သတင်း

မွတ်စလင်များကို စည်းရုံးစဉ် စစ်ကောင်စီဟန့်တားခဲ့ဟု AA ပြော

လွန်ခဲ့သောနှစ်များအတွင်း ပဋိပက္ခများဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်အတွင်း ဒေသခံများအကြား သဟဇာတဖြစ်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် မွတ်စလင်များကို စည်းရုံးခြင်းမပြုရန် စစ်ကောင်စီက လိုက်လံဟန့်တားနေသည်ဟု ရက္ခိုင့်တပ်မတော် (AA) က ထုတ်ဖော်ပြောဆိုသည်။​

ပြည်နယ်မြောက်ပိုင်းရှိ မွတ်စလင်ရွာတွင် ဆေးကုပေးခြင်းနှင့် ရပ်မိရပ်ဖများနှင့် တွေ့ဆုံခြင်းတို့ ဟန့်တားခံရခြင်း ဖြစ်သည်ဟု AA ပြောခွင့်ရ ခိုင်သုခက ယမန်နေ့ (ဧပြီ ၅) သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

“မွတ်စလင်အသိုင်းအဝိုင်းနဲ့ သဟဇာတဖြစ်ရေးကိစ္စတွေကို ကျွန်တော်တို့ လုပ်ဆောင်နေတာရှိပါတယ်။ မြန်မာစစ်တပ်ဘက်ကနေပြီးတော့ ဒီအကြောင်းကို လုံးဝမလုပ်နဲ့၊ မွတ်စလင်တွေကို လုံးဝမစည်းရုံးနဲ့၊ လုံးဝ တွေ့ဆုံမှု မလုပ်နဲ့ဆိုတာမျိုး ကန့်ကွက်မှုတွေ ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။ 

ပြည်နယ်အတွင်း နေထိုင်သူများအကြား သဟဇာတဖြစ်ရေးကို အာဏာသိမ်းစစ်ကောင်စီက မလိုလားသည်မှာ ရှင်းလင်းနေကြောင်းလည်း ခိုင်သုခက ဆိုသည်။

“သဟဇာတဖြစ်မှုကို ဆန့်ကျင်တဲ့အပြုအမူမျိုးကတော့ လုံးဝမလုပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ စစ်ကောင်စီဘက်က လုပ်ရပ်တွေဟာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုကို ပျက်ပြားစေပါတယ်” 

AA ၏ သတင်းစာရှင်းလင်းပွဲပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ထွက်ပေါ်မလာသေးပေ။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကြောင့် မင်းပြား၊ မြောက်ဦး အစရှိသည့် မြို့နယ်များရှိ မွတ်စလင်ကျေးရွာများတွင် ရာနှင့်ချီသော အိမ်များ မီးလောင်ပျက်စီးခဲ့သည်။

၂၀၁၂ မေနှင့် ဇွန်လအတွင်း ပဋိပက္ခဖြစ်ပွားရာတွင် သေဆုံးသူ ၅၀ ရှိသည်၊ လူနေအိမ် ၂,၂၃၀ မီးလောင်ခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၁၄ ခု ပျက်စီးခဲ့ကာ ဒေသခံ ၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ထိုစဉ်က အစိုးရက ထုတ်ပြန်ခဲ့သည်။​

အမှန်တကယ်ထိခိုက်ပျက်စီးသည့် အရေအတွက်မှာ ထို့ထက်များပြားနိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။​

၂၀၁၂ အောက်တိုဘာလတွင်လည်း မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရသေ့တောင်၊ သံတွဲ၊ ရမ်းဗြဲ၊ မြေပုံနှင့် ပေါက်တော စသည့် မြို့နယ်များတွင် ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့သည်။ 

၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးအခင်းကို အဆိုးရွားဆုံးဖြစ်ရပ်အဖြစ် ကမ္ဘာက ရှုမြင်ထားပြီး လူမျိုးသုဉ်းသတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICJ) တွင် တရားစွဲထားသည်။

စစ်တပ်၏ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများကြောင့် သိန်းနှင့်ချီသော ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ နောက်ပိုင်းတွင် စစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်အလောင်းဖျောက်မှုများလည်း ပေါ်ပေါက်ခဲ့သည်။​

