ရွေးကောက်ပွဲ

စစ်ကောင်စီက ဘာသာရေးကို နိုင်ငံရေးအတွက် ပေါ်တင်အသုံးချလာ

မဲစာရင်းအကြောင်းပြအာဏာသိမ်းယူခဲ့သည့် စစ်ကောင်စီက မဲမသမာမှုစုံစမ်းတွေ့ရှိချက်အစီရင်ခံစာဆိုသော စာအုပ်များကို သံဃာတော်များထံ ဖြန့်ဝေခြင်းမှာ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချ၍ ပြည်သူနှင့် သွေးခွဲခြင်းဖြစ်သည်ဟု သံဃာနှင့် သံဃာ့အဖွဲ့အစည်းတစ်ခုက မိန့်သည်။

မဲမသမာမှုစုံစမ်းတွေ့ရှိချက်စာအုပ် ၁၅,၀၀၀ ကို ဆရာတော်ကြီးများ၊ တိုင်းနှင့် မြို့နယ် သံဃာ့နာယကအဖွဲ့၊ စာသင်တိုက်ကြီးများ၊ ဘုန်းတော်ကြီးနှင့် သီလရှင်ကျောင်းများကို ဖြန့်ဝေရန် စစ်ကောင်စီ၏ သာသနာရေးဝန်ကြီးဌာနက ဆောင်ရွက်နေခြင်းဖြစ်သည်။ 

စစ်အာဏာသိမ်းမှုကို ပြည်သူများက နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်‌နေသောကြောင့် အရေးမလှသည့် စစ်ကောင်စီသည် မဲစာရင်းမှား၍ အာဏာသိမ်းခဲ့ရသည်ဆိုသော အကြောင်းပြချက်ကို သာ၊ ရေး၊ နာရေး၊ တရားပွဲများမှတစ်ဆင့် ထပ်ဆင့်ဖြန့်ချိရန် သံဃာများထံ ချဉ်းကပ်ခြင်းဖြစ်ကြောင်း မန္တလေးမြို့အခြေစိုက် ဦးဇင်းယောကြီးက သုံးသပ်သည်။

“ဘုန်းကြီးတွေနဲ့ ဒီကိစ္စက ဘာမှမပတ်သက်ဘူး။ အဲဒီအပေါ်မှာ ဦးဇင်းတို့ကတော့ ကန့်ကွက်တယ်။ ရှုတ်ချတယ်ပေါ့လေ။ အဲဒါတွေမဖြစ်သင့်ဘူးပေါ့။ သံဃာအချင်းချင်းကြားကိုလည်း ရန်တိုက်ပေးတယ်။ ပြည်သူနဲ့ ဘုန်းကြီးတွေကိုလည်း ရန်တိုက်ပေးတဲ့လုပ်ရပ်ဖြစ်တယ်” ဟု ဦးဇင်းယောကြီးက မိန့်သည်။ 

ယခုစာအုပ်နှင့် သံဃာတော်များနှင့် ဆီလျော်အပ်စပ်ခြင်းမရှိ၍ သံဃာအများစုကလည်း လက်မခံဘဲ စာအုပ်များကို မီးရှို့၊ မြေမြှုပ်ပစ်မှုများရှိနေပြီး စစ်အာဏာရှင်ကို ထောက်ခံသည့် ဆရာတော်များ၏ သဘောထားကိုမူ အတိအကျမသိကြောင်း အထက်ပါ ဆရာတော်က ဆက်လက်မိန့်ကြားသည်။

“တချို့ဆရာတော်တွေဆိုရင် သွား.. ကိုရင်တွေ အဲ့ဒါတွေကို လွှင့်ပစ်လိုက်။ အင်တာနက်ပေါ်မှာလည်း မြင်ရတယ်ပေါ့။ အဲဒီစာအုပ်တွေကို ပေါ်တင်မီးရှို့ပြီးမှ facebook ပေါ်တင်တာတို့၊ share တာတို့၊ မြေမြှုပ်ပစ်တာတို့ အဲဒီလိုပုံစံတွေနဲ့ ဒီစာအုပ်တွေကို မကြိုက်တဲ့အကြောင်း မျှကြတယ်ပေါ့” ဟု ဆရာတော်က မိန့်သည်။

