ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကို ၂ဝ၁၅ အောက်တိုဘာ ၈ ရက်နေ့တွင် ဖွဲ့စည်းပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှု နည်းပါးလာသည်ဟု JMC အမှုဆောင် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောသည်။
“JMC ပေါ်လာပြီးနောက် တိုက်ပွဲက ၁၂ ဆလောက် လျော့သွားတယ်” ဟု ငြိမ်းချမ်းရေးအကြံပေးအဖွဲ့ဝင်လည်းဖြစ်သည့် ဒေါက်တာမင်းဇော်ဦးက ပြောသည်။
KNU အလုပ်အမှုဆောင်ကော်မတီဝင် ဖထီးဝင်းခိုင်ကလည်း ယင်းနောက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့များကြား ထိပ်တိုက်တွေ့ဆုံမှုများ လျော့ကျသွားကြောင်း ပြောသည်။
“အပစ်အခတ်ရပ်စဲပြီးမှ တိုက်ပွဲတွေ နည်းလာတာတော့ ဟုတ်တယ်။ ဒါပေမယ့် မရပ်စဲသေးတဲ့ ကရင်နီ (ကယား)နဲ့ မွန်မှာလည်း ဘာပြဿနာမှ မဖြစ်ဘူးလေ။ JMC က ပေါ်လာတာလည်း မကြာသေးဘူး။ သူပေါ်လာတဲ့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ပိုအားရှိလာတာ မှန်ပေမဲ့ သူ့တစ်ယောက်တည်း လုပ်လို့တော့ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
၂ဝ၁၅ ခုနှစ်အတွင်း မြန်မာ့တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တို့၏ တိုက်ပွဲများကိုကြည့်လျှင် ဒီမိုကရေစီကရင့်အကျိုးပြု တပ်မတော်(DKBA) နှင့် ၁၂ ကြိမ်၊ ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် ၅ ကြိမ်၊ ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) နှင့် ၁၃ ကြိမ်၊ SSPP/SSA နှင့် ၃၄ ကြိမ်ဖြစ်ပွားခဲ့သည်ကို မြန်မာသတင်းနိုင်ငံတကာ (BNI) အဖွဲ့၏ ၂ဝ၁၆ ခုနှစ် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်းလမ်းညွှန်တွင် တွေ့ရသည်။
၂ဝ၁၆ ခုနှစ်အတွင်း မြန်မာတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုနှုန်း လျော့ကျခဲ့သော်လည်း DKBA နှင့် ၂ ကြိမ်၊ RCSS/SSA နှင့် ၆ ကြိမ်၊ SSPP/SSA နှင့် ၉ ကြိမ်၊ ABSDF နှင့် ၁ ကြိမ်သာ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် JMC ပြည်နယ်အဆင့်များ ဖွဲ့စည်းပြီးနောက် တိုက်ပွဲအရေအတွက် လျော့ကျသွားသည်ကို တွေ့ရခြင်းဖြစ်သည်။
JMC ကော်မတီမှာ အပစ်ရပ်စာချုပ်အရ ပေါ်ပေါက်လာခြင်းဖြစ်ပြီး အဆိုပါ ကော်မတီမှ ဆင့်ပွား၍ ပြည်နယ်အဆင့် JMC-S ကို လည်းကောင်း၊ ဒေသအဆင့် JMC-L ကိုလည်းကောင်း ဆက်လက်ဖွဲ့စည်းရန် တာဝန်ရှိသည်။ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလက ရှမ်းပြည်နယ်တွင် JMC-S ကို စတင်ဖွဲ့စည်းခဲ့ပြီးနောက် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ဖွဲ့စည်းခဲ့သည်။ ဒေသအဆင့် JMC-L ကိုမူ ဖွဲ့စည်းနိုင်ခြင်းမရှိသေးပေ။
ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲမှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) သည် လုပ်ငန်းလမ်းညွှန်ချက် ၄ဝ ကျော် ဆောင်ရွက်ရမည့်အနက် ၁၂ ခုကို အတည်ပြုဆောင်ရွက်ခဲ့ပြီး၊ ထိုလုပ်ငန်းလမ်းညွှန်မှုများမှတစ်ဆင့် အောက်ခြေအဆင့်ဆင့် ညှိနှိုင်းဆောင်ရွက်မှုများ၏ အကျိုးရလဒ်ကြောင့်NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှု ၁၂ ဆ လျော့ကျသွားရခြင်းဖြစ်ကြောင်း ဒေါက်တာမင်းဇော်ဦးက ထပ်လောင်းပြောကြားသည်။
တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်အရ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းများကို နှစ်ဖက်စလုံးက တင်းကျပ်စွာ စောင့်ကြည့်ရန်၊ အငြင်းပွားမှုများကို (အင်အားအသုံးပြုခြင်းမရှိဘဲ) ပူးတွဲဖြေရှင်း နိုင်ရန်နှင့် နှစ်ဖက်စလုံးက သဘောတူထားသည့်အတိုင်း တပ်များနေရာ ပြန်လည်ချထားရေးကို စောင့်ကြည့်ရန် JMC –U ကို ၂ဝ၁၅ခုနှစ် အောက်တိုဘာတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်နေသည့် အပေါ် ဒေါက်တာမင်းဇော်ဦးက “အပစ်ရပ်သဘောတူချက် ကျိုးပေါက်တာကလည်း အောက်ခြေ အဆင့်က ကျိုးပေါက်တာ ဖြစ်တယ်။ ထိန်းနိုင်တာလည်း အောက်ခြေအဆင့်ကပဲဖြစ်တယ်။ အများစုဟာ နိုင်ငံရေးကြောင့် ကျိုးပေါက်တာထက် အောက်ခြေမှာအသေးအဖွဲက စကျိုးပေါက်တာဖြစ်တယ်။ ဒါ့ကြောင့် အောက်ခြေ ပြည်နယ်အဆင့်၊ ဒေသဆိုင်ရာအစည်းအဝေးတွေနဲ့ ဖြေရှင်းနိုင်အောင် ကြိုးစားနေပါတယ်”ဟု ပြောသည်။
မြိတ်၊ ထားဝယ်ခရိုင် KNU အလုပ်အမှုဆောင်ကော်မတီ ဖထီးဝင်းခိုင်က တနင်္သာရီတိုင်းဒေသကြီးအတွင်း အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုမရှိသလောက် နည်းသွားသော်လည်း၊ ကရင်ပြည်နယ်တွင် လက်နက်ကိုင် အဖွဲ့ အစည်း မျိုးစုံ ရှိနေသောကြောင့် တိုက်ပွဲများလည်းရှိနေသည်ဟု ဆိုသည်။
နှစ်ဖက်တပ်များ၏ အောက်ခြေအဆင့် မပြေလည်မှုများကိုမူ တိုင်းရင်းသားလက်နက်ကိုင်များ၏ ဆက်ဆံရေးရုံးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ခရိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးများမှတဆင့် JMC-S ကော်မတီများထံသို့ တင်ပြနိုင်ပြီး၊ ချိုးဖောက်မှုများတွင် အသေးစားချိုးဖောက်မှု၊ စိုးရိမ်ရသော ချိုးဖောက်မှုနှင့် ပြင်းထန်သော ချိုးဖောက်မှုများအဖြစ် ကဏ္ဍသုံးမျိုးခွဲကာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။
သို့သော် တပ်မတော်သည် NCA စာချုပ်တွင် လက်မှတ်ထိုးထားသည့် အဖွဲ့များနှင့်ပင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုများ ရှိနေပြီး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နှင့်၂ဝ၁၆ သြဂုတ်နှင့် စက်တင်ဘာလတို့တွင်လည်း ကောင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ၂ဝ၁၆ ဇူလိုင်၊ ၂ဝ၁၇ ဇန်နဝါရီလတို့တွင်လည်းကောင်း၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့နှင့် ၂ဝ၁၆ နှစ်ကုန်ပိုင်းတွင် လည်းကောင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်။
JMC အနေဖြင့် တိုက်ပွဲများ မဖြစ်ပေါ်အောင် တားဆီးနိုင်မှု မရှိကြောင်း ဝေဖန်ခံနေရသည်။
တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံနှင့် ထိတွေ့မှုတိုက်ပွဲပေါင်း ၂ဝ၁၅ တွင် ၄၆ဝ ကျော်၊ ၂ဝ၁၆ တွင် ထိတွေ့တိုက်ပွဲပေါင်း ၅၈ဝ ကျော် ဖြစ်ပွားခဲ့ကြောင်းကိုလည်း BNI ၏ ထုတ်ပြန်ချက်များ အရ သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခုနှင့် တစ်ခုအကြား ထိတွေ့တိုက်ပွဲများ ရှိခဲ့ပြီး ၂ဝ၁၅ တွင် တိုက်ပွဲပေါင်း ၃ဝ ကျော်၊ ၂ဝ၁၆ တွင် ၁၆ဝ ကျော် ဖြစ်ပွားခဲ့သည်။
နှစ်ပေါင်းကြာရှည်ခဲ့သော ပြည်တွင်းစစ်ကြောင့် ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်ရှိဒုက္ခသည်စခန်းများတွင် သွားရောက်ခိုလှုံနေသူ တစ်သိန်းကျော် ရှိနေကြောင်း၊ မွန်ပြည်နယ်တွင် IDP ခေါ် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ အရေအတွက် သုံးသောင်းခွဲခန့် ရှိကြောင်း မြန်မာ့လူ့အခွင့်အရေး အဖွဲ့များ ၂ဝ၁၆ သြဂုတ်လတွင် ထုတ်ဝေသော“လူမသိသူမသိဘဝများ – မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုသံသရာ” အစီရင်ခံစာတွင် ဖော်ပြထားသည်။
(သတင်းရေးသားသူ ခင်စန္ဒာမြင့်သည် ရန်ကုန် အခြေစိုက် သတင်းထောက် တစ်ဦး ဖြစ်သည်။)