ရိုဟင်ဂျာအရေးအခင်းတွင် စစ်တပ်အကြီးအကဲများက အောက်ခြေစစ်သားများကို ထင်ရာစိုင်းခွင့်ပေးခဲ့သည်ဟု ထိုစဉ်က နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများတွင် ထောက်ပို့အရာရှိအဖြစ် ပါဝင်ခဲ့သူ ဗိုလ်ကြီးနေမျိုးသက်က Myanmar Now ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပြောသည်။ 

“စစ်ကြောင်းတွေ ဝင်တယ်၊ ရွာတွေကို မီးရှို့ပြီးတော့ ထွက်သွားတယ်။ ရွာတွေ မီးလောင်ပြီး ကျန်ခဲ့တယ်။ ဒါတွေက ကျွန်တော့်ရှေ့မှာ ဖြစ်သွားတဲ့ဟာတွေ အကုန်လုံး” ဟု ၎င်းက ပြောသည်။

စစ်မှုထမ်းသက် ၁၃ နှစ်ရှိပြီး ရခိုင်ပြည်နယ်တွင် ၇ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ကြီးနေမျိုးသက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင် တာဝန်ကျနေရာမှ ယခုနှစ်ဆန်းပိုင်းတွင် စစ်တပ်ကို စွန့်ခွာကာ မိသားစုလိုက် ထွက်ပြေးလွတ်မြောက်လာသူဖြစ်သည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာများကို မြန်မာစစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း အမေရိကန်အစိုးရက လွန်ခဲ့သည့် မတ်လ ၂၁ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို ပစ်မှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများ ဆက်တိုက်ချမှတ်ခဲ့သည့် အမေရိကန်က ပထမဆုံးအကြိမ် ထိုသို့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ 

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ စစ်တပ်တစ်ခုလုံးအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခြင်း မရှိကြောင်း၊ စစ်သည်တစ်ဦးချင်းအနေဖြင့် ကျူးလွန်ခြင်းမျိုးသာ ရှိနိုင်ကြောင်း တုံ့ပြန်ပြောဆိုသည်။ 

“တပ်မတော်တစ်ရပ်လုံးအနေနဲ့ ဂျီနိုဆိုက်ကျူးလွန်ခဲ့တာ မရှိဘူး။ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တာ မရှိဘူး။ ရှိစရာလည်း အကြောင်းမရှိဘူး” ဟု စစ်ကောင်စီ၏ ဒုပြန်ကြားရေးဝန်ကြီးလည်းဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခင်လ ၂၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

ရခိုင်ပြည်နယ်တွင် နေထိုင်သူများအကြား သဟဇာတဖြစ်ရေးအတွက် ၎င်းတို့၏ ကြိုးပမ်းမှုကို ဆက်လက်တားဆီးနေပါက စစ်ကောင်စီအနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း AA ပြောခွင့်ရ ခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။​

“မြန်မာစစ်တပ်က ဒီလိုမျိုးဆက်ပြီးတော့ လုပ်လာဖို့ဆိုရင်တော့ တင်းမာမှုကတစ်ဆင့် ထိပ်တိုက်ရင်ဆိုင်မှုအထိ မရောက်လာဘူးလို့တော့ ပြောလို့မရဘူး။ ဒီကိစ္စတွေကို မြန်မာစစ်တပ်ဘက်က သတိထားပြီး လုပ်ဆောင်ဖို့ လိုတယ်ဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်”

ထို့ပြင် လူများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းကို ဆန့်ကျင်သည်ဟုလည်း AA ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ 

“ဘယ်သူမဆို ဖိနှိပ်မတရားသတ်ဖြတ်ခံရတယ်ဆိုတာကို ကျွန်တော်တို့က မူဝါဒအားဖြင့်တော့ လုံးဝဆန့်ကျင်ပါတယ်။ မတရားနှိပ်စက် ညှဉ်းပန်းသတ်ဖြတ်ခံရတဲ့ ကိစ္စတွေအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်းတာတွေကို ကျွန်တော်တို့အနေနဲ့ ထောက်ခံပါတယ်” ဟု သူက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button