သတင်း

ရန်ကုန်ရောက် ကမန် ၂ဝ နေရပ်ရင်းပြန်ရန် ဆန္ဒမရှိ

မင်္ဂလာဒုံ – မကြာသေးမီက ရန်ကုန်မြို့သို့ရောက်လာသော ရခိုင်ပြည်နယ်မှ ကမန်တိုင်းရင်းသားတချို့သည် နေရပ်ရင်းပြန်ရန် ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသော်လည်း  နေရာသစ်တွင်သာ ဆက်လက်နေထိုင်ကြမည်ဟု တနင်္လာနေ့တွင် ပြောလိုက်သည်။

ဒုက္ခသည်စခန်းမှ အသိမပေးဘဲ ထွက်ခွာလာသော ၎င်းတို့ကို နေရပ်ပြန်ရန် အာဏာပိုင်တို့က ကမန်နိုင်ငံရေးပါတီတစ်ခုမှတစ်ဆင့် ပြောကြားခဲ့သည်ဟု မင်္ဂလာဒုံမြို့နယ်၊ စိန်ရွှေကုန်းရပ်ကွက်တွင် နေထိုင်နေသူ မတင်ဇာနှင်းကပြောသည်။

“ကျွန်မတို့ကတော့ ဖမ်းချင်ဖမ်းပလေ့စေ။ မပြန်ဘူး။ ကျွန်မတို့က နိုင်ငံသားလက်မှတ်လဲ ရှိပြီးသား။ ဖမ်းချင်တိုင်း ဖမ်းလို့တော့မရဘူးလို့ ယူဆတယ်”ဟု အသက် ၂၂ နှစ်အရွယ် မတင်ဇာနှင်းက Myanmar Now ကို ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တည်းခိုရာနေအိမ်သို့ အာဏာပိုင်တို့ရောက်လာပြီး ဧည့်စာရင်း စစ်ခဲ့သေးသည်ဟု သူက ဆက်ပြောသည်။ ရန်ကုန်သို့ ရောက်လာသူများထဲတွင် အစ္စလာမ်ဘာသာဝင်၂ဝ၊ ရခိုင်ဗုဒ္ဓဘာသာဝင် ၂ ဦး ပါဝင်ကြောင်း ကမန်လူမှုကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းငွေက ရှင်းပြသည်။

ဆေးကုသရန်၊ အလုပ်လုပ်ကိုင်ရန်၊ ရန်ကုန်ရောက် မိသားစုများနှင့် ပြန်လည်ပေါင်းစည်းရန် စသည့် ရည်ရွယ်ချက် အသီးသီး ရှိကြသော ၎င်းတို့ထဲတွင် တက္ကသိုလ်တက်ရမည့်သူတချို့လည်း ပါဝင်ကြောင်း သူက ဆက်ပြောသည်။

“အားလုံးက မှတ်ပုံတင်ရှိပြီးသား။ အကြောင်းမရှိ အကြောင်းရှာဖမ်းရင်ဥပဒေကြောင်းအရ ကျွန်တော်တို့ရင်ဆိုင်မယ်” ဟု ဦးထွန်းငွေက ပြောသည်။

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်တွင်လည်း ကမန်တိုင်းရင်းသား ၂ ဦးရောက်ရှိနေကြောင်း ကမန်ပါတီတစ်ခုက ဆက်သွယ် ပြောကြားလာသဖြင့် သိရသည်ဟု မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှအရာရှိတစ်ဦးဖြစ်သော ဦးမြင့်အောင်ကို ကိုးကားပြီး ဧရာဝတီ သတင်းဌာန၏သတင်းတစ်ပုဒ်တွင် စနေနေ့က ဖော်ပြထားသည်။

“သူတို့ နေရပ် ပြန်တာရော၊ ဘာရော အကုန်လုံးကို ပါတီက တာဝန်ယူပါမယ်လို့ ကျနော်တို့ကို ပြောထားပါတယ်။ ဘယ်တော့ ပြန်မယ်ဆိုတာကိုတော့ ကျနော်တို့လည်း မသိပါဘူး”ဟု ဦးမြင့်အောင်က ဧရာဝတီကို ပြောသည်။
 
ကမန်ဆိုတာ ဘယ်သူတွေလဲ

ကမန်တို့သည် ရခိုင်ပြည်နယ်ရှိ  ဘင်္ဂါလီ ခေါ် ရိုဟင်ဂျာမွတ်စလင်တို့နှင့် ကိုးကွယ်သည့် ဘာသာ တူညီသည်ကလွဲ၍ ကွဲပြားသည့်အခြေအနေရှိသူများ ဖြစ်သည်။

သူတို့သည် ဗုဒ္ဓဘာသာအများစု နေထိုင်သည့် မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုးစုများတွင် ပါဝင်သည်။

