မှော်ဘီ၊ ရန်ကုန် – မကြာသေးခင်က ရခိုင်ပြည်နယ်ဒုက္ခသည်စခန်းများမှ ရန်ကုန်သို့ ပြောင်းရွှေ့လာသော ကမန်တိုင်းရင်းသားတို့က နေရာသစ်တွင် နေရာထိုင်ခင်း၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သက်ပြီး အခက်အခဲ တွေ့နေကြသည်။
ပြောင်းရွှေ့လာသူတို့သည် နေအိမ် အများအပြား ဖျက်ဆီး၊ မီးရှို့ခြင်းခံခဲ့ရသည့် ၂ဝ၁၂ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခကာလမှစ၍ ဒုက္ခသည်စခန်းများတွင် နေထိုင်ခဲ့ရသူများ ဖြစ်သည်။
အာဏာပိုင်တို့သည် မိသားစုတစ်စုလျှင် ငွေ ၅ သိန်း၊ လူတစ်ဦးလျှင် ၁ သိန်းနှင့် လေယာဉ်လက်မှတ် စီစဉ်ပေးသည်ဟု ရန်ကုန်တွင် ရောက်ရှိနေသည့် အငြိမ်းစား သားဖွားဆရာမ ဒေါ်အေးမြတ်နုက ပြောသည်။
“ရမ်းဗြဲမှာ မီးရှို့ခံခဲ့ရတဲ့ အိမ်နဲ့ခြံက တစ်ဧကလောက် ကျယ်ပါတယ်။ ဒီမှာကတော့ နေထိုင်ရတာ ခက်ခဲပါတယ်” ဟု ရမ်းဗြဲမြို့ တန်းရွာဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့သူ ၆၉ နှစ် အရွယ်ရှိ ဒေါ်အေးမြတ်နုက ပြောသည်။
ကျောက်ဖြူ၊ ပေါက်တော၊ ရမ်းဗြဲမြို့နယ်များရှိ ဒုက္ခသည်စခန်း ၃ ခုကို ပိတ်သိမ်းပြီးဖြစ်ကြောင်း၊ စခန်းမှ အိမ်ထောင်စု ၅၅ စုကို ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ခွင့်ပြုခဲ့ကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ဇူလိုင် ၁ တွင် သတင်းထုတ်ပြန်သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပြောင်းရွှေ့လာသူ အများစုမှာ မှော်ဘီမြို့နယ်၊ ဘွတ်ကြီးကျေးရွာရှိ ကမန်တိုင်းရင်းသားလူမှုကွန်ရက်ပိုင် ၄ ဧက ခွဲ ကျယ်သည့် မြေပေါ်တွင် ခိုလှုံလျက်ရှိကြောင်း တွေ့ရသည်။
နေအိမ်ပျက်စီးဆုံးရံႈးခဲ့ရသူတို့ ပြန်လည်ထူထောင်ရေး အတွက် မြေနေရာ၊ အသက်မွေးဝမ်းကျောင်းးလုပ်ငန်း လုပ်ကိုင်ရန် အထောက်အပံ့များကို အစိုးရက ဖော်ဆောင်ပေးသင့်သည်ဟု ကမန်တိုင်းရင်းသားလူမှုကွန်ရက်မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းနိုင်က ပြောသည်။
“ကျွန်တော်တို့က နိုင်ငံခြားသားလည်း မဟုတ်ပါဘူ။ နိုင်ငံသား တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အစိုးရမှာ တာဝန်ရှိပါတယ်” ဟု သူက ပြောသည်။
ကမန်တိုင်းရင်းသားလူမှုကွန်ရက်က သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ကို ရန်ကုန်ရောက် ကမန်တိုင်းရင်းသားမိသားစုများအတွက် မြေနေရာ၊ အလုပ်အကိုင် ဖန်တီးပေးရန် စာရေး မေတ္တာရပ်ခံထားသည်။
မှော်ဘီ ဘွတ်ကြီးကျေးရွာအတွင်း ကမန်တိုင်းရင်းသားလူမှုကွန်ရက်က တည်ဆောက်ပေးထားသည့် တန်းလျားတစ်ခုအတွင်း နေထိုင်ကြသူများထဲတွင် ၆၅နှစ်အရွယ်ရှိ ဒေါ်ခင်ခင်နုလည်း ပါဝင်သည်။
ကြက်မွေးမြူရေးခြံတွင် ကြက်စာကျွေးခြင်းအလုပ်ကို လုပ်ကိုင်ရာမှ နေ့စဉ် ဝင်ငွေ ၃,ဝဝဝ ခန့် ရသည်ဟု ဒေါ်ခင်ခင်နုက ပြောသည်။
“ရမ်းဗြဲမှာတုန်းက စက်ချုပ်တဲ့အလုပ်ကို လုပ်ပါတယ်။ အခုအသက်အရွယ်ကြီးတော့မှ ဒုက္ခတွေ့နေရပါတယ်” ဟု ရမ်းဗြဲ၊ အမှတ်(၁) ရပ်ကွက်တွင် နေထိုင်ခဲ့သူ ဒေါ်ခင်ခင်နုက ပြောသည်။
ဒုက္ခသည်စခန်းများအတွင်း ကမန်တိုင်းရင်းသား အရေအတွက်မှာ ရမ်းဗြဲမြို့ တန်းရွာစခန်းတွင် ၆ဝဝ ခန့်၊ ကျောက်ဖြူမြို့ ကျောက်တစ်လုံးစခန်းတွင် ၁,၁၁၅ ဦး ရှိခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးအရာရှိ မစ္စ ရန်ဟီလီက ရန်ကုန်မြို့ရောက် ကမန်တိုင်းရင်းသားတို့ကို ဇူလိုင် ၁ဝ ရက်နေ့က တွေ့ဆုံခဲ့သည်။
ကမန်တို့သည် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ခေါ် ရိုဟင်ဂျာမွတ်စလင်တို့နှင့် ကိုးကွယ်သည့်ဘာသာ တူညီသော်လည်း ကွဲပြားသည့်အခြေအနေရှိသူများ ဖြစ်သည်။
အစိုးရအသိအမှတ်ပြု တိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်သော ကမန်တိုင်းရင်းသားတို့သည် ရှေးနှစ်ပေါင်းများစွာကပင် အစ္စလာမ်ဘာသာကို ပြောင်းလဲ ကိုးကွယ်ခဲ့ကြသော်လည်း ရခိုင်တို့၏ လူမှုရေးထုံးတမ်း အစဉ်အလာများကို ဆက်လက် ကျင့်သုံးနေကြသူများ ဖြစ်သည်။ အများစုမှာ သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ၊ ရမ်းဗြဲ စသည့် ကမ်းရိုးတန်းမြို့များတွင် နေထိုင်ကြသည်။
ကမန်တိုင်းရင်းသားတိုးတက်ရေးပါတီသည် ၂ဝ၁၄ သန်းခေါင်စာရင်း ကောက်ယူချိန်တွင် ဘင်္ဂါလီတို့ကို ရိုဟင်ဂျာလူမျိုးများဟု ထည့်သွင်း ကောက်ယူခြင်းမပြုရန် ကြေညာချက် တစ်စောင် ထုတ်ပြန်သည့် နည်းဖြင့် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို မနှစ်မြို့သည့် ရခိုင်တိုင်းရင်းသားများနှင့် တစ်သားတည်းရှိကြောင်း ပြသခဲ့သည်။ ။