သတင်း

မူးယစ်ဥပဒေကြမ်းကို လေ့လာသူတို့ ကြိုဆို

ရန်ကုန် – မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းတွင် အားသာချက်များ ပါဝင်သည့်အတွက် ကျေနပ်ဖွယ်ဖြစ်ကြောင်း မူးယစ်ဥပဒေစောင့်ကြည့်လေ့လာသူတို့က သုံးသပ်နေကြသည်။

မတ်လ ၁၉ ရက်နေ့က နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြလိုက်သော ဥပဒေကြမ်းကို ဖတ်ရှုပြီး ယင်းသို့ သုံးသပ်ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး (ဗဟို)မှ စီမံကိန်း ညှိနှိုင်းရေးမှူး ဒေါက်တာဦးမောင်မောင်လွင်က ၁၉၉၃ ခုနှစ် မူးယစ်ဥပဒေတွင် မူးယစ်ဆေးဝါးသုံးစွဲသူကို ထောင်ဒဏ်ချမှတ်ရန် ပြဋ္ဌာန်းထားသော်လည်း ယခုပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထိုအချက် ပါဝင်မှု မရှိခြင်းမှာ အရေးကြီးသည့် အားသာချက်တစ်ခု ဖြစ်သည်ဟု ဆိုသည်။

“စိတ်တိုင်းကျ ကုသဖို့၊ အဲဒီလိုမှ ပျက်ကွက်ခဲ့ရင် ပြန်လည်ထူထောင်ရေးဌာနတွေမှာ အချိန်ကာလသတ်မှတ်ချက်လေးနဲ့ ပြန်လည်ပြုစုပျိုးထောင်ဖို့၊ အဲဒီကမှ ထပ်ပြီးတော့ ဖောက်ဖျက်ရင် ပြည်သူလူထု အကျိုးပြု လုပ်ငန်းတွေကို နာရီဘယ်လောက်လုပ်ရမယ် ဆိုပြီးတော့ ပြောင်းလဲထားတာ တွေ့ရပါတယ်။ ဒါ ကောင်းတဲ့ လက္ခဏာလေးတွေပေါ့” ဟု ဒေါက်တာဦးမောင်မောင်လွင်က ပြောသည်။

၂၀၁၁ ခုနှစ်က အစပြုခဲ့သော ဥပဒေပြင်ဆင်ရေးလုပ်ငန်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာခဲ့ရသည်ဟု သူက ရှင်းပြသည်။

မူးယစ်ဆေးဝါးမူဝါဒပြောင်းလဲရေး ထောက်ခံဆွေးနွေးရေးအဖွဲ့ (မြန်မာ) မှ ညှိနှိုင်းရေးမှူး ဒေါ်နန်းပန်းအိခမ်းကလည်း မူးယစ်ဥပဒေပါ ပြစ်ဒဏ်ပေးခြင်းကို တစိုက်မတ်မတ် ကန့်ကွက်ခဲ့သူတစ်ဦး ဖြစ်သည်။

“သုံးစွဲသူတွေကိုတော့ မဖမ်းတော့ဘူးပေါ့။ ခြုံငုံပြီးသုံးသပ်မယ်ဆိုရင်တော့ ပြစ်ဒဏ်မပေးတော့ဘူး ဆိုတော့ ကောင်းတဲ့ အလားအလာတော့ရှိပါတယ်” ဟု ဒေါ်နန်းပန်းအိခမ်းက ပြောသည်။

သို့သော်လည်း ဆေးဝါးကုသမှုနှင့် ပတ်သက်လျှင် မိမိသဘောဆန္ဒအလျောက် ကုသမှုခံယူခြင်း၊ ကုသမှုခံယူရန် အတင်းအကျပ်ခိုင်းစေခြင်း ဟူ၍ နှစ်မျိုးရှိရာ ဥပဒေကြမ်းပါ ရေးသားချက်မှာ ရှင်းလင်းမှုမရှိသေးဟု ဆိုသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးသုံးစွဲသူများကွန်ရက်မှ ဦးကျော်သူကလည်း အလားတူ သုံးသပ်သည်။

“ပထမ ကျွန်တော်တို့ နေပြည်တော်မှာ ဆွေးနွေးတုန်းကဆိုရင် ရှင်းတယ်ဗျာ။ ဘယ်လို၊ ဘယ်လို အက်ရှင်ယူမယ် (အရေးယူရမယ်)၊ ဘယ်လိုဘယ်လိုတွေဖြစ်မယ် ဆိုတာ အဓိပ္ပာယ်ဖွင့်ထားတာ ရှိတယ်။ ခု သူ့ဟာက သေသေချာချာ မပြဘဲနဲ့ သူ့စာသားတွေက ရောနေတယ်” ဟု ဦးကျော်သူက ရှင်းပြသည်။

ပထမအကြိမ်ဖမ်းမိသည့် မူးယစ်ဆေးဝါးသုံးစွဲသူကို ၁၀ ရက်အတွင်း ဆေးဝါး ကုသမှုခံယူစေရန်၊ ဒုတိယအကြိမ် ဖမ်းမိပါက တရားရုံးတွင် ခံဝန်ချက်ယူကာ ဆေးရုံတက် ကုသမှုခံယူရန်၊ တတိယအကြိမ်ဖမ်းဆီးခံရပါက ပြစ်ဒဏ်ကျခံရန် ဟု ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲရန် ယခင်က ဆွေးနွေးခဲ့ကြကြောင်း၊ သို့သော်လည်း ထွက်ပေါ်လာသည့် ဥပဒေကြမ်းတွင် ပြစ်ဒဏ်ချမှတ်မည့် အချက် ပယ်ဖျက်ထားသည့်အတွက် ပိုမို ကောင်းမွန်လာသည်ဟု ယူဆကြောင်း ဦးကျော်သူက ပြောသည်။

“ဒီဥပဒေကြီးသာ အတည်ဖြစ်သွားမယ်ဆိုရင် ကျွန်တော်တို့အတွက် အများကြီး အလေးသာပါတယ်” ဟု ဦးကျော်သူက သုံးသပ်သည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့၊ နိုင်ငံတကာရေးရာဋ္ဌာနမှ ရဲမှူးကြီးမြင့်အောင်က ယခုဥပဒေကြမ်းကို ပြည်သူများနှင့် စောင့်ကြည့်လေ့လာသူများ လေ့လာနိုင်ရေးအတွက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“အဆင့်ဆင့် ဆောင်ရွက်ပြီးတော့ ပြည်ထောင်စု အစိုးရအဖွဲ့ကနေပြီး လွှတ်တော်ကိုပို့၊ လွှတ်တော်က အတည်ပြုလိုက်လို့ ပြည်သူကိုချပြတာ့။ ပြည်သူ့လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးမယ့် အခန်းကဏ္ဍ ဖြစ်သွားတာပေါ့။ ပြည်သူ့လွှတ်တော် ပြန်စရင်တော့ ဆွေးနွေးမယ့် အရာတွေ ပါလာမယ့်လို့ ယူဆပါတယ်” ဟု သူက Myanmar Now ကို ပြောသည်။

Show More

Related Articles

Back to top button