ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ တိုင်းရင်းသား မြန်မာနိုင်ငံသား ကမန်လူမျိုးတို့ ရန်ကုန်သို့ ခရီးသွားလာရာတွင် ၎င်းတို့သားသမီးဖြစ်ကြောင်း အထောက်အထားမပါသည့် ကလေးငယ်များကို သံတွဲမြို့အထွက် စစ်ဆေးရေးဂိတ်များက ဖြတ်သန်းခွင့်မပေးဟု ကိုယ်တွေ့ကြုံခဲ့သည့် ကမန်များနှင့် ခရီးသည်တင် ယာဉ်မောင်းများက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် သံတွဲမြို့အထွက်ရှိ စစ်ဆေးရေးဂိတ်တွင် ကမန်လူမျိုး မိခင်ဖြစ်သူက နိုင်ငံသားကတ်ပြား ပါရှိသော်လည်း ၎င်း၏သုံးနှစ်အရွယ်ကလေး၏ မွေးစာရင်း ပါမလာသဖြင့် ဖြတ်သန်းခွင့် မပေးခဲ့ကြောင်း ထိုမိခင်ဖြစ်သူက ပြောသည်။
“မွေးစာရင်း မပါလို့တဲ့။ ပြန်လွှတ်တယ်။ ကျွန်မတို့က ဘယ်သိမလဲ။ ကျွန်မတို့ ခရီးသွားမယ်ဆို ဘာတွေလိုလဲ ဆိုတာ ဘယ်သူမှ မပြောပြဘူးလေ။ တော်သေးတာက သံတွဲမြို့အထွက်ဂိတ်ဆိုတော့ အိမ်နဲ့နီးလို့ပေါ့” ဟု သံတွဲမြို့ ကျောက်နီမော်ကျေးရွာနေ အသက် ၂၄ နှစ်အရွယ် မရီရီရွှေက ဆိုသည်။
၎င်းသည် ထိုနေ့က ခရီးသွားခွင့်မရခဲ့သဖြင့် ယခု ကျောက်နီမော်မှာပင် ပြန်နေရသည်ဟု ပြောသည်။
ထို့အပြင် မှတ်ပုံတင်တွင် အစ္စလာမ်ဘာသာဝင်ဆိုသည့်အချက်ပါသည်နှင့် စစ်ဆေးရေးဂိတ်များတွင် အချိန်ကြာမြင့်စွာ စစ်ဆေးခြင်း၊ မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ခြင်း၊ ကားသမားများကိုလည်း တာဝန်ခံကြောင်း လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်နေကြောင်း သံတွဲမှ ရန်ကုန်သို့ ကားစင်းလုံးငှားဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသည့် အမည်မဖော်လိုသူ ယာဉ်မောင်းတစ်ဦးက ပြောသည်။
သံတွဲ- ဂွ လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်လေးဂိတ်ရှိရာတွင် အစ္စလာမ်ဘာသာဝင်များဆိုလျှင် စိတ်အနှောင့်အယှက်အပေးဆုံးက သံတွဲမြို့အထွက်ဂိတ်ဖြစ်ကြောင်း၊ မိဘများ နိုင်ငံသားစိစစ်ရေးကတ် ပါလျှင်တောင် ရင်ခွင်ပိုက်ကလေး များကို ပေးမသွားခြင်းမျိုး ယခုနှစ် အတွင်း ၁၀ ကြိမ်မျှ တွေ့ကြုံဖူးသည်ဟု ၎င်းယာဉ်မောင်းက ဆက်ပြောသည်။
“ကလေးပဲဗျာ။ အဖေနဲ့အမေက မှတ်ပုံတင်ရှိနေတာပဲ။ ဒါကို ကလေးအတွက်ဆိုပြီး ရစ်ကြတာ။ ဘယ်သူက ကိုယ့်ကလေးကို ထားပြီး သွားမလဲ။ မိဘတွေ ကျန်ခဲ့ပြီး ပြန်လှည့်ရတာပေါ့။ ခရိုင်လူဝင်မှုကြီးကြပ်ရေးရဲ့ ထောက်ခံစာပါမှ ဆိုနေပေမယ့် တကယ်တမ်းသွားရင်လည်း လက်မှတ်ထိုးပေးတာမျိုးမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