စစ်တပ်က စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပင် ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးမချရဟု ပြဋ္ဌာန်းထားကြောင်း မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ အရှင်ဓမ္မမေတ္တာက ထောက်ပြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) ပုဒ်မ (၃၆၄) တွင် နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရဟု ပြဋ္ဌာန်းထားသလို ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ(၇)တွင်လည်း သာသနာ့ဝန်ထမ်းများ ဆန္ဒမဲပေးပိုင်ခွင့်မရှိဟု ဆိုထားသည်။

“မူလဘူတကိုက သံဃာတော်တွေက မဲပေးခွင့်မရှိခဲ့ဘူး။ ပြည်သူတွေကသာ မဲပေးခွင့်ရခဲ့တာ။ ပြည်သူတွေက ဆုံးဖြတ်ခဲ့တာ။ ဒါကြောင့် စကစအနေနဲ့ မဲပေးခဲ့တဲ့ ပြည်သူတွေရဲ့ အဆုံးအဖြတ်ခံယူတာက သင့်လျော်ပါတယ်လို့ မြင်တယ်။ သံဃာတော်တွေကို ဖြန့်ဝေတဲ့ မဲစာအုပ်တွေက ဆရာတော် သံဃာတော်များရဲ့ စိတ်နှလုံးကို ညှိုးနွမ်းအောင် လုပ်ရာကျတယ်။ သံဃာနဲ့ ပြည်သူကို သွေးခွဲရာကျတယ်” အရှင်ဓမ္မမေတ္တာက မိန့်သည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် အောက်တန်းကျသည့် နိုင်ငံရေးသမားများသည် ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချခဲ့သည့်အစဉ်အလာရှိပြီး စစ်ဗိုလ်ချုပ်များ၏ လုပ်ထုံးလုပ်နည်း၊ မဟာဗျူဟာလိုပင်ဖြစ်နေကြောင်း ဆရာတော်က မှတ်ချက်ပြုသည်။

ထိုသို့ မဲစာရင်းစာအုပ်များ ဖြန့်ချိ၍ ဆန္ဒမဲပေးပိုင်ခွင့်မရှိသည့် ရဟန်းသံဃာများကို သုံးကာ ပြည်သူကို စည်းရုံးနားချခိုင်းသည့် လုပ်ရပ်မှာ သံဃာနှင့် ပြည်သူကို ရန်တိုက်ပေးခြင်းသာဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)ကလည်း ဇန်နဝါရီ ၂၁ ရက်ကတည်းက သဘောထားထုတ်ပြန်ထားသည်။ 

သံဃာကို ခုတုံးလုပ်ခြင်းဖြစ်သောကြောင့် အမြော်အမြင်ကြီးမားစွာဆင်ခြင်ရန်၊ စစ်ကောင်စီနှင့် မပူးပေါင်းဟု ပြတ်ပြတ်သားသားဆုံးဖြတ်ရန် ဆရာတော်ကြီးများနှင့် သံဃာ့အဖွဲ့အစည်းများကို ထိုထုတ်ပြန်ချက်တွင် သံဃသမဂ္ဂ(မန္တလေး) က ထည့်သွင်းလျှောက်ထားသည်။

ပြည်သူ့အာဏာကို အဓမ္မသိမ်းယူထားသည့် စစ်ကောင်စီသည် ရဟန်းသံဃာများကို အသုံးချ၍ အာဏာသိမ်းမှုတရားဝင်ရန် ကြိုးစားသည့်နည်းတူ၊ အာဏာသိမ်းမှု တစ်နှစ်အတွင်း အဘက်ဘက်မှ ကျဆုံးမှုများရင်ဆိုင်လာရချိန်တွင် နိုင်ငံရေးထွက်ပေါက်အဖြစ် ဘာသာရေးကို အသုံးချလာခြင်း ဖြစ်သည်ဟု သံဃသမဂ္ဂ(မန္တလေး)က သုံးသပ်ထားသည်။