လွန်ခဲ့သော ခြောက်ရာစုနှစ်ကျော်က ကမန်တိုင်းရင်းသားတို့သည် အစ္စလာမ်ဘာသာသို့ ပြောင်းလဲကိုးကွယ်ခဲ့ကြသော်လည်း ရခိုင်တို့၏ လူမှုရေးထုံးတမ်းအစဉ်အလာများကို ဆက်လက် ကျင့်သုံးနေကြသည်။ ၎င်းတို့အများစုမှာ ပြည်နယ်တွင်း ကမ်းရိုးတန်းမြို့များဖြစ်သော သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ၊ ရမ်းဗြဲတို့တွင် နေထိုင်ကြသည်။

၂ဝ၁၂ ရခိုင်ပြည်နယ်တွင် ဘာသာရေးလူမျိုးရေးအခြေခံသော ပဋိပက္ခများ ဖြစ်ပြီးနောက်ပိုင်း အစ္စလာမ်ဘာသာကိုးကွယ်မှုကို အကြောင်းခံ၍ အာဏာပိုင်တို့၏ ခွဲခြားဆက်ဆံမှုများကို ခံနေရပြီး ၎င်းတို့၏နိုင်ငံသားအခွင့်အရေးများပါ ချိုးဖောက်ခံနေရသည်။

ကမန်တိုင်းရင်းသားခေါင်းဆောင်တို့က ၎င်းတို့နှင့် ဘာသာတူသည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ခေါ် ရိုဟင်ဂျာတို့နှင့် မဟာမိတ်ပြုမည့်အစား သူတို့သည် ရိုဟင်ဂျာမဟုတ်ကြောင်း ကွဲပြား ထင်ရှားအောင် ကြိုးစားနေကြသည်။၂ဝ၁၅  ရွေးကောက်ပွဲတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်က အပြတ်အသတ်အနိုင်ရရှိခဲ့မှုသည် ၎င်းတို့၏ ကံကြမ္မာကို အကောင်းဘက်သို့ ပြန်လည်ရောက်ရှိစေမည်ဟု မျှော်လင့်နေကြသည်။
 
ရခိုင်ဒေသမှ ရန်ကုန်သို့

မကြာသေးမီက ရခိုင်ဒေသမှ ထွက်ခွာခဲ့သူ ၂ဝ ခန့်သည် ဒုက္ခသည်စခန်းတွင် ဘဝတိုးတက်လမ်း မရှိသည့်အတွက် ရန်ကုန်သို့ ရောက်လာခြင်း ဖြစ်သည်ဟု ကမန်လူမှုကွန်ရက်အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းငွေက သုံးသပ်သည်။ ရမ်းဗြဲမှ ရန်ကုန်သို့ မတူညီသည့် လမ်းကြောင်းမှ ရောက်လာခြင်း ဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်လျက်ရှိသော မဖြူဖြူမွန်က ပြောပြသည်။ “သံတွဲလေဆိပ်မှာရော၊ ရန်ကုန်လေဆိပ်မှာရော ဘာမှ အစစ်အဆေးလည်းမရှိခဲ့ဘူး။

မှတ်ပုံတင် တရားဝင်ရထားတဲ့သူဆိုတော့ ဘယ်သူကမှလည်း အနှောင့်အယှက်မပေးခဲ့ဘူး” ဟု မဖြူဖြူမွန်က ရှင်းပြသည်။

သို့သော်လည်း ကိုပြည့်ဖြိုးအောင်ဟု အမည်ရသော လူငယ်တစ်ဦးကမူ ရခိုင်ပြည်နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် သူ၏ နိုင်ငံသားစိစစ်ရေးကတ်ကို မိနစ် ၂ဝ ကြာ
စစ်ဆေးခံခဲ့ရသည်ဟု ပြောသည်။ ယခုအခါ ၂၄ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်သည် မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်လျက်ရှိပြီး နေရာသစ်သည်  ၎င်းတို့အတွက် ပညာရေး၊ လူမှုရေး၊ စီးပွားရေး တိုးတက်စရာလမ်းကြောင်း ဖော်ဆောင်ပေးနိုင်သည့် ဒေသ ဖြစ်မည်ဟု မျှော်လင့်လျက်ရှိသည်။

သူ့နည်းတူ မင်္ဂလာဒုံသို့ ရောက်နေသော  ၃၉နှစ်အရွယ် မစိပ်က ၂ဝ၁၂ ခုနှစ် ရခိုင်ဒေသပဋိပက္ခများ ဖြစ်ပွားချိန်မှစ၍ ဒုက္ခသည်စခန်းတစ်ခုတွင် နေထိုင်ခဲ့ရသည်ဟု Myanmar Now ကို ပြောသည်။

Show More

Related Articles

Back to top button