာပေါင်းစုံနေတဲ့ အကွာအဝေးတစ်ခုကနေပြီးတော့ ပြန်စေ့လာပြီး ကျွန်တော်တို့နိုင်ငံ အရင်ထက်ပိုပြီး စည်းစည်းလုံးလုံးနဲ့ တိုးတက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ သူ့ရဲ့ အနစ်နာခံမှု၊ သူ့ရဲ့ပေးဆပ်မှုတွေက အလဟဿတော့ ဖြစ်မှာ မဟုတ်ပါဘူး”

အစ္စလာမ်သာသနာရေးရာကောင်စီ အတွင်းရေးမှူး ဦးတင်မောင်သန်းက ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်များအကြား ယခင်ကထက်ပိုပြီး နားလည်မှု၊ ချစ်ခင်ရင်းနှီးမှု ရလာသည့်အတွက် ဝမ်းသာ ဂုဏ်ယူမိသည်ဟု ဆိုသည်။

“အဆိုးထဲမှ အကောင်းရှိလာတာက ဘာသာနှစ်ခု ဆိုတာထက်ကို ပြည်သူလူထုအားလုံးက ရှေ့ဆက်ပြီးတော့ ဒီလို ချစ်ချစ်ခင် ဆောင်ရွက်သွားမယ်ဆိုရင် ရလဒ်ကောင်းတွေ ရလာနိုင်တယ်ဆိုတဲ့ အချက်ပေါ့။ နောက်တစ်ချက်က ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို ပြည်သူလူထုတစ်ရပ်လုံးက ချစ်ချစ်ခင်ခင်နဲ့ ရင်ဆိုင် ကျော်လွှားနိုင်တဲ့ မက်ဆေ့ချ်မျိုးကို ဒီအဖြစ်အပျက်ကနေ ပြန်ရတယ်လို့ မြင်ပါတယ်” ဟု ဦးတင်မောင်သန်းက ပြောသည်။

လေဆိပ် ပစ်ခတ်မှုအပြီး လူသတ်ကောင်ကို လိုက်လံ ဖမ်းဆီးစဉ် ပစ်ခတ်ခံရသူ အငှားယာဉ်မောင်း ကိုနေဝင်းအတွက်လည်း ဝမ်းနည်းမိကြောင်း ပြောသည်။

သေနတ်သမား ဦးကြည်လင်းကို လေဆိပ်ရှိ အငှားယာဉ်မောင်းသမားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့သည်။

အမှုတွင် ပါဝင်ပတ်သက်သူဟု ယူဆရသည့် ဦးအောင်ဝင်းဇော်ကိုလည်း လုပ်ကြံမှုအပြီး ၁၂ နာရီအတွင်း ကရင်ပြည်နယ်တွင် ဖမ်းဆီးမိပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

Show More

Related Articles

Back to top button