မန္တလေးသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် နိုင်ငံအတွင်း အစောဆုံးကန့်ကွက်ဆန္ဒပြသည့် မြို့ဖြစ်ပြီး စစ်ကောင်စီက အကြမ်းပတမ်းနှိမ်နင်းနေသည့်ကြားမှ ယနေ့တိုင် နည်းလမ်းမျိုးစုံဖြင့် ဆန္ဒပြနေကြဆဲဖြစ်သည်။

ထိုသို့ တရားနည်းလမ်းမကျ အာဏာရယူမှုကို ဆန့်ကျင်သည့် ပြည်သူများဘက် ရပ်တည်လျှင် ရဟန်း၊ သံဃာ၊ ကလေးသူငယ်ပင် မချန် စစ်ကောင်စီက ရန်ရှာသည့် ဖြစ်စဉ်များလည်း ရှိနေချိန်တွင် စစ်ကောင်စီက ထိုသို့ မဲစာရင်းနှင့် ပတ်သက်သည့် စာအုပ်များကို သံဃာ့အသိုင်းအဝိုင်းအတွင်း ဖြန့်ချိနေခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပြတ်အသတ် ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှု ၁၀ သန်းကျော်ရှိသည်ဟု ဆိုထားသည့် စစ်ကောင်စီသည် တစ်နှစ်အတွင်း မဲတစ်ကြိမ်ထက်ပိုပေးသူ ၂၀၀၀ ခန့်ကိုသာ ရှာတွေ့သေးသည်။

မဲပေးခွင့်ရှိသူ ၃၈ သန်းကျော်ရှိသော ထိုရွေးကောက်ပွဲတွင် ၎င်းတို့ စွပ်စွဲချက်အတိုင်း တိတိပပ အရေးယူနိုင်သူ ထိုသို့ ထောင်ဂဏန်းသာရှိသော်လည်း ကြီးကြပ်မှုအားနည်းသည်၊ မသမာမှုလုပ်သည် ဆိုကာ ဖမ်းဆီးအရေးယူသည့် ဦးရေမှာ ထို့ထက်ပိုများသည်။

NLD ခေါင်းဆောင်များဖြစ်သည့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ပြည်နယ်အနှံ့ ကော်မရှင်ခွဲတာဝန်ရှိသူများ စုစုပေါင်း ၂၉၀၀ ကျော်ကို အရေးယူရန် စစ်ကောင်စီက စီစဉ်နေသည်။

ထိုအခြေအနေတွင် အာဏာသိမ်းမှုကို ဆန္ဒပြကန့်ကွက်လျှင်ပင် စစ်ကောင်စီက ပစ်ခတ်နေသဖြင့် နေရာအနှံ့တွင် လက်နက်ကိုင်ခုခံမှု ဖြစ်ပွားနေသည်။ သို့သော်  ၂၀၂၃ တွင် ရွေးကောက်ပွဲလုပ်ပေးမည်ဟု စစ်ကောင်စီက လေသံပစ်ထားပြီး NLD အပြတ်အသတ်အနိုင်ရလေ့ရှိသည့် နိုင်သူအကုန်ယူရွေးကောက်ပွဲစနစ်အစား အချိုးကျကိုယ်စားပြုစနစ်ကို အစားထိုးရန် အားထုတ်နေသည်။

စစ်တပ်သည် ရှေးမဆွကပင် နိုင်ငံရေးတွင် သံဃာ့အဖွဲ့အစည်းနှင့် ဘာသာရေးအသင်းအဖွဲ့များ၏ နောက်ကွယ်မှနေ၍ စွက်ဖက်ရန်၊ ဝါဒဖြန့်ရန် ကြိုးပမ်းသည့် လုပ်ရပ်များရှိခဲ့ဖူးသည်။

NLD အစိုးရလက်ထက်တွင် ဖျက်သိမ်းခံခဲ့ရသည့် အမျိုး ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)၊ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ရာသက်ပန်နာယကခန့်ထားသည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်(YMBA) တို့မှာ ထင်ရှားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button