မန္တလေးမြို့ရှိ အထင်ကရ ဗလီတစ်လုံးဖြစ်သည့် ဂျွမ်းဗလီသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗုဒ္ဓဟူးနေ့တွင် လာရောက်လည်ပတ်ခဲ့ပြီး ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ၎င်း၏ဇနီး ဒေါ်ကြူကြူလှတို့သည် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များနှင့် အတူ ၂၇-၂၈ လမ်းကြား နှင့် ၈၁-၈၂ လမ်းကြားရှိ ထိုဗလီသို့ လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး အလှူအတန်းအချို့လည်း ပြုလုပ်ခဲ့သည်ဟု ဗလီ၏ အုပ်ချုပ်မှုကော်မတီ နာယက ဒေါက်တာမောင်မောင်က Myanmar Now ကို ပြောသည်။
“သူနဲ့အတူ တခြားအလှူရှင်တွေလည်း ပါပါတယ်။ ဒီလိုနိုင်ငံ့အကြီးအကဲတစ်ယောက်က လာတယ်ဆိုတာ ကျွန်တော်တို့က ဝမ်းမြောက်ဝမ်းသာဖြစ်တာပေါ့” ဟု ဒေါက်တာမောင်မောင်က ဆိုသည်။
ထို့ပြင် “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်အနေနဲ့ ပထမဆုံးအကြိမ် လာတာလည်း ဖြစ်ပါတယ်၊ နောက် အထင်ကရဗလီကြီးလည်း ဖြစ်တယ်။ (ဘာသာရေးစာသင်) ကျောင်းကလေးလည်း ရှိတဲ့အတွက် လာတယ်လို့ ထင်ပါတယ်” ဟု ဒေါက်တာမောင်မောင်က ဆိုသည်။
အဆိုပါအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံအကျိုးအတွက် အားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြရန် တိုက်တွန်းသွားခဲ့သည်။
“မြန်မာနိုင်ငံရဲ့ အရိပ်အာဝါသအောက်မှာ နေကြပြီးတော့ မြန်မာနိုင်ငံမှာ လုပ်ကိုင်စားသောက် နေကြတဲ့သူတွေ ဖြစ်တဲ့အတွက် နိုင်ငံရဲ့ ကောင်းရာကောင်းကျိုးအားလုံးကို လုပ်ဖို့ တာဝန်ရှိတယ်” ဟု ပြောကြားကြောင်း ထိုအခမ်းအနားသို့ တက်ခွင့်ရခဲ့သူတစ်ဦးက ပေးပို့သော အသံဖိုင်တွင် တွေ့ရသည်။
ထို့ပြင် “ကျွန်တော်တို့ အားလုံးက လုပ်တဲ့ကိုင်တဲ့နေရာမှာ ကိုယ့်ဒေသကိုယ့်တိုင်းပြည် တိုးတက်အောင်လုပ်မယ်ဆိုတဲ့ တူညီတဲ့စိတ်ဓာတ်တွေနဲ့ ညီညီညွတ်ညွတ် လုပ်ဖို့လိုတယ်။ လုပ်စေချင်တဲ့အတွက်ကြောင့်လည်း ခင်ဗျားတို့ကို လာတွေ့တာပါ” ဟုလည်း ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။
အစ္စလာမ်ဘာသာရေးအဆောက်အအုံများသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ခြင်းမှာ ယခုရက်ပိုင်းအတွင်း ဒုတိယမြောက်ဖြစ်ပြီး ဩဂုတ် ၂၅ ရက်ကလည်း နေပြည်တော်၊ ပျဉ်းမနားရှိ၊ ဦးကျေး ဂျာမေ့ဗလီသို့ သွားရောက်၍လည်း မွတ်စလင်ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး အလှူအတန်း ပြုလုပ်ခဲ့သေးသည်။
ဂျွမ်းဗလီသည် အစ္စလာမ်သမိုင်းတွင် အထင်ကရဖြစ်ပြီး ကုန်းဘောင်ခေတ်၊ မင်းတုန်းမင်း၏ နောက်တော်ပါ တစ်ဦးဖြစ်သူ မွတ်စလင် ဦးဘိုးဆိုသူက ၁၈၆၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။
ဂျွမ်းဗလီဟူသည်မှာ ဘုရင်အပါအဝင် တိုင်းတစ်ပါးဧည့်သည်တော်များ လာလျှင် အတီးအကပွဲ၊ ရုပ်စုံပွဲ၊ ကျွမ်းထိုးပြရသည်များရှိရာ ယင်းအနက်မှ ကျွမ်းသမားမွတ်စလင်များ ဝတ်ပြုကိုးကွယ်ရန် ဆောက်လုပ်ခဲ့သည့်အတွက် ယခုကဲ့သို့ နာမည်တွင်ရခြင်းဖြစ်သည်ဟု မွတ်စလင် စာရေးဆရာ၊ ကျူရှင်ဆရာ ဦးအောင်အောင်သန်းက ဆိုသည်။
ဂျွမ်းဗလီသည်ဆိုသည်မှာ မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာရေးအသိုင်းအဝိုင်းတွင် ဩဇာကြီးသည့် ဗလီဖြစ်ပြီး တဗ်လီးဂ် ဂျမာအသ် (Tablighi Jamaat) ဟူသည့် ရှေးရိုးစွဲဝါဒီခေါ် အစ္စလာမ် ရှေးဟောင်းအယူဝါဒ ပြန်လည်ရှင်သန်အောင် ကြိုးပမ်းသူများ အများစုလွှမ်းမိုးသည့် ဗလီတစ်လုံးလည်း ဖြစ်သည်။
၂၀၁၄ ခုနှစ်က မန္တလေးတွင် ဘာသာရေးအဓိကရုဏ်းများဖြစ်စဉ်ကာလက အဆိုပါဗလီသို့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ပြီး ဗလီဆရာအပါအဝင် လူငါးဦးကို စုံစမ်းမေးမြန်းရန် ခေါ်ဆောင်သွားခဲ့သည်ဟု ဧရာဝတီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
မန္တလေးမြို့သို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မစိုးရိမ်ကျောင်းတိုက် အလယ်တိုက်ကြီးကျောင်းနှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများသို့လည်း သွားရောက်လည်ပတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။