ကမန်လူမျိုးများသည့် ရခိုင်ပြည်နယ်ဖွား တိုင်းရင်းသားများပင်ဖြစ်ပြီး မိဘများတွင် နိုင်ငံသားဖြစ်ကြောင်း အထောက်အထားပါလျှင် နိုင်ငံသားအခွင့်အရေးအရ လွတ်လပ်စွာ သွားလာခွင့် ရှိရမည်ဖြစ်ကြောင်း၊ ရင်ခွင်ပိုက် ကလေးများကို အကြောင်းပြု၍ ယခုလို လုပ်ကိုင်နေခြင်းက မလုပ်သင့်သော လုပ်ရပ်များဖြစ်ကြောင်း သံတွဲမြို့နယ် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က Myanmar Now ကို ပြောသည်။
ထိုသို့ တွေ့ကြုံရပါက လွှတ်တော်ကိုယ်စားလှယ်များထံ လာရောက် တိုင်ကြားသင့်ကြောင်း၊ သို့မှသာ ပြည်နယ်လွှတ်တော်အတွင်း အဆိုပါကိစ္စရပ်ကို တင်ပြဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“သူတို့မပြောနဲ့။ ကျွန်တော့်တူမက မွေးတဲ့ကလေးကိုတောင်မှ ထောက်ခံစာ မပါလို့ဆိုပြီး ကားသမားကို လက်မှတ်ထိုးခိုင်းတယ်။ ပြန်ခေါ်လာရမယ်ဘာညာနဲ့။ ဒါက မဖြစ်သင့်ဘူးလေ။ ဒီကလေးကို ရောင်းစားဖို့လည်း မဟုတ်ဘူး။ ရင်ခွင်ပိုက်ကလေးဆိုတာ သူစိမ်းလူတွေနဲ့ သွားမလား။ ဒါဟာ နိုင်ငံသားတို့ရဲ့ မူလအခွင့်အရေး အထူးကိစ္စရပ် ဖြစ်လာပြီ”ဟု ၎င်းက ဆိုသည်။
၎င်း၏တူမသည် ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း မိသားစုထဲတွင် ကမန်၊ အစ္စလာမ်ပါသည့်အတွက် သားသမီးနှင့်ပတ်သက်ပြီး စစ်ဆေးခံရခြင်းဖြစ်သည်ဟု ဦးဝင်းနိုင်က ပြောသည်။
ဒေသန္တရအမိန့်အရ လုပ်ရ
နိုင်ငံသားကတ်ပြားရှိသူများကို လွတ်လပ်စွာ သွားလာခွင့် ပေးပြီးသားဖြစ်သော်လည်း ကလေးများနှင့် ပတ်သက်လျှင်တော့ မိသားစုဝင် ဖြစ်ကြောင်း အိမ်ထောင်စုစာရင်း၊ မွေးစာရင်းနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအပိုင်းမှ မိသားစုဓာတ်ပုံများ ပါဝင်သည့် ထောက်ခံစာများ ပါရှိရမည်ဖြစ်ကြောင်း သံတွဲမြို့အထွက် စစ်ဆေးရေးဂိတ်ရှိ အမည်မဖော်လိုသူ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူက ပြောသည်။
ယခုလို လုပ်ကိုင်နေခြင်းကလည်း ဒေသန္တရအမိန့်အရ လုပ်ရခြင်းဖြစ်ပြီး တစ်ခါတစ်ရံတွင် ကိုယ့် မိသားစုဝင်မဟုတ်သည့် ကလေးငယ်များကို ခေါ်ဆောင်သွားနိုင်မည့် အခြေအနေကို စိုးရိမ်သည့်အတွက် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“အဓိကက သူတို့သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက သူတို့တွေသိအောင် မချပြတာပဲ။ ကျွန်တော်တို့က သူများကလေးတွေ (နိုင်ငံသားမဟုတ်သူတို့ရဲ့ ကလေးတွေ)ကို ဒီဘက်ကို ခေါ်သွင်းလာမှာ စိုးရိမ်လို့ လုပ်ရတာ။ မရှိနိုင်ဘူးလို့ မပြောနိုင်ဘူးလေ။ မှတ်ပုံတင်ရှိသူတွေဆို ဘာမှပြောစရာမလိုဘူး။ သုံးခေါက်ချိုး မှတ်ပုံတင်အဟောင်းတွေ ဆိုရင်တောင် သက်ဆိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးရဲ့ ထောက်ခံစာပါရင် ပေးသွားနေပါတယ်” ဟု ၎င်းက ဆိုသည်။